0

ရန်ကုန်၊ မေ ၂၀

စားသုံးသူ ပြဿနာ ဖြေရှင်းနေစဉ် ကာလတွင် လုပ်ငန်းရှင်များ မထိခိုက်စေရန်အတွက် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေတွင် အချက်တစ်ချက် ထည့်သွင်း ရေးဆွဲထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ စားသုံးသူရေးရာ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောကြားသည်။

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ အခန်း (၅)၊ ပုဒ်မ(၆) ပါ စားသုံးသူများ၏ တာဝန်များအနက် စားသုံးသူ အငြင်းပွားမှုကို သက်ဆိုင်ရာမှ ဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်း များဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့် ဖြစ်စေ၊ သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ရမည်ဟူ၍ ဖော်ပြထားကြောင်း ၎င်းကဆိုသည်။

“ဒါက ဘယ်နိုင်ငံက စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေမှာမှ မပါရှိတဲ့ အချက်ပါ။ ဒီအချက်ကို ဘာလို့ ထည့်ထားလဲဆိုရင် စားသုံးသူကိစ္စ တစ်စုံတစ်ခု အငြင်းပွားနေချိန်မှာ မီဒီယာတွေကနေ မဖွနိုင်အောင်ပါ” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့တွင် အစိုးရက ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ထပ်မံရေးဆွဲမည့် နည်းဥပဒေအတွက် အကြံပြုချက်များ ပေးပို့နိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းတင့်က ပြောကြားသည်။

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအပေါ် ထောက်ပြလိုသည့် အချက်များ၊ နည်းဥပဒေတွင် ထည့်သွင်း ရေးဆွဲလိုသည့် အချက်များကို ဝေဖန်အကြုံပြုစေ လိုသည်ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

အစားအသောက်များနှင့် ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက်ကို မီဒီယာများသို့ ထုတ်ပြန်ရာတွင် ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဗဟိုဌာနသို့ အကြောင်းကြားပြီးမှသာ ထုတ်ပြန်ရမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင် ထုတ်ယူစဉ်က သဘောတူ လက်မှတ်ထိုးခဲ့ရကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။

“တစ်ခုခု စစ်ဆေးပြီး ရလဒ်ကို ထုတ်ပြန်မယ်ဆိုရင် FDA ကို အကြောင်း ကြားသင့်တယ်။ ဒါပေမဲ့ ဖြစ်စဉ်ဆိုရင် ဥပမာကွာ တစ်ခုခုစားမိလို့ ကလေးတွေ ဘာဖြစ်နေပါပြီ ဆိုရင်တော့ အဲဒါကို မီဒီယာကို ထုတ်ပြန်သင့်တယ်။ ဒါက စားသုံးရဲ့ အခွင့်အရေးပဲလေ” ဟု ဥပဒေပါအချက်နှင့် ပတ်သက်၍ ၎င်းကမှတ်ချက်ပြုသည်။

ထိုပြင် စားသုံးသူ အခွင့်အရေး ကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက် အချို့သည် ရှင်းရှင်းလင်းလင်း ဖြစ်သင့်သည်ဟု ၎င်းက ဝေဖန်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ပြည်တွင်း အချိုရည်တစ်မျိုးတွင် မှိုဆိပ်များ ပါဝင်သည်ဆိုသော သတင်းကြောင့် ပြည်တွင်း စားသုံးသူများအကြား အထိတ်တလန့် ဖြစ်ပွားခဲ့ရသည်။

ACM Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top