နေပြည်တော် မေ ၂ဝ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်တို့ လိုက်ပါ၍ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်း တပ်နယ် ဦးအောင်ဇေယျ ခန်းမတွင် တပ်နယ်မှ အရာရှိ/ စစ်သည်/ မိသားစု များအား တွေ့ဆုံ အမှာစကား ပြောကြားသည်။
ရှေးဦးစွာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက စစ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်း ပြောကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် တပ်မတော် သားများသည် အသက်ခန္ဓာ စွန့်လွှတ် ပေးဆပ်ရမှု များစွာဖြင့် တာဝန် ထမ်းဆောင် ရမည်ကို သိရှိသော်လည်း မိမိသဘောဆန္ဒ အလျောက် တပ်မတော်သို့ ဝင်ရောက်သူများ ဖြစ်ကြောင်း၊ တပ်မတော်သို့ စတင် ဝင်ရောက် စဉ်ကပင် နိုင်ငံတော် အတွက် အသက်ခန္ဓာ စွန့်လွှတ်ရန် အလံကိုင်ကျမ်းကျိန်သစ္စာဆိုရ သကဲ့သို့ နေ့စဉ်သစ္စာ အဓိဋ္ဌာန် လေးချက်ကို ရွတ်ဆိုနေသူများဖြစ်၍ ယင်းသို့ ကျမ်းသစ္စာ ကျိန်ဆို တာဝန်ထမ်းဆောင် နေသူများသည် ဥပဒေအား လေးစား လိုက်နာသူ၊ စည်းကမ်း ကောင်းမွန်သူများ ဖြစ်ရန် လိုကြောင်း၊
ယနေ့ ခေတ်မီ တပ်မတော် တစ်ရပ်ဖြစ်ရန် အခြေခံ လိုအပ်ချက် ဖြစ်သည့် စစ်သည်များ ပညာရည် မြင့်မားရေး အတွက် စစ်သည် တစ်ဦးချင်း ဥာဏ်မီ သလောက် ပညာ သင်ကြားနိုင်ရန် စီမံဆောင်ရွက် ပေးနေကြောင်း၊ အလားတူ မိသားစုဝင် သားသမီးများ၏ ပညာရည်မြင့် မားရေး အတွက်လည်း မူကြိုမှ တက္ကသိုလ် အဆင့်ထိ ပညာ သင်ကြားနိုင်ရေး ဆောင်ရွက် ပေးနေကြောင်း၊ စာမေးပွဲ အောင်ရုံသာ မဟုတ်ဘဲ အမှန်တကယ် စာတတ်မြောက်စေရန် ကျောင်းသား၊ ဆရာ၊ မိဘနှင့် တာဝန်ရှိ သူများ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊
မိမိတို့၏ သားသမီးများအား စာတတ်မြောက် ရုံသာမက လိမ္မာယဉ်ကျေးသည့် လူချွန်လူ ကောင်းများ ဖြစ်အောင် ပြုစုပျိုးထောင် ပေးရန်လိုကြောင်း၊ တပ်မတော်၏ အဓိက တာဝန်ဖြစ်သော ကာကွယ်ရေး စွမ်းပကား ရှိစေရန်လည်း ခေါင်းဆောင်၏ ညီညွတ်မျှတသော အုပ်ချုပ်မှု၊ ကောင်းမွန်သော အုပ်ချုပ် ထောက်ပံ့ မှုများရှိ ရန်လည်း လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။
အမှာစကား ပြောကြား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အရာရှိ/ စစ်သည်/ မိသားစု များအတွက် လက်ဆောင် ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးမှ လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှက တပ်နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းများ အတွက် ရန်ပုံငွေ ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးမှ လည်းကောင်း အသီးသီး လက်ခံရယူသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေး စကား ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။
ACM Credit To:မြ၀တီ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment