0

ရန်ကုန်၊ မေ ၁၂

မြန်မာနိုင်ငံတွင် အထက်တန်း ကျောင်းသားများ သိပ္ပံပညာ လေ့လာမှု အားကောင်းလာစေရန်အတွက် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ကာ အထက်တန်းပြ ဆရာများကို သိပ္ပံဘာသာရပ် (ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) ဆိုင်ရာ လက်တွေ့ဓာတ်ခွဲခန်း သင်တန်းများ သင်ကြားပေးမည် ဖြစ်ကြောင်း အဆိုပါ သင်တန်းပေးခြင်းကို စီစဉ်သူ ပါမောက္ခ ဒေါက်တာဇေယျာဦးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံပညာ အထက်တန်းကျောင်းများတွင် လက်တွေ့ သင်တန်းကို ထိရောက်စွာ သင်ကြားပေးနိုင်မှု မရှိသေးသည့်အတွက် ကျောင်းသား လူငယ်များအကြား သိပ္ပံပညာ လေ့လာမှု အားနည်းနေသည်ကို တွေ့ရှိရကြောင်း၊ သိပ္ပံဘာသာရပ် လက်တွေ့သင်တန်းများကို နဝမတန်း၊ ဒသမတန်း ကျောင်းသားများ တတ်မြောက်စေရန်အတွက် အခြေခံပညာ ကျောင်းများမှ အထက်တန်းပြ ဆရာ၊ ဆရာမများကို သင်တန်းပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဒေါက်တာဇေယျာဦးက ရှင်းလင်း ပြောကြားသည်။

သိပ္ပံဘာသာရပ်အတွက် လက်တွေ့ဓာတ်ခွဲခန်း သင်တန်းများ ပေးနိုင်ရန် စီမံချက်များ ရေးဆွဲနေပြီး အဆိုပါ သင်တန်းအတွက် Proposal ကို ပညာရေး ဝန်ကြီးဌာနကို တင်ပြကာ အတည်ပြုချက် ရယူမည် ဖြစ်ကြောင်း၊ ပညာရေး ဝန်ကြီးက ခွင့်ပြုပါက ၂၀၁၄ ဒီဇင်ဘာလတွင် သိပ္ပံဘာသာရပ် အတွက် လက်တွေ့ ဓာတ်ခွဲခန်း သင်တန်းကို စတင်ပေးနိုင်ဖွယ် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“နိုင်ငံတကာ တက္ကသိုလ်တွေမှာ တက္ကသိုလ် ကျောင်းသားတွေ လက်တွေ့ကို ဆရာ ဦးဆောင်စရာ မလိုဘဲ ကိုယ်တိုင် လုပ်နိုင်နေပြီ။ မြန်မာနိုင်ငံမှာက လက်တွေ့ သင်ခဲ့တာတွေ အားနည်းနေသေးတာကို တော်တော်လေး တွေ့ရတယ်” ဟု ၎င်းက သုံးသပ် ပြောကြားသည်။

ယင်းလက်တွေ့သင်တန်း ပေးနိုင်ရေးအတွက် စာသင်ကျောင်းများတွင် လက်တွေ့ ဓာတ်ခွဲခန်းသုံးပစ္စည်း ဖြည့်ဆည်းနိုင်ရန်၊ ရန်ပုံငွေ ရှာဖွေရန်၊ ကျွမ်းကျင်သည့် သင်တန်းဆရာများ မွေးမြူပေးရန်တို့အတွက် ကြိုးပမ်းလျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။

“ပညာရေး ဝန်ကြီးဌာနကလည်း လက်တွေ့ရော၊ သင်ခန်းစာနဲ့ ပတ်သက်တာကိုရော နှစ်တိုင်းနီးပါး ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေ သုံးပြီး ဆရာ၊ ဆရာမတွေကို သင်တန်းပေးနေတာတွေ ရှိသလို ကျောင်းသားတွေကိုလည်း သေချာ သင်ပေးနေပါတယ်။ ခုလို သင်တန်းတွေ ထပ်ပေးမယ် ဆိုတော့ ပိုတတ်တာပေါ့” ဟု ကညွတ်ကွင်းမြို့မှ အထက်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။

လက်တွေ့ဓာတ်ခွဲခန်း သင်တန်းများကို သင်တန်းကာလအားဖြင့် တစ်လပေးရန် ရည်ရွယ်ထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် သင်တန်းပေးရန် နှစ်နှစ်ခန့် ကြာမြင့်ဖွယ် ရှိကြောင်း ၎င်းက ပြောကြားသည်။

လတ်တလောတွင် တောင်ငူခရိုင် ဖြူးမြို့နယ်အတွင်းရှိ ကညွတ်ကွင်းမြို့တွင် ပထမဆုံးအကြိမ် ကွန်ပျူတာ အခြေပြု ဓာတုဗေဒနှင့် ရူပဗေဒ လက်တွေ့ အသုံးချခြင်း သင်တန်းကို စတင် ပေးနေပြီ ဖြစ်ကြောင်း၊ ယင်းသင်တန်းသို့ တောင်ငူခရိုင် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ဓာတုဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်သင် ဆရာ၊ ဆရာမ ၄၀ ကျော် တက်ရောက်ပြီး မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ သင်တန်းပေးမည် ဖြစ်ကြောင်း အဆိုပါသင်တန်း ဖြစ်မြောက်ရေးကို ဆောင်ရွက်သူ ရောင်နီဦးကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ဝင်းက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ (ယခုနှစ်ဆန်း) မှ စ၍ လက်တွေ့ဓာတ်ခွဲခန်း သင်တန်းများ ပေးလျက် ရှိကြောင်း ဒေါက်တာဇေယျာဦးက ရှင်းပြသည်။

Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top