ရန်ကုန်၊ACM Re-Post 26-5-2014
မြန်မာနိုင်ငံ ကျောင်းသား၊ ကျောင်းသူများအနေနှင့် အာဆီယံဒေသတွင်း နိုင်ငံများနှင့် တက္ကသိုလ်ပြောင်းရွှေ့ တက်ရောက်နိုင်ရန် Credit Transfer စနစ် အကောင်အထည် ဖော်ရေးအတွက် အရည်အသွေး အာမခံနိုင်ရန် အမျိုးသားပညာရေး ဥပဒေသည် ဒီမိုကရေစီနည်းကျ ဖြစ်ရန် လိုအပ်ကြောင်း ပြည်တွင်းရှိ ပညာရေး ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်နေသူ အချို့က The Voice သို့ ပြောကြားသည်။
အာဆီယံဒေသတွင်း နိုင်ငံများအပြင် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့ တက်ရောက်ခွင့် အရည်အသွေးဆိုင်ရာ အာမခံချက် ရှိလာရေး အဖွဲ့အစည်း၊ ဒေသတွင်း၊ အာဆီယံဒေသတွင်း အာမခံချက်များအတွက် စွမ်းရည် ရှိလာစေရန် လိုအပ်ကြောင်း၊ အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အဖွဲ့အစည်းမှ Dr. Sauwakon Ratanawijitrasin က Credit Transfer စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အရည်အသွေး အာမခံမှုများနှင့် ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် မေလ ၂၆ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားသည်။
“သူတို့ လက်ခံနိုင်ဖို့ အတွက်ကတော့ အရည်အချင်း ရှိဖို့ လိုတယ်” ဟု အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။
အမျိုးသားပညာရေး ဥပဒေကြမ်းကို လက်ရှိတွင် ပြည်တွင်းရှိ ကျောင်းသား အဖွဲ့အစည်းနှင့် ကျန်အရပ်ဘက် အဖွဲ့အစည်းများက ကန့်ကွက်မှုများ ရှိနေသော်လည်း လာမည့် ၂၈ ရက်တွင် ပြန်လည် ကျင်းပမည့် ဆယ့်တစ်ကြိမ်မြောက် လွှတ်တော် အစည်းအဝေး၊ အမျိုးသားလွှတ်တော်တွင် ထပ်မံ ဆွေးနွေးသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ဒေါက်တာစိုးဝင်းဦးက Credit Transfer စနစ် အကောင်အထည်ဖော်မည် ဆိုပါက ကောင်းမွန်သော်လည်း ရေရှည် အကောင်အထည်ဖော်နိုင်မှ ကျောင်းသားအတွက် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ ယခု လွှတ်တော် တင်သွင်းထားသည့် အမျိုးသားပညာရေး ဥပဒေကြမ်းသည် ကျောင်းသား၊ မိဘ၊ ဆရာ၊ အပါအဝင် အရပ်ဘက် အဖွဲ့အစည်း အားလုံး သဘောတူရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီ နည်းမကျသော အမျိုးသားပညာရေး ဥပဒေ ဖြစ်ပါက အရည်အသွေး အာမခံချက်ကို လုပ်ဆောင်ရန် မသင့်သေးကြောင်း The Voice သို့ ပြောကြားသည်။
ပြည်၊ တောင်ငူ၊ မန္တလေးတို့တွင် အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒဖော်ထုတ်နေသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က “အမျိုးသားပညာရေး ဥပဒေမူကြမ်းမှာ သင်ကြားမှုဆိုင်ရာ၊ တတ်မြောက်မှုဆိုင်ရာ ဖော်ပြချက်တွေမှာ မဆလ ခေတ်ကတည်းက ဖော်ပြခဲ့တဲ့ စာရွက်ပေါ်က မူဝါဒတွေသာ ဖော်ပြထားပါတယ်” ဟု ပြောဆိုသည်။
(နေဇာကျော်)
Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment