0

မိုးမိတ်ACM Re-Post 31-5-2014

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် အောက်ပိုင်းဒေသ ကြိမ်တောကျေးရွာတွင် ရှိသော လယ်လုပ်တောင်သူများမှာ လယ်ယာ
မှတ်ပုံတင်ရရှိရေးအတွက် လယ်ယာ မှတ်ပုံတင်ကြေးကို သတ်မှတ်ဥပဒေကြေးထက် ပိုပေးနေရကြောင်းသိရှိရသည်။

မိုးမိတ်မြို့နယ် မြေစာရင်းဌာနမှမြေတိုင်းစာရေးအား လယ်တစ်ဧကလျှင် ငွေကျပ်ခုနှစ်ထောင့်ငါးရာ ပေးရသောကြောင့် မတရားအဓမ္မ
လုပ်ရပ်သာဖြစ်ကြောင်း ငွေမပေး၍ လယ်ယာမှတ်ပုံတင် မလုပ်နိုင်သေးသူ တောင်သူဦးစိန်မှ ပြောသည်။

“ကျွန်တော်တို့ရွာမှာ တောင်သူတွေ လယ်ယာမှတ်ပုံတင်ရဘို့ မြေတိုင်းစာရေးကို လယ်တစ်ဧက ငွေခုနှစ်ထောင်ငါးရာ ပေးနေရတယ်၊
လယ်ဧက နည်းသူတော့ ပေးလုပ်ကြတယ်။ ဧကများတဲ့သူတွေက မပေးနိုင်ဘူးလေ။ တကယ်တမ်း မြေဥပဒေမှာ လယ်ယာမှတ်ပုံတင်ကြေးက
ကျပ် ငါးရာပဲ တရားဝင်ချမှတ်ပြဌာန်းထားတာတွေ့ရတယ်၊ မြေတိုင်းက မတရား တောင်းနေပါတယ်။ ဒါကြောင့် မပေးနိုင်ဘူး။
ဥပဒေအတိုင်းပဲပေးနိုင်မယ်။ ဒီလိုမတရားလုပ်နေတဲ့ အကျင့်ပျက် ၀န်ထမ်းတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူပေးရမှာဖြစ်ပါတယ် ” ဟု
ငွေမပေးနိုင်သူ သူတောင်သူဦးစိန် မှ ဆိုခဲ့သည်။

ကြိမ်တောကျေးရွာတွင် တာဝန်ကျသူ မြေတိုင်းစာရေးမှာ မိုးမိတ်မြို့နယ်၊ မြေစာရင်းဌာနမှ မြေတိုင်းကျော်ကျော်ထွန်းဆိုသူဖြစ်ကြောင်း၊
လယ်ယာမှတ်ပုံတင်ပုံစံ(၇) ရရန် တောင်သူများထံမှ လယ်တစ်ဧကလျှင်ငွေခုနှစ်ထောင့်ငါးရာကျပ် တောင်းယူကြောင်းသိရှိရသည်။
၎င်းပုံစံ(၇)မရခင် တောင်သူများထံမှ အဆိုပါမြေတိုင်းအား ငွေကြိုပေးထားရကြောင်း၊ ငွေကြိုပေးပြီးအချိန်ကာလကြာ စောင့်ဆိုင်းပေးနေရ
သည်လည်းရှိနေကြောင်းသိရသည်။

လယ်ယာမှတ်ပုံတင်ရရန်ပြုလုပ်ရာတွင် ခက်ခဲကြန့်ကြာမှု ကြုံတွေ့နေရကြောင်း၊ တစ်ချို့တောင်သူများမှာ လယ်ယာမှတ်ပုံတင် လုပ်ရမှန်း
မသိသူများလည်းရှိနေ၍ သက်ဆိုင်ရာ အာဏာပိုင်နှင့် ရုံးဌာန၀န်ထမ်းများက လယ်မြေများကို ဥပဒေနှင့် ခြိမ်းခြောက်သိမ်းယူမှုများရှိနေသည့်
အဖြစ်များကြောင့် တောင်သူများ လယ်လုပ်မဲ့ဘ၀သို့ ရောက်ရှိနေသည်များ ရှိနေကြောင်း သိရှိရသည်။

နိုင်ငံတော်မှ၂၀၁၂ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော မြေယာဥပဒေအသစ်ပြဌာန်းချက်မှာ တောင်သူများအား လယ်ယာမှတ်ပုံတင်လုပ်ပေးရန်
ငွေကျပ်ငါးရာသာ ကုန်ကျ ရမည်ဟု ပြဆိုထားသည်။

အထက်ပါအကြောင်းအရာနှင့်ပါက်သက်၍ ကြိမ်တောကျေးရွာအုပ်ချုပ်ရေးမှုးဦးမြင့်ဝင်းအားမေးမြန်းခဲ့ရာတွင် “တောင်သူတွေ ပုံစံ(၇)ရဘို့
အတွက် သတ်မှတ်ထားတဲ့ ဥပဒေကြေး ငါးရာပဲကုန်ကျပါတယ်။ မြေတိုင်းကို ငွေအများကြီး ပေးရတာတော့ မမြင်ပါဘူး။ ကျွန်တော် ကိုယ်တိုင်
ကူညီဆောင်ရွက်ပေးနေတာပဲလေ” ဟု ပြောခဲ့သည်။

မိုးမိတ်မြို့နယ်တောင်သူလယ်သမားအရေးနှင့် ပတ်သက်ပြီး လယ်ယာ မြေကွန်ယက်အဖွဲ့နှင့် ချိတ်ဆက် ကူညီဆောင်ရွက်ပေးသူ ကိုဝင်းမြင့်မှ
“ကြားသိရတာတော့ မိုးမိတ်မြေတိုင်း ကျော်ကျော်ထွန်းဆိုသူက တောင်သူတွေဆီကနေ တစ်ဧကကိုငွေခုနှစ်ထောင့်ငါးရာနှုန်းနဲ့ တောင်းပြီး
လုပ်ပေးနေတယ်လို့သိရတယ်။ ဒါဟာမတရားအနိုင်ကျင့် ငွေတောင်းတာပါ။ နိုင်ငံတော်က ချမှတ်ပြဌာန်းဥပဒေကို ချိုးဖောက်တာပါပဲ။
ဒီ နိုင်ငံမှာ အကျင့်ပျက်ဝန်ထမ်းတွေကို ထိရောက်အောင်အရေးယူဖို့ ဥပဒေမရှိဘူး။ ပြည်သူတွေကို ဘယ်လို အနိုင်ကျင့်ရမလဲ ဆိုတဲ့ ဥပဒေပဲရှိပါတယ်။
ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ တရားဥပဒေအတိုင်း ကူည်ီဖေါ်ထုတ်သွားမှာပါ”ဟု ဆိုခဲ့သည်။
အဆိုပါကြိမ်တောကျေးရွာတွင်လယ်ယာမြေပြဿနာ အငြင်းပွားမှုများ မကြာခဏထွက်ပေါ်လျှက်ရှိရာ အရင်ကြွင်းကျန် အာဏာရှင်အုပ်ချုပ်ပုံများ
ရှိနေခြင်းကြောင့်သာ ဖြစ်သည် ဟု မိုးမိတ်မြို့ရှိ နိုင်ငံရေး လေ့လာသူ အသိုင်းအ၀ိုင်းမှ သုံးသပ်ပြောဆိုခဲ့သည်။

ထွန်းထွန်း။

Aye Chan Mon Credit To: http://www.mmanewsagency.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top