ACM Re-Post 30-5-2014
(အငြိမ်းစားကျောင်းဆရာတစ်ဦး)
မကြာမီ ကျောင်းများပြန်ဖွင့်တော့မည် ဖြစ်သည်။ အစိုးရ ပြောထားသည့် အထဲတွင် ကျောင်းသုံးစာအုပ်များ အခမဲ့ပေးမည်။ မသင်မနေရ ပညာရေးစနစ်ကို အလယ်တန်း အဆင့်အထိ အကောင်အထည် ဖော်မည်။ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်ရမည် စသည့် ရွှမ်းရွှမ်းဝေ စကားသံများ ကြားနေရသည်။
ကျွန်တော်သည် နှစ်ပေါင်း နှစ်ဆယ်ကျော် ပညာရေးဌာနတွင် အမှုထမ်းခဲ့သူ ဖြစ်သောကြောင့် အပြောတစ်မျိုး အလုပ်တစ်မျိုးတွေကို ကြုံတွေ့ဖန် များခဲ့သဖြင့် တစ်ခုခု ပြောလိုက်တိုင်း အကောင်အထည် မပေါ်တတ်ကြောင်း၊ အကောင်အထည် ပေါ်လျှင်လည်း ဖော်ရှိုး (for show) တွေက များနေကြောင်း ကောင်းကောင်း သိသောကြောင့် အပြည့်အဝ မယုံရဲပေ။ အထက်ကမသိ၊ အောက်က ဖိ၊ မရှိသည့်ကြား၊ ယိုပေါက်တွေများသည့် နေရာတွေကို လိုက်မပိတ် နိုင်သေးသောကြောင့် ပညာရေးဌာနတွင် အရှက်ရစရာတွေက များလှသည်။
မကြာသေးမီက ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ယောက် ကျွန်တော့်ကို လာတွေ့သည်။ ဘွဲ့ရပြီး ကတည်းက တစ်ကြိမ်နှစ်ကြိမ်သာ တွေ့ကြပြီး ကျွန်တော့်ကို ကျောင်းဆရာမှန်း သိသောကြောင့် သိပ်အထင်မကြီး။ နောက်ပိုင်း လမ်းတွေ့လျှင်တောင် ခပ်ရှောင်ရှောင် နေခဲ့သူ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သူသည် လုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်ပြီး အလွန်ချမ်းသာ နေသောကြောင့် ဖြစ်သည်။
တစ်နေ့သူက ဘယ်ကနေ ကျွန်တော့် ဖုန်းနံပါတ်ကို ရလာသည်မသိ။ ကျွန်တော်နှင့် တွေ့ပြီး စကားပြောချင်ကြောင်း ဆိုလာသည်။ ကျွန်တော်တို့ မြို့ထဲရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် တွေ့ကြသည်။ သူက ကျွန်တော့်ကို လိုလားစွာ အရေးတယူ စကားဦးတွေ သန်းပြီးမှ “... ကျောင်းက ဆရာကြီးကို သိတယ် မဟုတ်လား” ဟု စကားစလာသည်။ သူပြောသည့် ဆရာကြီး ဆိုသူကို ကျွန်တော် ကောင်းစွာသိသည်။ ကျွန်တော်နှင့် ဘီအီးဒီ တစ်နှစ်တည်းဆင်း ဖြစ်သည်။ အတိုချုပ်ရလျှင် ကျွန်တော့်မိတ်ဆွေက သူ့မြေးလေးကို ထိုကျောင်းတွင် ကျောင်းအပ်ခိုင်းခြင်း ဖြစ်သည်။
နယ်ကျော် ကျောင်းဖြစ်နေသဖြင့် အပ်ရန်မလွယ်။ ကျောင်းအပ်ကြေးတွေက သိန်းဆယ်ဂဏန်းအထိ ပါးစပ်ထဲ ဈေးဖြစ်နေသည့် အပြင်၊ ပိုက်ဆံပေးပါမည် ဆိုသည့်တိုင်အောင် ကျောင်းအပ်ရန် မလွယ်သည့် အဖြစ်ကြောင့် သူ့မြေးကို ကျွန်တော့်အား ကျောင်းအပ်ခိုင်းနေခြင်း ဖြစ်သည်။ ကျွန်တော်နှင့် ထိုကျောင်းအုပ် ဆရာကြီး ဆိုသူသည် ဘီအီးဒီ တက်စဉ်က တစ်ခန်းတည်း နေခဲ့သူများ ဖြစ်သည်။ သူယခု ရန်ကုန်ရှိ နာမည်ကြီး ကျောင်းတစ်ကျောင်းတွင် ကျောင်းအုပ် ဆရာကြီး လာဖြစ်နေမှန်းလည်း ယခု သူပြောမှ သိရသည်။ ကျွန်တော်တို့ အဆက်အစပ် မရှိသည်မှာ ဆယ်နှစ်ကျော်လောက် ရှိသွားပြီ။
ကျွန်တော်နှင့် ထိုကျောင်းအုပ်တို့ ခင်မင်ခဲ့ကြောင်းကို သူဘယ်ကနေ ဘယ်လို သိခဲ့မှန်းလည်း မဆိုနိုင်။ ကျွန်တော်ကလည်း ထိုအကြောင်း စိတ်မဝင်စား။ ရန်ကုန်တွင် ကျောင်းအပ်ကြေး ဆယ် သိန်းခန့် ပေါက်နေသည် ဆိုခြင်းကိုသာ စိတ်ဝင်စားနေမိသည်။
ကျွန်တော်တို့ ဘီအီးဒီ တက်စဉ်က ကျောင်းစားသောက်တန်းတွင် ထိုင်ပြီး လက်ဖက်ရည် သောက်နေစဉ် ထိုအချိန်က နာမည်ကြီး ရုပ်ရှင်မင်းသား တစ်ယောက်သည် စားသောက်တန်းဝင်းထဲသို့ ဟိုင်းလက်စ်ကားတစ်စီး မောင်းဝင်လာသည်။ ကားပေါ်တွင် ရေခဲသေတ္တာ တစ်လုံး၊ တီဗီကြီးတစ်လုံးကို တင်ထားသည်။ ကျွန်တော်က ကျောင်းလာတာ ဘာကြောင့် တီဗီတွေ၊ ရေခဲသေတ္တာတွေ တင်လာသည်ကို သဘောမပေါက်။ နောက်မှ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က “အဲဒါ ဆရာမကြီးကို ကန်တော့ဖို့လေ။ သူ့အိမ်မှာ လာကန်တော့တဲ့ ကားတွေ တန်းစီနေတာ ကားရပ်စရာ နေရာမရှိလို့ ဒီအထဲ လာရပ်ထားတာ။ ကျောင်းဖွင့်တော့မယ် ဆိုတော့ ကျောင်းလာအပ် ကြတာလေ” ဆိုသည့် ရန်ကုန်မြို့ပြ လူနေမှု ကျောင်းအပ်ပုံစနစ်ကို ကျွန်တော် အံ့အားသင့်မိသည်။
နောက်ပိုင်းမှ သိရသည်မှာ နာမည်ကြီး ကျောင်းတစ်ကျောင်းတွင် ကျောင်းအုပ် ဖြစ်ရေးအတွက် ပေါက်ဈေး၊ ထိုပေါက်ဈေးအတိုင်း အကုန်အကျ ခံနိုင်ခဲ့လျှင် တစ်နှစ်အတွင်း အရင်းကျေသည့်အပြင် အမြတ်ပင် ပြန်ရနိုင်သည် ဆိုသော ခေါ်ဈေး၊ ကျောင်းအုပ် ဖြစ်လာလျှင် ကိုယ်တိုင် လက်ရဲဇက်ရဲနှင့် တောင်းရဲသော သူတွေကတောင်း၊ မတောင်းရဲသော သူတွေကလည်း ပွဲစားကတစ်ဆင့် ဝေစားမျှစား လုပ်စားနေကြသည်ဆိုသော ပွဲဈေး၊ တစ်နှစ်ထက်တစ်နှစ် ကျောင်းဝင်ကြေးတွေက မြင့်တက် လာသောကြောင့် ဆိုင်ရာဈေး၊ ပိုင်ရာဈေး၊ ခေါ်ဈေး၊ တောင်းဈေး၊ နားလည်မှုဈေး စသည့် ဈေးအမျိုးမျိုးနှင့် အစိုးရကျောင်း ထားသော မိဘများပင် ကျောင်းကောင်းကောင်း ရရေးကို သောက ပွားနေကြရသည်။
ကျောင်းကောင်းကောင်းဟု သူတို့ ပြောနေကြသည်မှာ အဘယ်သို့သော ကျောင်းမျိုး ဖြစ်သောကြောင့်နည်းဟု ပြန်ပြီးသုံးသပ်မိသည်။ အစိုးရ သတ်မှတ်ထားသော ပြဋ္ဌာန်းစာအုပ်တွေကိုသာ သင်သည်။ သို့သော် နာမည်ကြီးဘွဲ့ခံ ကျောင်းတွေက ဆယ်တန်းကို ဂုဏ်ထူးတွေနှင့် အောင်သည်ဟု သတင်းကြီးသည်။ သို့သော် မိဘတွေက မိမိတို့ သားသမီးများကို ဂုဏ်ထူးတွေ တစ်သီကြီးရရန် နောက်ကွယ်က အားထုတ်ပေးမှု တွေကိုတော့ လူသိနည်းလှသည်။
နာမည်ကြီး ကျောင်းတွေလည်း ကျူရှင်မကင်း ဘာသာရပ် ဆရာတွေက ပြန်ပြီးသင်သည့် ကျူရှင်တွေကိုလည်း မိမိတို့ သားသမီးများ မျက်နှာရစေရန် ပို့ကြရသည်။ ထို့ပြင် ဘာသာစုံကျူရှင် ကျောင်း၊ ပုဂ္ဂလိက ကျောင်းတွေကိုလည်း ကျိတ်ပုန်း ထားကြသည်။ ဆယ်တန်း စာမေးပွဲ နီးလာလျှင် အတန်းထဲ၌ ကျောင်းသား မရှိသည့် အဖြစ်မျိုးတွေကို ကျောင်းအုပ်တွေ၊ အတန်းပိုင်တွေက လျစ်လျူ ရှုထားရသည်များ ရှိသည်။ ဘာပြောပြော၊ ဘယ်မှာသင်သင် ကိုယ့်ကျောင်း အောင်ချက် ကောင်းမည် ဖြစ်သောကြောင့် မသိချင်ယောင်ဆောင်ပြီး နေသည့် ကျောင်းများလည်း ရှိသည်။
မြန်မာ့ပညာရေး စနစ်၏ ပြင်မရသေးသော အကျင့်များမှာ ကိုးတန်း စာမေးပွဲ ဖြေပြီးချိန်လောက် ကတည်းက တစ်နွေလုံး နွေသုံးလပြတ် ဆိုသည့် ဆယ်တန်းကျူရှင်ကို ဘာသာစုံဘော်ဒါ ကျောင်းများသို့ပို့ကာ သင်ကြားနေကြခြင်း ဖြစ်သည်။ ကျောင်းသားတွေက တစ်နွေလုံးလည်းသင်၊ တစ်မိုးလုံးလည်း သင်၊ တစ်ဆောင်းလုံးလည်းသင်၊ စာထဲတွင် ပျော်ဝင် နေကြရသည့် ဘဝကို မိဘနှင့် ဆရာတွေက ကျေနပ်နေကြရသည့် ပညာရေး ဖြစ်သည်။
နာမည်ကြီးကျောင်း ဆိုသည်မှာ ဘာနှင့်တိုင်းတာသနည်း။ လုပ်ချင်ရာလုပ် ခွင့်ပြုသောကြောင့်လား၊ ဂုဏ်တု ဂုဏ်ပြိုင်၍ ကောင်းသည့် ခတ်ကွင်း ဖြစ်နေသောကြောင့်လား၊ နားလည်မှုတွေ အရမ်းရယူနိုင်သော ကြောင့်လား၊ ဤ ကျောင်းထွက် ဆိုသည့် ဂုဏ်ကို လိုချင်လို့လား စသည့် သို့လောသို့လော အတွေးများကို တွေးစရာ ဖြစ်သည်။ သေချာသည်မှာ အပြိုင်အဆိုင်လုပြီး လာထားနေသည့် ကျောင်းကလည်း ဂုဏ်ထူးတွေ များပြီး မြန်မာပြည်တွင် ခေတ်စားနေသော ဆရာဝန်လိုင်း ဆိုသည့် ရွေးချယ်စရာကလွဲပြီး ဘာတစ်ခုမျှ ပိုလုပ်ပေးနိုင်မည် မဟုတ်ပါ။
နိဂုံးချုပ်ပါမည်။ ကျွန်တော် ထိုမိတ်ဆွေကို သူ့မြေးအတွက် ကျွန်တော့် သူငယ်ချင်း ကျောင်းအုပ်ထံ သွားပြော မပေးပါ။ ကျွန်တော့်သူငယ်ချင်း ဘာတွေ လုပ်နေသည်ကိုလည်း ကျွန်တော် စိတ်မဝင်စားပါ။
သို့သော် မြန်မာပြည်တွင် ကိုယ်ထားချင်သည့် ကျောင်းထားနိုင်ရေး အတွက် ငွေဆယ်သိန်းခန့်ကို အပေးအယူ လုပ်နေကြသည်ဆိုသော သတင်းကတော့ မြန်မာ့ပညာရေး၏ နှစ်ပေါင်းများစွာ အရိုးဆွေးနေသော ရိုက်စားခွင်ကို ယနေ့တိုင် မပြင်နိုင်သေး ဆိုသည်ကတော့ သေချာနေသည်။ သို့ပါလျက် မြန်မာ့ပညာရေးကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါသည် ဆိုသောသူများ၏ အသံကောင်း ဟစ်နေမှုကိုတော့ အံ့သြမိသည်။ သည်မိုးသည်လေသည် လူတွေနှင့် ပြုပြင်ပြောင်း လဲရေးကို သေအောင်အော်လည်း သည်တောင်ကိုတော့ ကျော်နိုင်မည်မထင်။ ရိုက်စားခွင်များ ဖန်တီး ပေးထားသော ပညာရေးဌာန ပလိုင်းပေါက်နှင့်၊ ရိုက်စားရဲသော ဖားကောက် နေသူများ ပညာရေး လောကတွင် ရှိနေသေးခြင်းကိုလည်း ပိုပြီး အံ့အားသင့်မိသည်။
(ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပြီး The Voice Daily ၏ အာဘော်မဟုတ်ပါ)
Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment