(ဆောင်းပါးရှင် - (ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်))
တက်တာနဲ့ကျတာက အမှန်ကတော့ ဆန့်ကျင်ဘက်စကားတွေ ဖြစ်တယ်။ သို့ပေမဲ့ အချိန်နေရာတွေမှာ တက်တာကောင်းပြီး အချို့နေရာတွေမှာ ကျတာကကောင်းတယ် ဆိုတာကို အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း သုံးသပ်နိုင်ကြစေဖို့ အခုဆောင်းပါးကို ရေးဖြစ်ပါတယ်။ တစ်ခါ အတက်မြန်ရင် အကျမြန်တယ် ဆိုတာလည်း ရှိပါတယ်။ ဒီဆောင်းပါးကို ဖတ်ရှုပြီး ကြောင်းကျိုးဆက်စပ်မှု သဘောတရားတွေကို ထင်ဟပ်သိမြင်နိုင်စေဖို့ ရည်ရွယ်ပါတယ်။
ဈေးနှုန်းသဘောတရားရဲ့ အတက်နဲ့အကျ
ကုန်ပစ္စည်းဈေးနှုန်းတွေ တက်လာရင် ၀ယ်ယူသူတွေက ငွေများများပေးပြီး ၀ယ်ကြရတယ်။ ငွေကြေးဖောင်းပွမှု အားကောင်းလာရင် ငွေများများပေးပါမှ ပစ္စည်းက အနည်းငယ်သာ ရရှိနိုင်တော့တယ်။ စာရေးသူမူလတန်း ကျောင်းသားဘ၀က မုန့်ဖိုးအဖြစ် တစ်ရက်ကို ၁၀ ပြားသာ ရပါတယ်။ ငါးပြားဖိုး မုန့်ဝယ်စားပြီး ငါးပြားကို စုနိုင်တယ်။ တက္ကသိုလ်တက်တော့ တစ်နှစ်ကို ငွေကျပ် ၅၀၀၀ က မကုန်ပါ။ ဒီကနေ့နဲ့ နှိုင်းစာရင် အဲဒီပမာဏက တစ်ရက်စာ ဈေးဖိုးလောက်သာ ရှိပါတယ်။ စာရေးသူ အလုပ်စ၀င်တော့ တစ်ရက်ကို ၄ ကျပ်နဲ့ ၇၅ ပြားနဲ့ တစ်လကို တစ်ရာကျော်သာ ရပေမယ့် အဲဒီအချိန်က ငါးကျပ်တန်တစ်ရွက်နဲ့ ဈေးသွားရင် ဈေးခြင်းတောင်းမှာ ကြက်သားပါ ပါလာစေတယ်။ ကန်စွန်းရွက်တစ်စည်းမှ ငါးပြား ၁၀ ပြားလောက်ပဲ ရှိပါတယ်။
ဒီကနေ့ ဆင်းရဲချမ်းသာ ကွာဟမှု များလာတဲ့အခါ တစ်ဖက်ကုန်ဈေးနှုန်းတွေ မြင့်လာတော့ တချို့နေရာတွေမှာ ထမင်းတစ်နပ်သာ စားကြရသူတွေ ရှိသလို ထမင်းရည်ကိုသာ သောက်နေရသူတွေပါ ရှိနေတာ ကြားသိရတော့ စိတ်မကောင်းဖြစ်မိတယ်။ စာရေးသူ သိရသလောက်က အညာဒေသက ငွေတွင်းနက်တယ်။ တစ်နေ့တာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပါမှ လုပ်ခငွေက အင်မတန်နည်းပါးတယ်။ လူတစ်ဦးချင်းရဲ့တစ်ရက်တာ၊ တစ်လတာ ၀င်ငွေက နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေကြရတဲ့ စားရေး၊ ၀တ်ရေးနဲ့ နေရေးပြဿနာ တွေကို မဖြေရှင်းနိုင်ရင် အဲဒီအတွက် တာဝန်ရှိသူတွေက နိုင်ငံကိုအုပ်ချုပ်တဲ့ အစိုးရတွေ ဖြစ်တယ်။ မိဘတွေက မိမိသားသမီးတွေရဲ့ စားရေးဝတ်ရေးနဲ့ နေရေးကို တာဝန်ယူကြရသလို နိုင်ငံအစိုးရတွေကလည်း မိမိနိုင်ငံသားတွေရဲ့ စားရေး၊ ၀တ်ရေးနဲ့ နေရေးတွေကို တာဝန်ယူကြရမှာ ဖြစ်ပါတယ်။ ငါနဲ့မဆိုင် ဆိုတာမျိုး လုပ်လို့မရဘဲ မိမိက အစိုးရအဖြစ် တာဝန်ယူချိန်မှာ မိမိနိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးအတွက် ဘာတွေလုပ်ဆောင်ပေးနိုင်သလဲ ဆိုတာက သမိုင်းမှတ်တိုင်အဖြစ် ကျန်ရစ်စေမှာ ဖြစ်ပါတယ်။
ဘယ်သူ့လက်ထက်မှာ နိုင်ငံသားတွေ ဆင်းရဲသွားတာ ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်ပြောခဲ့တဲ့နိုင်ငံ ဖြစ်သွားတယ်ဆိုတာမျိုး မဖြစ်စေလိုပါ။ မိမိတို့လက်ထက်မှာ မိမိနိုင်ငံသားတွေ စားရေးဝတ်ရေးနေရေး အဆင်ပြေသွားတယ်ဆိုတာက အစိုးရတိုင်းအတွက် သမိုင်းမှတ်တိုင်အဖြစ် စိုက်ထူနိုင်စေရမှာ ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းတွေ မတက်စေဘဲ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ဘာတွေကို ဘယ်လိုလုပ်ရမှာလဲ ဆိုတာတွေ သိနားလည်ဖို့ လိုအပ်တယ်။ ငွေကြေးဈေးကွက် သဘောတရားတွေကို နားလည်သဘောပေါက်ကြရမှာ ဖြစ်တယ်။ ယခင် နိုင်ငံစီးပွားရေးမှာ အစိုးရရဲ့ ၀င်ရောက်လုပ်ဆောင်မှုတွေကနေ ခရိုနီစီးပွားရေး ဖြစ်လာစေတယ်။ အာဏာရှိသူနဲ့ လူနည်းစု စီးပွားရေးသမားပေါင်းပြီး ခရိုနီစီးပွားရေး ဖြစ်စေတာက မိမိနိုင်ငံကို ဆင်းရဲတွင်းနက်စေတာ ဖြစ်တယ်။ အခု ဧပြီလကနေ စတင်ပြီး လျှပ်စစ်မီတာခတွေ တက်လာပြီး စီးပွားရေးသမားရဲ့ ဦးတည်ချက်က အမြတ်များများ ရရှိရေး ဖြစ်တာမို့ စီးပွားရေးသမား တစ်ယောက်က သူထုတ်လုပ်တဲ့ ကုန်ပစ္စည်းတစ်ခုအပေါ်မှာ သူပေးလိုက်ရတဲ့ ကုန်ကျစရိတ်တွေ အားလုံးကို ထည့်ပေါင်းပြီးမှ ဈေးနှုန်းသတ်မှတ်တာဖြစ်လို့ ဒီကနေ့ ကြော်ငြာစရိတ်တွေ၊ အာဏာရှိသူတွေကို လာဘ်ထိုးရတာတွေ အပါအ၀င် ကုန်ကျစရိတ်တွေ အားလုံးပေါင်းပြီးမှ အမြတ်တင်ကာ ဈေးနှုန်းသတ်မှတ်တာဖြစ်လို့ အဲဒီကုန်ကျစရိတ်တွေ အားလုံးကို အမှန်တကယ် ပေးရသူတွေက မိမိနိုင်ငံသား ပြည်သူလူထုတွေသာ ဖြစ်တယ်ဆိုတာ မြင်တတ်ဖို့လိုတယ်။
ဈေးနှုန်းအတက်အကျ သဘောတရားမှာ ရောင်းလိုအား Supply နဲ့ ၀ယ်လိုအား Demand သဘောတရားတွေကိုလည်း သိမြင်တတ်ဖို့ လိုတယ်။ စာရေးသူတို့ နိုင်ငံမှာ ဒီသဘောတရားတွေ နားမလည်တာကြောင့် ပြိုင်ဆိုင်ဈေးကွက် ဖြစ်စေရမယ့်အစား ရောင်းလိုအားကိုထိန်းတဲ့ ထိန်းချုပ်ဈေးကွက် ဖြစ်လာစေခဲ့တယ်။ ထိန်းချုပ်ဈေးကွက်မှာ အကျိုးအမြတ် ဖြစ်ထွန်းစေတာက လူနည်းစု အကျိုးအတွက် ဖြစ်တာကြောင့် လူအများစုက မိမိတို့ ၀ယ်လိုက်တဲ့ ပစ္စည်းတွေကို ၀ယ်ယူလို့မရဘဲ ဖြစ်သွားတယ်။ ဒါကြောင့် ဈေးနှုန်းသဘောတရားအရ အတက်နဲ့အကျမှာ ဈေးနှုန်းတွေ ကျဆင်းအောင်လုပ်တာက မိမိနိုင်ငံသားတွေအတွက် အကျိုးရှိနိုင်စေမှာ ဖြစ်တယ်။
နိုင်ငံတိုးတက်စေမှု သဘောတရားရဲ့ အတက်နဲ့အကျ
နိုင်ငံတွေမှာ တိုးတက်မှုရှိစေတာက ကောင်းတဲ့လက္ခဏာဖြစ်ပြီး နိုင်ငံကို စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အပါအ၀င် ဘက်စုံကျဆင်းစေတာက အနုတ်လက္ခဏာ ဆောင်စေတာ ဖြစ်တယ်။ စာရေးသူတို့နိုင်ငံက မြေပေါ်မြေအောက် သယံဇာတတွေ ပေါကြွယ်ဝတယ်ဆိုတာ လူတိုင်းသိထားတယ်။ သို့ပေမဲ့ အုပ်ချုပ်သူတွေရဲ့ တစ်ကိုယ်ကောင်းဆန် အတ္တများမှုတွေကြောင့် အဆင်းရဲဆုံးအဆင့် ရောက်သွားစေခဲ့တယ်။ ဟိုးယခင်က အရှေ့တောင်အာရှမှာ ထိပ်ဆုံးပိုင်းနေရာရှိခဲ့ ရပ်တည်နေခဲ့တဲ့ မြန်မာနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံ၊ အောက်တန်းအကျဆုံး နိုင်ငံဖြစ်အောင် လွဲမှားစွာ စီမံခန့်ခွဲ လုပ်ဆောင်ခဲ့ကြသူတွေက လူမှန်နေရာမှန် မဖြစ်စေဘဲ မော်တော်ကား မမောင်းတတ်သူကို ဒရိုင်ဘာနေရာမှာထားပြီး မော်တော်ကား မောင်းစေတာမျိုး လုပ်စေခဲ့ကြလို့ ဖြစ်တယ်။
အရက်၊ ဆေးလိပ်၊ ကွမ်းယာ မစားသုံးတတ်သူတွေကို စားသုံးအောင်လုပ်တာက လွယ်ကူတယ်။ သို့ပေမဲ့ အဲဒီအရက်၊ ဆေးလိပ်၊ ကွမ်းယာစွဲသွားသူတွေကို ပြတ်စေဖို့ကတော့ အချိန်ယူပြီး လုပ်ဆောင်ကြရတော့မှာ ဖြစ်တယ်။ အလားတူပါပဲ။ အစစအရာရာ ဘက်ပေါင်းစုံ တိုးတက်နေတဲ့ နိုင်ငံကို ဘက်ပေါင်းစုံ ကျဆင်းစေရာကနေ ပြန်လည်ကောင်းမွန် တိုးတက်လာအောင် လုပ်ဆောင်ဖို့က အချိန်ယူကြရမှာ ဖြစ်တယ်။
လူတစ်ဦးချင်းရဲ့စိတ်ဓာတ်ကို တိုးတက်ကောင်းမွန်လာအောင် ဦးစွာလုပ်ဆောင်ကြရမှာ ဖြစ်တယ်။ အ၀တ်အစားသာ ပြောင်းသွားတယ်။ စိတ်ဓာတ်တွေ မပြောင်းလဲရင်တော့ စာရေးသူတို့နိုင်ငံက မှန်ကန်တဲ့ တိုးတက်မှု ရရှိလာနိုင်မှာ မဟုတ်ဘဲ တိုးတက်ဆုတ်ယုတ်သွားစေမှာသာ ဖြစ်တယ်။ ဒါကြောင့် အတက်နဲ့အကျ သဘောတရားတွေကို မှန်ကန်စွာသုံးသပ်နိုင်ကြပြီး မိမိနိုင်ငံ မိမိလူမျိုးအတွက် ကမ္ဘာ့အလယ်မှာ တင့်တယ်ထည်ဝါ လာစေနိုင်ဖို့ တစ်ယောက်တစ်လက် တစ်တပ်တစ်အား ၀ိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်းပါ။
Aye Chan Mon# Credit To : Eleven Media Group
သတင်းအစုံကို https://www.facebook.com/
Post a Comment