Published on: May 5, 2014
Written by: မင်းသိန်းနိုင်
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက်ရှိ လုပ်သားမြို့တော်၊ လုပ်အားပေးအိမ်ရာ စီမံကိန်း တိုက်ခန်းများ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အိမ်လခတိုးတောင်းမည့် ကိစ္စအပေါ်တွင် နေထိုင်သူများက ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယင်းရပ်ကွက် ကောက်လျင်လမ်းရှိ မိုးကုတ်ဝိပဿနာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားအား လုပ်သားအိမ်ရာ တိုက်ခန်းများတွင် နေထိုင်နေကြသော လူတစ်ရာကျော် တက်ရောက်ခဲ့ကြပြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တို့လည်း တက်ရောက်ခဲ့သည်။
အဆိုပါ လုပ်သားမြို့တော် လုပ်အားပေးအိမ်ရာ စီမံကိန်းမှာ ၁၉၇၀ ခုနှစ်ခန့်မှ စတင်အကောင်အထည်ဖော် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်တိုက်တစ်ခန်းတွဲ တစ်ခန်းကို ၂၃ ကျပ် ၆၀ ပြား ပေးဆောင်နေရရာမှ ယခုအခါ ကျပ် ၆၀၀၀ သို့ လည်းကောင်း၊ တစ်ခန်းခွဲအကျယ်ရှိ တိုက်ခန်းတစ်ခန်းကိုမူ ယခင် ၂၇ ကျပ် ၅၀ ပြားမှကျပ် ၇၄၀၀ သို့ လည်းကောင်း၊ နှစ်ခန်းတွဲတစ်ခန်းကို ယခင်ကျပ် ၃၅ ပေးဆောင်ရခဲ့ရရာမှ ယခု ကျပ် ၈၀၀၀ သို့လည်းကောင်း အသီးသီးတိုးမြှင့် ပေးဆောင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာနမှ အကြောင်းကြားစာ ပေးပို့ထားကြောင်းလည်း သိရသည်။
အဆိုပါ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား ယင်းရပ်ကွက်နေ အလုပ်သမားအရာရှိ အငြိမ်းစားဖြစ်သူ ဦးတင်အောင်က “လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်က ကျွန်တော်တို့တွေ လုပ်အားပေးပြီးတော့ ယခင်ဆောက်လုပ်ရေး ၀န်ကြီးဌာနက နေထိုင်ခွင့်ပြုထားတဲ့ တိုက်ခန်းလေးတွေပါ။ ပြီးတော့ ၁၅ နှစ်၊ နှစ် ၂၀ လောက် အိမ်လခပေး နေထိုင်ပြီးလိုရှိရင် နေထိုင်တဲ့ တိုက်ခန်းကို အပိုင်ပေးမယ်လို့ ပြောခဲ့ပါသေးတယ်။ အဲဒီလို နေနေတဲ့ အချိန်မှာလည်း အိမ်ငှားလိုဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့ နေထိုင်မှု အခက်အခဲတွေကို အိမ်ရှင်ဖြစ်တဲ့ အိုးအိမ်ဦးစီးဌာနက လှည့်လို့တောင် မကြည့်ဘူး။ ဒါ့ပြင် အခုချိန်မှာ အိုးအိမ်က နေထိုင်သူတွေရဲ့ ဆန္ဒကို မကြည့်ဘဲ တဖက်သတ် အိမ်လခတွေကို တိုးမကောက်သင့်ဘူး” ဟု ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးသိန်းညွန့်က “ဒီနေ့ လူထုရဲ့ ဆုံးဖြတ်ချက်အတိုင်း လခတိုးတာကို ကန့်ကွက်တယ်။ ဒီဟာကို သူ့တို့ရဲ့ အိမ်ပိုင်ယာပိုင်အဖြစ် အသိအမှတ်ပြုစေဖို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးကို စာတင်မယ်။ NNDP ပါတီဥက္ကဋ္ဌ အနေနဲ့ သမ္မတကြီးကို စာတင်မယ်” ဟု မေ ၄ ရက်တွင် အခမ်းအနားပြုလုပ်ရာ ဓမ္မာရုံ၌ ပြောကြားခဲ့သည်။
ထို့ပြင် ယင်းကဲ့သို့စာတင်ပြီး မည်သို့မျှ မဆောင်ရွက်ပေးလျှင် လွှတ်တော်တွင် မေးခွန်းသော်လည်းကောင်း၊ အဆိုသော်လည်းကောင်း တင်သွင်းမည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက်ရှိ လုပ်သားမြို့တော် လုပ်အားပေးအိမ်ရာ စီမံကိန်းတွင် တိုက်ပေါင်း ၁၈၀ ရှိကြောင်း သိရသည်။
အိမ်လခတိုးမြင့်ကောက်ခံမည့် ကိစ္စနှင့် ပတ်သက်၍ ဦးသိန်းညွှန့်က ၎င်းဆောင်ရွက်ပေးမည့် အချက်များကို ရှင်းလင်းပြောကြားနေစဉ်
Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ မမေ့နဲ့နော်
Post a Comment