ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ရာဇာမင်း ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက်ရာမှာ သေဆုံးသွားသူ ၁၄ ဦးအတွက် အာမခံကုမ္ပဏီနဲ့ မြန်မာ့အာမခံလုပ်ငန်းက တစ်ဦးကို ကျပ် ၄၅ သိန်းစီ လျော်ကြေးပေးမယ်လို့ သိရပါတယ်။
သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရတဲ့ သူတွေကိုလည်း အများဆုံး ကျပ် ၂၄ သိန်းအထိ ပေးသွားမှာဖြစ်တယ်လို့ နေပြည်တော် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ ငွေလွှဲအပ်ပွဲ အခမ်းအနားမှာ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က လျော်ကြေးအကြောင်း အခုလို ပြောပါတယ်။
"တိမ်းမှောက်သွားတဲ့ ယာဉ်ပေါ်ပါ ခရီးသည်များအနက် သေဆုံးသွားတဲ့ ခရီးသည်တစ်ဦးဟာ ကျပ် ၄၅ သိန်းစီ ရရှိမှာဖြစ်ပါတယ်၊ သာမန်အားဖြင့် သူတပါးထိခိုက်မှု အာမခံနဲ့ အလုံးစုံမော်တော်ယာဉ် အာမခံထားရှိလို့ရှိရင် ၁၅ သိန်းသာ ရရှိမှာဖြစ်ပေမယ့်လည်း အခုအခါမှာ အထူးခရီးသွား အာမခံပါထားရှိတဲ့အတွက် လျှော်ကြေးငွေကျပ် ၃ဝ ထပ်ဆောင်းပါတယ်၊ မော်တောင်ယာဉ်နဲ့ ခရီးသွားလို့ရှိရင် အထူးခရီးသွား အာမခံဟာလည်း ထားရှိသင့်တဲ့ အမခံအမျိုးအစားဖြစ်ကြောင်း တင်ပြလိုပါတယ်၊ ထိခိုက်ဒဏ်ရာရသူအနေနဲ့လည်း ဆေးမှတ်တမ်းပေါ်မှာ မူတည်ပြီးတော့ ဒဏ်ရာရရှိမှု အနည်းအများအလိုက် အများဆုံး အာမခံလျှော်ကြေးငွေ ၂၄ သိန်း ရရှိမှာဖြစ်ပါတယ်"
ဒီနေ့ အခမ်းအနားမှာ အာမခံကုမ္ပဏီနဲ့ မြန်မာ့အာမခံလုပ်ငန်းက မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (အဝေးပြေး)ကို အာမခံလျော်ကြေး လွှဲအပ်တာဖြစ်ပါတယ်။ မထသ (အဝေးပြေး) က သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ပြီး လျော်ကြေးပေးမှာဖြစ်ပါတယ်။
မေလ ၁၂ ရက် ည ၇ နာရီလောက်က နေပြည်တော် - ရန်ကုန် အမြန်လမ်းမ မိုင်တိုင် အမှတ် ၁၉၇မှာ ရာဇာမင်း ခရီးသည်တင်ဘတ်စ်ကားဟာ အရှိန်မထိမ်းနိုင်ပဲ တံတားပေါ်က ပြုတ်ကျခဲ့ရာမှာ သေဆုံးသူ ၁၄ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၉ ဦးရှိပါတယ်။
Aye Chan Mon# Credit To :RFA Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment