“ဒီကောင် ကိုယ့်အလုံး၊ သူ့အလုံး မကွဲဘူး။”
အဖေက ပြောတော့ အံ့သြမိပါသည်။ အဖေက အိမ်မှာ ရှိခဲသည်။ ကျွန်တော်တို့ကလည်း မန္တလေးမှာ ကျောင်းတက်နေသည်။ ကျောင်းခဏ ပိတ်တုန်း အိမ်ပြန်တော့ အဖေနှင့်ဆုံရသည်။ အဖေက ပင်စင်ယူပြီးခါစ။
ရှားရှားပါးပါး ဆုံစည်းခိုက်၊ ရုပ်မြင်သံကြားမှ ဘောလုံးပွဲ ရှားရှားပါးပါး လာခိုက် ကျွန်တော်တို့ အတူကြည့်ကြပါသည်။ မြန်မာ့ဘောလုံး ငွေခေတ်ပါ။
ဘယ်ဘက်အစွန်က သန်းတိုးအောင်က ဟိုးညာဘက် ထောင့်ကန်ဘော ကန်ရာ အနီးရှိ မျိုးလှိုင်ဝင်းဆီ ဘောလုံးကို ခုတ်တင်ပေးလိုက်သည်။ ကွင်းလယ်ရှိ ၀င်းအောင်က ဘောလုံးကိုရှောင်ပေးလိုက်ပါသည်။ သို့သော် အခြားဘောလုံးသမားတစ်ဦး (နာမည် မပြောလိုပါ)က ဘောလုံးကို ဇွတ်ဝင်ဖမ်းသည်။ ဘောလုံးကို မထိန်းနိုင်ဘဲ ဂိုးလွန်ဘောဖြစ်သွားသည်။ ပရိသတ်ဆူသွားသည်။ အဖေကတော့ “ဒီကောင် ကိုယ့်အလုံး၊ သူ့အလုံး မကွဲဘူး။” ဟု မှတ်ချက်ပြုပါသည်။
“ကိုယ့်ပေးမပေး သိသာလို့လား ဖေဖေ။”
“သိတာပေါ့ကွ၊ ကိုယ့်ပေးရင် ကိုယ်ဖမ်းနိုင်တဲ့ အနေအထားပေးမှာပေါ့။ အခုဟာက အားနဲ့တင်လိုက်တာကို ဇွတ်ဝင်လုတာ။”
အဖေပြောတော့ ကျွန်တော်နားလည်သွားသည်။ ကိုယ့်အလုံး သူ့အလုံး ကွဲပါမှ ဟူသော အသိ၊ အတွေးလေး ၀င်လာပါသည်။
မန်ချက်စတာယူနိုက်တက် ခေတ်ကောင်းစဉ်က ကစားပုံကို ကြည့်၍ အဖေ့ကို သတိရမိပါသည်။ အချင်းချင်း စိတ်ချင်းဆက်ထားသလို သိကြသည်။ ညာဘက်အစွန်က ဒေးဗစ်ဘက်ခမ်းက တင်ပေးလိုက်သည်။ ကွင်းလယ်က ပေါစစိုးက ဘောလုံးကို ခွရှောင်လိုက်သည်။ ဘယ်စွန်က ရိုင်ယန်ဂစ်ဆီ ဘောလုံးက ကွက်တိ၊ သြော် ... ကိုယ်ကန်ရမှာလား ... မကန်ရဘူးလား၊ ခွဲသိကြသူတွေပါ။ ကျွန်တော်ကတော့ ကိုယ့်အလုပ် ဟုတ်မဟုတ်ကို ခွဲမသိဟု ၀န်ခံချင်ပါသည်။ ကျွန်တော်က စိတ်ဆန္ဒကို ဦးစားပေးလွန်းသူဖြစ်သည်။ လုပ်ချင်ရာ လုပ်တတ်သူ။
ကျွန်တော် မန်ချက်စတာယူနိုက်တက်နည်းပြကြီး ဖာဂူဆန်နှင့် ကစားသမားနှစ်ဦးကို သတိရမိသည်။ စီရော်နယ်ဒိုနှင့် ဟိုဆေးကလီဘာဆင် ပါ။ Cristiano Ronaldo ကို ဒိုလေးဟု လူသိများသည်။ ပေါ်တူဂီလူမျိုးပါ။ စပိန်ရီးရဲလ်မက်ဒရစ်မှာ ကစားပါသည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရဖူးသူပါ။ ရုပ်ချော၊ ဘောလုံးကောင်း၊ ချမ်းသာသူပါ။ ယခု အသက် ၂၉ နှစ်။
Jose' Kle'berson က ဘရာဇီးသား ဘောလုံးသမားပါ။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားကို ရယူခဲ့တဲ့ ဘောလုံးသမားပါ။ ယခုအသက် ၃၅ နှစ် ပြည့်ပါတော့မည်။
၂၀၀၃ ခုနှစ် သြဂုတ်၁၃ တွင် ရော်နယ်ဒိုနှင့် ကလီဘာဆင်ကို မန်ချက်စတာယူနိုက်တက်က လက်မှတ်ထိုး စာချုပ်ချုပ်ပါသည်။ ဒိုလေးကို ခြေစွမ်းကြိုက်၍ ၀ယ်တာဖြစ်သည်။ ကလီဘာဆင် ကိုတော့ ရော်နယ်ဒင်ဟိုရော အတွဲလိုက်ဝယ်ဖို့ ရည်ရွယ်ပုံပေါ် ပါသည်။ ရော်နယ်ဒင်ဟိုကို ပိုလိုချင်တာပါ။ သို့သော် ရော်နယ်ဒင်ဟိုကို မရဘဲ ကလီဘာဆင်ပဲ ရခဲ့တဲ့သဘောပါ။
စီရော်နယ်ဒိုက တစ်နေ့တခြား အောင်မြင်ဆဲ။ ကလီဘာဆင်ကိုတော့ အားလုံးခပ်မေ့မေ့ပါပဲ။ ကစားသမားနှစ်ဦး၏ ကွာခြားချက်ကို ဖာဂူဆန်ကြီးက ဤသို့ သုံးသပ်ပါသည်။
“ကလီဘာဆင် အသင်းကိုရောက်လာတုန်းက အသက်က ၂၃ ကျော်။ သူက ၁၆နှစ်အရွယ် ကလေးမလေးတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တယ်။ တစ်ချိန်လုံး အိမ်ပဲပြန်ချင်နေတယ်။ သူ့ ယောက္ခထီးကြီးအတွက် ဈေးတွေ မှာ မွှေနှောက်အချိန်ဖြုန်းနေတယ်။ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်ဖို့ မလေ့လာဘူး။ တခြားကိစ္စတွေနဲ့ အချိန်ဖြုန်းနေတယ်။
စီရော်နယ်ဒိုက အသင်းကို ရောက်လာကတည်း က ဘောလုံးအတွက်ကလွဲပြီး တခြား ဘာမှအလေးမထားဘူး။ ကွင်းထဲမှာ ကြိုးစားတယ်။ ကွင်းပြင်မှာ အင်္ဂလိပ်စကားပြောအရည်အသွေးနဲ့ လူနေမှုဘ၀ အခြေကျဖို့ ကြိုးစားတယ်။ ကျွန်တော် ဒီလို လူစားမျိုးတွေကို အရမ်းသဘောကျတယ်။ ”
အလုပ်ကို အာရုံစူးစိုက်မှု ကွာခြားပုံပါ။
ကျောင်းစာကလွဲ၍ အကုန်ထူးချွန်သော ကလေးတွေကို တွေ့ရတိုင်း ကျွန်တော်က ဖာဂူဆန်၊ ကလီဘာဆင်နှင့် စီရော်နယ်ဒိုတို့ အကြောင်း ပြောပြဖြစ်ပါသည်။ ကလေးတွေသာ ပြောရသည်။ ကျွန်တော်လည်း ယခုထိ အာရုံရရာ ပြုလုပ်ဆဲပါ။ စိတ်ကူးတည့်ရာ လုပ်ချဆဲပါ။ ဆရာဝန်၊ ကျောင်းဆရာ၊ စာရေးတဲ့အလုပ်ကျတော့ ခပ်ပျင်းပျင်းပဲဗျ။ ကျန်တာတော့ အကုန်အားသန်ဆဲ။
ဈေးဝယ်လိုက်ရမလား။ ပန်းပင်ရေလောင်းလိုက်ရမလား။ စာအုပ်ချုပ်လိုက်ရမလား။ ဂျာနယ်ထဲက ကာတွန်းတွေ ဓာတ်ပုံရိုက် ကူးယူထားရမလား။ ကလေး ထမင်းကျွေးရမလား။ TV သတင်း ကြည့်ရမလား။ အကုန်တက်ကြွပါသည်။
စာသင်၊ ဆေးကု၊ စာရေး ... “သင်၊ ကု၊ ရေး” ကိစ္စသုံးခုကျတော့ မနည်းကြီး အားထုတ်နေရပါသည်။ ခပ်ပျင်းပျင်းပါပဲ။ ခပ်ဖျင်းဖျင်းပါပဲ။
အဖေသာ ယခုထိရှိနေသေးလျှင် ကျွန်တော့်ကို စောင့်ကြည့်ပြီး
“ငါ့သား ခုထိ ကိုယ့်အလုံး၊ သူ့အလုံး မကွဲသေးဘူး”
ဟု ပြောပေလိမ့်မည်။
နိုင်လင်းထွန်း (ဆေး/မန်း)
Eternal Light Magazine
April 2014
Aye Chan Mon# Credit To : Eternal Light Magazine
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment