0

နိုင်ငံရေးပါတီများကို မြေကွက်နှင့် ကားပါမစ်များပေးနိုင်ရေးအတွက် နိုင်ငံရေးပါတီများထံ ကမ်းလှမ်းသည့်စာကို လမ်းညွှန်ပေးနိုင်ရန်ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သမ္မတရုံးသို့ မေ ၂၂ ရက် ရက်စွဲဖြင့် စာပို့တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စများအတွက် အကြောင်းအရာတစ်မျိုးစီကို သီးခြားပို့ခဲ့ခြင်းဖြစ်ပြီး ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ရုံးအဆောက်အဦ (သို့) မြေနေရာရရှိရေးကိစ္စနှင့် နိုင်ငံရေးပါတီများ အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ပြုနိုင်ရေးကိစ္စဟူသော ခေါင်းစဉ်များဖြင့် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လက်မှတ်ရေးထိုးပေးပို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံရေးပါတီ ၆၅ ပါတီကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်ရာတွင် အဓိကကျသည့် နိုင်ငံရေးအင်အားစုများဖြစ်ပါကြောင်း၊ ထိုသို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော နိုင်ငံရေးပါတီများအနေဖြင့် ဌာနချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ခရိုင် မြို့နယ်များတွင် ပါတီရုံးခန်းများဖွင့်လှစ်ရန် အခက်အခဲရှိနေပါကြောင်း စသည်ဖြင့် ပေးပို့စာတွင် ပါရှိသည်။

ယင်းအတွက်ကြောင့် ပါတီအသီးသီး ဌာနချုပ်တည်ရှိရာ မြို့များတွင်လည်းကောင်း (သို့မဟုတ်) ရန်ကုန်မြို့တွင်လည်းကောင်း၊ ပါတီဌာနချုပ်ရုံးများ ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်ပိုင် လစ်လပ်လျက်ရှိသော အဆောက်အဦများ၊ အခန်းများ (သို့မဟုတ်) ရုံးခန်းဆောက်လုပ်ဖွင့်လှစ်နိုင်ရန် သင့်လျော်သော မြေနေရာရရှိရေးအတွက် လိုအပ်သလို လမ်းညွှန်မှုပြုဆောင်ရွက်ပေးပါရန်ဟု သမ္မတရုံးကို တင်ပြခဲ့သည်။

မော်တော်ယာဉ်ငါးစီး အခွန်ကင်းလွတ် တင်သွင်းခွင့်နှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် လည်းကောင်း၊ ပါတီဝင်အင်အား တောင့်တင်းခိုင်မာစေရန် ပြည်ထောင်စုတစ်ဝန်းလုံးတွင်ဖြစ်စေ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အတွင်းဖြစ်စေ၊ ပါတီဝင်စည်းရုံးရေးနှင့် ပါတီ၏မူဝါဒသဘောထား ရှင်းလင်းရာတွင် လည်းကောင်း၊ မဲဆွယ်စည်းရုံးရာတွင်လည်းကောင်း သွားလာရန် လွယ်ကူစေရန်အကြောင်းပြချက်တွင် ဖော်ပြထားသည်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ ကားပါမစ်များ ပေးခဲ့မှုရှိခဲ့ပြီး ယင်းကဲ့သို့ပေးခြင်းကြောင့် နိုင်ငံတော်အခွန်အခများထဲမှ အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ ဆုံးရှုံးနိုင်သည်ဟု ဝေဖန်မှုများရှိခဲ့သည်။ ယင်းကဲ့သို့ပေးခြင်းကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားတွင် စာအိတ်ဖြင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ကားတင်သွင်းခွင့်ရရှိခဲ့သည့် KNU အဖွဲ့မှ ပဒိုမန်းငြိမ်းမောင်က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးကာပါမစ်များ လက်ခံခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ရှိခဲ့ပြီး စုစုပေါင်းအနေဖြင့် အခွန်လုံးဝကင်းလွတ်သည့် အစီးရေ ၂၉၀ နှင့် ၆၀ ရာခိုင်နှုန်း အခွန်ဆောင်ရသည့် အစီးရေမှာ ၅၈၀ အထိ ရှိခဲ့ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထို့ပြင်နောက်ထပ် အစိုးရကချပေးရန် ရည်မှန်းထားသည်များမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် (KIO) သို့ အခွန်လုံးဝကင်းလွတ် အစီး ၄၀ နှင့် ၆၀ ရာခိုင်နှုန်း အခွန်ဆောင် အစီး ၈၀၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU) တို့သို့ လုံးဝအခွန်ကင်းလွတ် ၁၅ စီးစီနှင့် ၆၀ ရာခိုင်နှုန်း အခွန်ဆောင်အစီး ၃၀ စီဖြစ်ကြောင်း၊ သို့သော် အဆိုပါအဖွဲ့များမှာ ငြိမ်းချမ်းရေးဆွေးနွေးမှု တိုးတက်မှုမရှိသေးသည့်အတွက် ရယူုခြင်းမရှိသေးကြောင်းလည်း ၎င်းကပြောကြားထားသည်။

နိုင်ငံရေးပါတီများအတွက် ရုံးခန်းများဖွင့်လှစ်နိုင်ရန် နိုင်ငံပိုင်အဆောက်အအုံ အလွတ် (သို့မဟုတ်) မြေနေရာဆောင်ရွက်ပေးရန်ကို ၂၀၁၃ ခုနှစ်အတွင်းက ရန်ကုန်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများတွေ့ဆုံစဉ် ပါတီအချို့က တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Aye Chan Mon Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top