0

မြန်မာ-၀မ်ဘောင်ကုမ္ပဏီဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ဖြစ်ရပ်ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အတိုင်း လိုက်နာ အကောင်ထည်ဖော်ခြင်းမရှိတဲ့အပေါ် ရွာသားတွေရဲ့ ပေါက်ကွဲမှုတခုဖြစ်တယ်လို့ လွှတ်တော်အမတ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

မေလ ၁၈ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ ဆည်တည်းကျေးရွာဟောင်း ရွာသားတွေက လက်ပံတောင်းကြေးနီစီမံကိန်း လုပ်နေတဲ့ မြန်မာ-၀မ်ဘောင်ကုမ္ပဏီက တရုတ် ၀န်ထမ်း ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး မေ ၁၉ ရက်နေ့ညမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသား ၂ ဦး (ဓာတ်ပုံ - Ko Han Win Aung)

တရုတ်နိုင်ငံသား ၂ ဦး ထိန်းသိမ်းခံရစဉ်က (ဓာတ်ပုံ – Ko Han Win Aung)

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တဦးလည်းဖြစ်၊ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီအဖြစ်အပျက်ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာအကောင်ထည်ဖော်ခြင်း မရှိတဲ့အတွက် ဖြစ်ရတာလို့ ပြောပါတယ်။

“အစီရင်ခံစာမှာပါတဲ့ အတိုင်း ပြည်သူကျေ နပ်အောင်၊ ဒေသ ခံတွေကျေနပ်အောင် ဆောင် ရွက်ပေးလိုက်မယ်ဆိုရင် အများကြီး ညှိနှိုင်းစရာမလိုတော့ဘူး။ အခုက အစီရင်ခံစာတိုင်း မဆောင်ရွက်ပေးဘူး၊ ပြည်သူကျေနပ်အောင်လည်း တခုချင်း မျက်မြင်ကိုယ်တွေ့ ဆောင်ရွက်ပေးနေတာလည်း တခုမှမရှိဘူး။”

ဒေသံတွေကို ဖိနှိပ်မှုတွေ ပိုများလာတာက အခြေအနေကို ပိုမိုဆိုးဝါးလာသလို အခုချိန်ထိ ပြေလည်အောင် ဆောင်ရွက်မပေးတဲ့အတွက် ဒီပြဿ နာတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်က အကြံပြုချက်တွေ ပါဝင်တဲ့ အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လမှာ တင်သွင်းခဲ့တဲ့အပေါ် အစိုးရက အစီရင်ခံစာအတိုင်း အကောင်အထည်ဖော်ဖို့ ကတိပြု ဆောင်ရွက်ခဲ့ပါတယ်။

လက်ပံတောင်းတောင်ဒေသက တက်ကြွလှုပ်ရှားသူ မသွဲ့သွဲ့ဝင်းကတော့ သမ္မတကြီး အပါအ၀င် စီမံကိန်းကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေက သဘောတူထားတဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ လက်ပံတောင်းတောင် အစီရင်ခံစာကို အကောင်ထည်ဖော်ဆောင် ရွက်ခြင်းမရှိတဲ့ အတွက် အခုလို ဖြစ်တာလို့ ပြောပါတယ်။

“၀မ်ဘောင်လည်း သဘောတူ၊ ဦးပိုင်လည်း သဘောတူ၊ သမ္မတကြီး ဦးသိန်းစိန်လည်း သဘောတူ၊ အားလုံးက ညီညီညွတ်ညွတ်နဲ့ သဘောတူပြီး ဒီအစီရင်ခံစာ ထွက်လာတယ်။ ထွက်လာတဲ့ ဒီအစီရင်ခံစာအပေါ် လေးစားလိုက်နာမှု မရှိတဲ့အတွက် ဒီလိုဖြစ်ရပ်မျိုးတွေ အများကြီးကြုံနေရတယ်။ ဥပဒေကလည်း တိကျခိုင်မာတဲ့ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ဒီလိုဖြစ်တယ်လို့ ကျမသုံးသပ်တယ်။ ”

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို လာရောက် လုပ်ဆောင်တဲ့သူနဲ့ လက်ခံသူ ၂ ဦးစလုံးမှာ အားနည်းချက်တွေ ရှိနေသလို စီမံကိန်း မစခင်ကတည်းက ဒေသခံတွေနဲ့ အကျေအလည် ညှိနှိုင်းဆွေးနွေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ဒီလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရဲမှူးကြီးတွေဆီ ဆက်သွယ်မေးမြန်းပေမယ့် ဖြေဆိုခဲ့ခြင်းမရှိပါဘူး။

ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန်ကတော့ လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းရေး ကော်မရှင် အစီရင်ခံစာကို အကောင်ထည်ဖော်ဆောင်ရွက်နေသလို အခုလို ဖမ်းဆီးထားတဲ့ကိစ္စတွေ ဖြစ်ပွားတာဟာ တယောက်နဲ့ တယောက် အထင်အမြင်မှားလို့ ဖြစ်ပွားရတာလို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးထားတဲ့သူတွေနဲ့ ပတ်သက်ပြီး ဖွင့်ထားတဲ့ အမှုကို ပြန်လည်ရုပ်သိမ်းဖို့ လုပ်ဆောင်နေသလို ကျောက်ဖြူတိုင်ကျေးရွာမှာ ရဲတပ်ဖွဲ့ရဲ့ ကားနဲ့ ဆိုင်ကယ်တွေကို ဖျက်ဆီးတဲ့သူတွေကိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသား ၂ ဦး (ဓာတ်ပုံ - Ko Han Win Aung)

ACM Credit To:DVB
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/ (7 photos)

Post a Comment

 
Top