0

ACM Re-Post 26-5-2014

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့ ကြားတွင် ဖြစ်ထွန်းနေသော မြေနုကျွန်းတွင် မေလ ၂၃ ရက်နေ့က ပိုင်ဆိုင်မှု အငြင်းပွားရာမှ စိုက်ခင်းနှင့် လူနေတဲများ မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားကြောင်း ဒေသခံများနှင့် ဇလွန်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရေပေါ်သောင် ကျေးရွာ အုပ်စု၌ မြစ်ရေ တိုက်စားမှုကြောင့် လယ်မြေများ ဆုံးရှုံးခဲ့ရခြင်းကြောင့် ၂၀၀၂ -၂၀၀၃ ခုနှစ်မှစတင်၍ ဇလွန်မြို့နယ် ကြာအင်း ကျေးရွာအုပ်စုရှိ ဆွယ်ပွားကျွန်းကို တိုင်းဒေသကြီးနှစ်ခုရှိ ကျေးရွာအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်များက နှစ်စဉ် ဖြေရှင်းပေးခဲ့ရကြောင်း၊ ယင်းမြေနုကျွန်း အငြင်းပွားမှုကို တိုင်းဒေသကြီးအဆင့်နှင့် ခရိုင်အဆင့် တာဝန်ရှိသူများ ကိုယ်တိုင် မြေယာခွဲဝေ ပေးခဲ့သော်လည်း ဒေသခံ နှစ်ဖက်တောင်သူများ ကျေနပ်ခြင်း မရှိသောကြောင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ဆိုသည်။

“၂၀၁၃ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီး အဖျောက်မြို့အလယ် ကင်းရွာသားတွေက ဇလွန်မြို့နယ် သက္ကယ်ကျွန်း ရွာသားတွေရဲ့ စိုက်ခင်းတွေကို ဖျက်ဆီးခဲ့တာ ရှိတယ်။ ဒါကိုမကျေနပ်လို့ အခုဇလွန်သားတွေက လက်စားချေတာ” ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ မီးရှို့ဖျက်ဆီး ခဲ့ခြင်းကြောင့် အလယ်ကင်းကျေးရွာရှိ ပြောင်းစိုက်ခင်း၊ တောင်သူ ဦးသောင်းဝင်း၏ ယာတဲ၊ ရေတုံ ကင်အချို့ပျက်စီးခဲ့ကြောင်း ဇလွန် မြို့နယ်ရဲစခန်း တာဝန်ကျ ရဲအရာရှိက ဆက်လက်ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် သက္ကယ်ကျွန်းကျေးရွာနှင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရေပေါ်သောင် ကျေးရွာကြား လက်ရှိ အငြင်းပွားလျက်ရှိသည့် မြေနုကျွန်းသည် ရေနက်ကြောင်း (Deep Water Channel) အရ ဇလွန်မြို့နယ်တွင် တည်ရှိနေကြောင်း တိုက်ကြီးမြို့နယ် ရေပေါ်သောင်အုပ်စုသည် အငြင်းပွား မြေနုကျွန်း တည်နေရာနှင့် ဧရာဝတီမြစ် တစ်ခုလုံး ပိုင်းခြားလျက်ရှိပြီး တိုင်းဒေသကြီး နယ်နိမိတ်နှင့် ဧရာဝတီ မြစ်ရေနက်ကြောင်းအရ ဧရာဝတီတိုင်းဒေသကြီး၏ စီမံအုပ်ချုပ်ပိုင်ခွင့် နယ်နိမိတ်အတွင်း ကျရောက်လျက် ရှိကြောင်း ဇလွန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အငြင်းပွားလျက်ရှိသည့် မြေနုကျွန်းများကို တပ်မတော် အစိုးရလက်ထက် ၂၀၀၄ ခုနှစ်က ဧရာဝတီတိုင်းမှူး ဗိုလ်ချုပ် စိုးနိုင်နှင့် ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ် မြင့်ဆွေတို့ နှစ်ဦး၏ သဘောတူညီမှုဖြင့် မြေဧရိယာ ၂၈၆ ဧကကို ရန်ကုန်တိုင်းရှိ တောင်သူများကို သုံးနှစ်လုပ်ကိုင်ရန် ငှားရမ်းခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဧရာဝတီတိုင်းသို့ ပြန်လည် လွှဲပြောင်းပေးရမည်ဟု သဘောတူခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ဇလွန်မြို့နယ် သက္ကယ်ကျွန်းကျေးရွာမှ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများကို ဝင်ရောက် ခူးဆွတ်ခံရသည်မှစ၍ အငြင်းပွားမှု ပြဿနာများ ပြန်လည် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ကျေးရွာလယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့ဝင် သက္ကယ်ကျွန်း ကျေးရွာက ဦးတန်တေးက ပြောကြားသည်။

အောက်မြန်မာပြည်မြေနှင့် အခွန်ဥပဒေပုဒ်မ ၅၁ အရ နှစ်စဉ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ရေနက်ကြောင်းမူအရ ခွဲခြမ်းလေ့ရှိပြီး မိမိဧရိယာအတွင်း ပေါ်ထွန်းသည့်မြေကို သုံးပုံနှစ်ပုံ ပိုင်ဆိုင်ခွင့်ရှိပြီး၊ သူတစ်ပါး ဧရိယာတွင် ပေါ်ထွန်းသည့် မြေကို သုံးပုံတစ်ပုံ ပိုင်ဆိုင်ခွင့် ရှိခဲ့ဖူးကြောင်း၊ မြေနုကျွန်း ပြဿနာမှာ ဆက်လက် အငြင်းပွားနေဦးမည် ဖြစ်ကြောင်း ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးရုံး ဦးစီးအရာရှိ ဦးကျော်ကျော်ဦးက မှတ်ချက်ပြုသည်။

Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top