0

ACM Re-Post 29-5-2014

အခြေခံပညာကျောင်းအချို့ ဝင်ခွင့်လက်ခံသည့် မူများထဲတွင် ဒုဝန်ကြီးနှင့်အထက် အကြီးအကဲများက ထောက်ခံပေးသူကို လက်ခံရန် အချက်တစ်ချက်အဖြစ် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နာမည်ကြီးကျောင်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် ဗိုလ်တထောင်မြို့နယ်ရှိ အမှတ် (၅)၊ အခြေခံပညာ အထက်တန်းကျောင်းမှ သူငယ်တန်း ကျောင်းသားသစ်များအတွက် ကျောင်းဝင်ခွင့်ပြုသည့် မူများအား ထုတ်ပြန်ကြေညာရာတွင် ၄၅ လမ်းနှင့် ၄၆ လမ်း အတွက် သန်းခေါင်စာရင်းသက်တမ်း အနည်းဆုံး ခြောက်လကျော်ရှိသူများ၊ ၎င်းတို့ ကျောင်းတွင် စာရင်းဝင် တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူများ၏ မောင်နှမအရင်းအချာများ၊ ဒုဝန်ကြီးနှင့်အထက် ထောက်ခံသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် အကြီးအကဲများမှ ထောက်ခံသူများ၊ အမှတ် (၃)၊ အခြေခံပညာဦးစီးဌာန မူကြိုမှ ကျောင်းအပ်မည့်သူများ၊ ၎င်းတို့ကျောင်းမှ ဆရာ၊ ဆရာမများ၏ သားသမီးအရင်းအချာများအား ကျောင်းဝင်ခွင့်ပြုရာတွင် လက်ခံသည့်မူများအဖြစ် ထုတ်ပြန်ကြေညာထားခဲ့သည်။

“မိဘတွေက သားသမီးတွေကို ကျောင်းအပ်တဲ့အခါမှာ အစွဲနဲ့ နာမည်ကြီးကျောင်းတွေကိုပဲ အပ်ချင်ကြတယ်။ အပ်ဖို့လည်း ကြိုးစားကြတယ်။ မရရင်လည်း ပေါက်ကွဲကြတယ်။ ကျောင်းဝင်ခွင့်တွေကလည်း ဦးစားပေးအဆင့်တွေနဲ့ အဆင့်ဆင့် သတ်မှတ်ခွဲခြားထားပြီးတော့ ဝင်ခွင့်အတွက် ရွေးချယ်ခွင့်ပြုကြတာ ဖြစ်ပါတယ်။ ဝန်ထမ်းသားသမီးတွေကိုတော့ ဦးစားပေး လက်ခံကြတာတော့ ရှိတာပေါ့”ဟု ပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မိဘများအနေဖြင့် မိမိတို့၏ သားသမီးများ ပညာရေးအတွက် မြို့နယ်ကျော်၊ နယ်ကျော်၊ ရပ်ကွက်ကျော်၍ ကျောင်းအပ်နှံရာတွင် ကြိုးစားလေ့ ကြိုးစားထရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နာမည်ကြီးကျောင်းအများစုမှာ ရန်ကုန် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း (TTC)၊ အ.ထ.က(၁)ဒဂုံ၊ အ.ထ.က(၂)ဒဂုံ၊ အ.ထ.က(၂)မင်္ဂလာဒုံ (လှသောင်းကျောင်း)၊ အထက(၂)ကမာရွတ် (စိန်ဩဂတ်စတင်းကျောင်း)၊ အ.ထ.က(၂)စမ်းချောင်း၊ အ.ထ. က(၂)လသာ၊ အ.ထ.က (၅) ဗိုလ်တထောင်၊ အ.ထ.က (၂) ဗဟန်း၊ အ.ထ.က(၂) ရန်ကင်း၊ ကျောက်ကုန်း၊ အ.လ.က(၁)ဒဂုံတို့ ဖြစ်ကြ သည်။ အဆိုပါကျောင်းများသည်လည်း သင်ထောက်ကူပစ္စည်းများ ပြည့်စုံခြင်း၊ အခြေခံကောင်းများ ရရှိခြင်း၊ ကျောင်းသားများ၏ ဘဝတစ်ဆစ်ချိုး အပြောင်းအလဲတွင် အရေးပါသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အောင်ချက်ရာခိုင်နှုန်း ကောင်းမွန်ခြင်း၊ ဂုဏ်ထူးရရှိမှုနှုန်း မြင့်မားခြင်း စသည့်နံမည်ဂုဏ်သတင်းကောင်းများ ထွက်ပေါ်ခြင်းတို့ကြောင့် ကျောင်းသားမိဘများ၏ စိတ်ဝင်စားမှု ပိုမိုရရှိကြပြီး မိမိတို့သားသမီးများ၏ ဘဝနောင်ရေးအတွက် အာမခံချက်ကောင်းများ ပေးစွမ်းနိုင်သည့် ကျောင်းများအဖြစ် သတ်မှတ်ကာ ကျောင်းဝင်ခွင့်ရရှိရေးအတွက် ကြိုးပမ်းလေ့ရှိကြပြီး ကျောင်းဝင်ခွင့်ပြုသည့် အပေါ်တွင်လည်း နှစ်စဉ်နှစ်တိုင်း ဝေဖန်မှုများ ထွက်ပေါ်သည့် ကျောင်းများဖြစ်ကြသည်။

အ.ထ.က (၂) ဒဂုံမှ ကျောင်းအုပ်ဆရာကြီးက “ဆရာတို့ကျောင်းမှာကတော့ ကျောင်းဝင်ခွင့် လက်ခံတဲ့အခါမှာ ကျောင်းရဲ့ဝင်ဆံ့အင်အား၊ ကျောင်းရဲ့လက်ခံနိုင်တဲ့ ကျောင်းသားဦးရေ ပမာဏအတိုင်း လက်ခံပါတယ်။
ဒီလိုလက်ခံတဲ့နေရာမှာ ပထမဆုံးအနေနဲ့ ကျောင်းရဲ့ပတ်ဝန်းကျင်၊ ကျောင်းတည်ရှိရာ ရပ်ကွက်ထဲက ကလေးတွေကို ဦးစားပေးပေါ့။ ဒုတိယဦးစားပေးက ကျောင်းတည်ရှိရာ မြို့နယ်ထဲက ကလေးတွေပြီးတော့ အဲဒါတွေပြီးလို့ ကျောင်းက ထပ်လက်ခံနိုင်သေးတယ်ဆိုရင်တော့ ကျောင်းရဲ့ဝင်ဆံ့နိုင်တဲ့ အင်အားက လိုသေးတယ်ဆိုရင် အခြားမြို့နယ်က ကလေးတွေကိုပါ လက်ခံတယ်။ ဒါပေမဲ့ အခုပြောခဲ့သလို အနေအထားထဲမှာ မပါဘဲ ဆရာတို့ကျောင်းဆီမှာ ကျောင်းတက်ချင်လို့ မေတ္တာရပ်ခံချက်နဲ့ လာအပ်မယ်ဆိုရင်တော့လည်း ကျောင်းရဲ့လက်ခံနိုင်တဲ့ အနေအထားပေါ်မူတည်ပြီး လက်ခံပေးပါတယ်။ တစ်စုံတစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်ပေါ့။ ဝန်ကြီးမှရယ် မဟုတ်ပါဘူး။ ဆရာတို့အနေနဲ့ အလေးထားရမယ့်သူ တစ်ယောက်ယောက်ရဲ့ မေတ္တာရပ်ခံချက်ပါ။ ဥပမာအားဖြင့် ဘုန်းကြီးတို့၊ အငြိမ်းစားကျောင်းအုပ်ဆရာကြီးတို့၊ မိဘဆရာအသင်း အမှုဆောင်ထဲမှာပါတဲ့ ပုဂ္ဂိုလ် စသဖြင့်ပေါ့။အဲဒါမျိုးဆိုရင်တော့ ကိုယ့်ကျောင်းရဲ့လက်ခံနိုင်တဲ့ အင်အားထက် လွန်သွားရင်လည်းပဲ လက်ခံပေးရတာပေါ့။ ဒါပါပဲ။ အခြား ထွေထွေထူးထူး ညွှန်ကြားချက်တွေဘာတွေ မရှိပါဘူး”ဟု ဆိုသည်။

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရာ၌ ကျောင်းဝင်ခွင့်ပြုပုံစံနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေးကောလိပ်လေ့ကျင့်ရေး အလယ်တန်းကျောင်းတွင်လည်း ပဋိပက္ခအချို့ ဖြစ်ပွားခဲ့သည်။ ယင်းကျောင်းဝင်ခွင့်ပြုပုံစံနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သည့် ပဋိပက္ခအပေါ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စစ်ဆေးမှုများ ပြုလုပ်ရန် သက်ဆိုင်ရာသို့ ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည့်အတွက် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်မှ ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး မကြာမီ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အ.ထ.က(၅) ဗိုလ်တထောင် ကျောင်းအပ်နှံမှု မြင်ကွင်း။

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top