0

ရန်ကုန်၊ မေ ၁၂

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မရပ်ရသည့်လမ်း ၆၇ လမ်း သတ်မှတ်ထားသော်လည်း ယာဉ်ကြော ပိတ်ဆို့မှုများ ထပ်မံဖြစ်ပေါ်နေ၍ နောက်ထပ် ၁၀ လမ်းကို ထပ်တိုး သတ်မှတ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ယာဉ်ကြော ရှင်းလင်းစေရန် မရပ်ရလမ်း ၆၇ လမ်း သတ်မှတ်ထားသော်လည်း အဆိုပါလမ်းများနှင့် စပ်ဆက်နေသော လမ်းများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် ထပ်မံ၍ လမ်း ၁၀ လမ်း ထပ်တိုးသတ်မှတ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ၎င်းက ပြောကြားသည်။

“နောက်တိုး ၁၀ လမ်းထဲမှာ ဆက်စပ် လမ်းတွေပါတယ်။ ဥပမာ ကျွန်းတောလမ်းဆို တစ်ပိုင်းပဲ မရပ်ရ သတ်မှတ်ထားတော့ အရင်ကားပွဲစားတန်းနားမှာ ကားတွေ ပိတ်တာကြောင့် ဒီဘက်လမ်းပါ ထွက်မရဘဲ ပိတ်ကုန်တယ်။ အဲလို စပ်ဆက်လမ်းတွေကို အဓိကထား သတ်မှတ်သွားမယ်” ဟု ဒုတိယရဲမှူးကြီးက ဆိုသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းမှာ ရွှေ့ပြောင်းပေးပြီး ဖြစ်သော်လည်း ကျွန်းတောလမ်းတွင် ယာဉ်ရောင်းချမှုများ၊ ယာဉ်နှစ်ထပ် ရပ်မှုများရှိပြီး Junction Square တွင်လည်း ယာဉ်အဝင်အထွက် များသဖြင့် ယာဉ်ကြော ပိတ်ဆို့မှုများ အမြဲဖြစ်ပေါ်သဖြင့် အဆိုပါလမ်းကို မရပ်ရလမ်းအဖြစ် သတ်မှတ်ပါက သင့်တော်ကြောင်း အငှားယာဉ်မောင်း ဦးဇော်မင်းဦးက ဆိုသည်။

“အဲဒီလမ်းတွေအပြင် ယုဇနပလာဇာ လမ်းပိတ်ရင် ဖြတ်လမ်းအဖြစ် သုံးနေရတဲ့ လမ်းကျယ်ကိုပါ မရပ်ရလမ်းအဖြစ် သတ်မှတ်ပေးစေချင်တယ်။ မရပ်ရအဖြစ် သတ်မှတ်ပြီးရင်လဲ လိုအပ်တဲ့ နေရာတွေမှာ တကယ်ရှင်းစေချင်တယ်။ မင်္ဂလာဈေးရှေ့ ယာဉ်ထိန်းမီးပွိုင့် အဆောက်အအုံဘေးမှာ TAXI တွေ အုပ်စုဖွဲ့ပြီး တစ်ပုံကြီးရပ်ထားလို့ လမ်းပိတ်နေတာကို အဲဒီပွိုင့်ရဲက မဖမ်းဘဲ လွှတ်ထားတာတော့ အံ့သြလို့ မဆုံးဘူး” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု လျော့ကျစေရန် ၂၀၁၃ ခုနှစ် စက်တင်ဘာလမှစ၍ ၆ လမ်းသွား လမ်းမကြီး ၂၆ လမ်းကို ယာဉ်မရပ်ရလမ်းအဖြစ် စတင်ကြေငြာခဲ့ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ၂၀၁၄ ဇန်နဝါရီထိ မရပ်ရလမ်းများကို ဆက်တိုက် ထုတ်ပြန်ခဲ့ရာ ယာဉ်မရပ်ရလမ်း ၆၇ လမ်းထိ ရှိလာခဲ့ပြီး ယခုထပ်မံ၍ လမ်း ၁၀ လမ်းကိုပါ သတ်မှတ်လိုက်လျှင် ယာဉ်မရပ်ရသည့်လမ်း ၇၇ လမ်းထိ ရှိလာမည် ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင်း ယာဉ်မရပ်ရ သတ်မှတ်ခဲ့သော လမ်း ၅၇ လမ်းနှင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်း နောက်ဆုံးသတ်မှတ်ခဲ့သော ယာဉ်မရပ်ရလမ်း ၁၀ လမ်းမှာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ သံသုမာလမ်းနှင့် ပင်လုံလမ်းဆုံမှ ပင်လုံလမ်းအတိုင်း ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းဆုံအထိ၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ကျန်စစ်သားလမ်းနှင့် ဗိုလ်မှူးဗထူးလမ်းဆုံမှ ဗိုလ်မှူးဗထူး လမ်းအတိုင်း စက်မှုလမ်း၊ မြောက်ဥက္ကလာပ ကြိုးတံတားအထိ၊ ဒေါပုံနှင့် သာကေတမြို့နယ် အတွင်းရှိ ယမုံနာလမ်းနှင့် မင်းနန္ဒာလမ်းဆုံမှ ယမုံနာလမ်းအတိုင်း ယင်းမှ ရှုခင်းသာလမ်းအတိုင်း သန်လျင်တံတား ချဉ်းကပ်လမ်းဆုံအထိ၊ သာကေတမြို့နယ် အတွင်းရှိ ဧရာဝဏ်လမ်းနှင့် မင်းနန္ဒာလမ်းဆုံ (ကျောက်တိုင်) မှ ဧရာဝဏ်လမ်းအတိုင်း ဧရာဝဏ်လမ်းနှင့် ရှုခင်းသာလမ်းဆုံ (သာကေတ အဝိုင်းအထိ)၊ လှိုင်သာယာ မြို့နယ်ရှိ ဘုရင့်နောင်တံတားမှ ရန်ကုန်-ပုသိမ် လမ်းမကြီးအတိုင်း တပင်ရွှေထီး လမ်းဆုံနှင့် ရန်ကုန်-ပုသိမ် လမ်းမကြီးအထိ၊ လမ်းမတော်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းဆုံမှ ဝါးတန်းလမ်းအတိုင်း ကမ်းနားလမ်းနှင့် ဝါးတန်းလမ်းဆုံအထိ၊ ဗိုလ်တထောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းနှင့် ရာဇာဓိရာဇ် လမ်းအတိုင်း ကမ်းနားလမ်းနှင့် ရာဇာဓိရာဇ် လမ်းဆုံအထိ၊ ရန်ကင်းမြို့နယ် ဆရာစံလမ်းနှင့် ရန်ကင်းလမ်းဆုံမှ ရန်ကင်းလမ်းအတိုင်း သစ္စာလမ်းနှင့် ရန်ကင်းလမ်းဆုံအထိ၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပြည်ထောင်စု လမ်းနှင့် မြဝတီလမ်းဆုံမှ ပြည်ထောင်စုလမ်းအတိုင်း အမှတ် (၂) လမ်းနှင့် ပြည်ထောင်စုလမ်းဆုံ (ဒဂုံတောင်မြောက် လမ်းဆုံအထိ) နှင့် အင်းစိန်၊ ရွှေပြည်သာ မြို့နယ်တို့ရှိ ခရေပင်လမ်းနှင့် အောက်မင်္ဂလာဒုံ လမ်းဆုံ (တညင်းကုန်းလမ်းဆုံ) မှ အမှတ်(၄) လမ်းအတိုင်း လှော်ကားလမ်းနှင့် အမှတ် (၄) လမ်းဆုံ (လှော်ကားတာဆုံ) အထိတို့ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top