0

ရန်ကုန်၊ မေ ၁၂

ပြည်ထောင်စုလွှတ်တော်အတွင်း ရေးဆွဲနေဆဲ ဖြစ်သော အမျိုးစောင့်ဥပဒေ အသိပညာပေးရေးနှင့် လူထုထောက်ခံပွဲသို့ လူနှစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း အဆိုပါပွဲတွင် ဟောပြောသူ မကွေးဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

မေလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်တွင် ပြုလုပ်သော အဆိုပါ ဟောပြောပွဲတွင် အမျိုးစောင့် ဥပဒေသည် အခြားဘာသာဝင်များကို မထိခိုက်နိုင်ကြောင်းကို အဓိက ဟောပြောခြင်း ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

“အစိုးရရယ်၊ NLD နဲ့ အခြားဘာသာဝင်တွေကို ထိခိုက်ပြီးတော့ ဟောပြောတာဟာ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ မူမဟုတ်ကြောင်း ရှင်းပြတာပါ” ဟု ၎င်းက မိန့်ဆိုသည်။

ယင်းသို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) မှ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးအတွက် ကြိုးပမ်းနေသော်လည်း မျိုးစောင့် ဥပဒေကို ကော်မရှင်များ ဖွဲ့စည်းကာ ရေးဆွဲနေခြင်းကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၁၀ က ကန့်ကွက်ကြောင်း အမျိုသမီး အဖွဲ့အစည်းနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက မေလ ၅ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်ထားသည်။

ဘာသာရေး ပဋိပက္ခများနှင့် အမျိုးသမီး အခွင့်အရေး ချိုးဖောက်မှုကို ကြိုတင် ကာကွယ်သွားမည် ဖြစ်ကြောင်း အမျိုးသမီး အခွင့်အရေးနှင့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူက ပြောကြားသည်။
“ကျွန်မတို့က ကန့်ကွက်လည်း ဥပဒေက ပြဋ္ဌာန်းမယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ညှိနှိုင်းမှု ရှိရင် အထိအခိုက် နည်းနိုင်တယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အမျိုးစောင့်ဥပဒေ ရေးဆွဲရာတွင် အမျိုးသမီးများ အခွင့်အရေးကို ချိုးဖောက်မှု နည်းပါးစေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ နိုင်ငံတော် သံဃမဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီတို့နှင့် တွေ့ဆုံရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်း ၁၁၀ က ထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးစောင့်ဥပဒေ အသိပညာပေးရေးနှင့် လူထုထောက်ခံပွဲတွင် အမျိုးစောင့်ဥပဒေ ရေးဆွဲရေးအတွက် ထောက်ခံလက်မှတ် ၂၅၀၀ ကျော် ရရှိကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ထံမှ သိရသည်။

Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top