Published on: May 5, 2014
Written by: မိုးဟိန်း
မြင်းခြံဒေသတွင် ရာသီဥတုဖောက်ပြန်၍ အလုပ်အကိုင် ရှားပါးလာခြင်းနှင့် စားဝတ်နေရေး ခက်ခဲလာခြင်းတို့ကြောင့် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်သူ ယခင်ထက်များလာကြောင်း ဒေသခံများနှင့် ပြည်ပနိုင်ငံများသို့ အလုပ်အကိုင် ရှာဖွေပေးသော ကုမ္ပဏီအချို့၏ ပြောပြချက်များအရ သိရသည်။
“တစ်နှစ်လောက် ရှိပါပြီ။ နိုင်ငံခြားမှာ အလုပ်သွားလုပ်သူ ပြန်များလာပါတယ်။ အများအားဖြင့် ကျေးရွာတွေက တောင်သူလုပ်တဲ့သူတွေ များပါတယ်။ အကြွေးစနစ်နဲ့လည်း ပို့ဆောင်ပေးတာ ရှိပါတယ်။ မလေးရှားနဲ့ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်သူ များပါတယ်” ဟု နိုင်ငံခြားသို့ အလုပ်အကိုင် ရှာဖွေပေးသော ကုမ္ပဏီအချို့၏ ပြောပြချက်များအရ သိရသည်။ ဒေသတွင်း ရာသီဥတု မမှန်ခြင်းနှင့် သီးနှံအထွက်နှုန်း ကျဆင်းမှုများကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်လိုသူ ရှားပါးလာပြီး ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူ ပြန်လည်များပြားလာကြောင်း ဒေသခံတောင်သူများ၏ ပြောပြချက်များအရ သိရသည်။
“စိုက်ပျိုးရေးဆိုတာ ရာသီဥတု ဖောက်ပြန်တဲ့အခါနဲ့ ရာသီပေါ်လို့ သီးနှံအထွက်နှုန်းကျရင် အရှုံးပေါ်ပါတယ်။ စတင်စိုက်ပျိုးစဉ်ကတည်းက စိုက်ပျိုးစရိတ်ချေးပြီး စိုက်ရတာဖြစ်တဲ့အတွက် ချေးထားတဲ့ ပထမအကြွေးကို မဆပ်နိုင်ဘဲ နောက်ထပ်အကြွေး ထပ်တင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တင်ထားတဲ့အကြွေး ပြန်ဆပ်နိုင်အောင်နဲ့ နောက်ထပ်သီးနှံ စိုက်ပျိုးနိုင်အောင် သားသမီးတွေကို ပြည်ပနိုင်ငံတွေကို သွားရောက်ပြီး အလုပ်လုပ်ခိုင်းရပါတယ်။ ရွာမှာတော့ တောင်သူလုပ်တဲ့သူ တော်တော်ရှားလာပါပြီ” ဟု ဆီမီးခုံဒေသမှ တောင်သူတစ်ဦးက ဆိုသည်။
မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာများတွင် ယခင်နှစ်ကမိုးဦး၊ မိုးလယ်ကာလများတွင် ရာသီဥတုဖောက်ပြန်၍ မိုးခေါင်ခဲ့ခြင်းကြောင့် ဒေသခံ တောင်သူများအနေဖြင့် စိုက်ပျိုးထားသောသီးနှံများ ပျက်စီးခြင်းနှင့် အထွက်နှုန်းလျော့ကျခဲ့ခြင်းကြောင်း အခက်အခဲများ ကြုံတွေခဲ့ရကြောင်း သိရသည်။
မြင်းခြံဒေသရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်
Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ မမေ့နဲ့နော်
Post a Comment