ACM Re-Post 31-5-2014
Written by ဇေယျသူ
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုမည့် နိုင်ငံခြားဘဏ်များ ရွေးချယ်စိစစ်ရေးအတွက် နိုင်ငံခြားဘဏ်များ ရွေးချယ်ရေးအဖွဲ့ကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ဖွဲ့စည်းခဲ့ရာ မြန်မာ့စီးပွား ပြုပြင်ပြောင်းလဲရေးတွင် အဓိကကျသော ခြေလှမ်းကြီး တစ်ရပ်ဖြစ်သည်။
ပြည်ပဘဏ်များကို ပြည်တွင်းတွင် ဝင်ရောက် လုပ်ကိုင်ခွင့်ပြုရေး မပြုရေးတို့တွင် အချိန်အတန်ကြာ အငြင်းအခုံ ဖြစ်ပွားနေခဲ့ အပြီးတွင် ယခုကဲ့သို့ နိုင်ငံခြားဘဏ်များ ရွေးချယ်ရန် အဆင့်သို့ ရောက်ခြင်းဖြစ်သည်။ ပြည်တွင်းတွင် ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ် ၃၀ ကျော်တို့မှ အများစုသည် လျှောက်ထားကြမည်ဟု ခန့်မှန်းရသည်။ မြန်မာနိုင်ငံတွင်းသို့ ဝင်ရန် တာစူနေသော ဘဏ်များတွင် စင်ကာပူမှ United Overseas Bank၊ ထိုင်းမှ Siam Commerical Bank စသည့် ဂျပန်၊ တရုတ်၊ ထိုင်း အရှေ့နိုင်ငံတို့မှအပြင် ဗြိတိန်မှ Standard Chartered ကဲ့သို့ အနောက်နိုင်ငံ ဘဏ်များလည်း ပါဝင်နေသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ဌာနတစ်ခုသဖွယ် အစဉ်အလာရ တည်ရှိနေသည့် ဗဟိုဘဏ်ကို ဝန်ကြီးဌာနမှ ခွဲထုတ်ပြီး လွတ်လပ်ခွင့် ပေးလိုက်ခြင်း၊ ဆယ်စုနှစ်နှင့်ချီ ဈေးသုံးလေးမျိုး ဖြစ်နေသည့် နိုင်ငံခြားငွေကြေး (ဒေါ်လာနှင့် ကျပ်) လဲလှယ်နှုန်းကို ပေါင်းစည်းလိုက်နိုင်ခြင်းသည် ဦးသိန်းစိန် လက်ထက်တွင် အရေးပါသော စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ ဖြစ်သည်။ စင်စစ် နိုင်ငံခြားဘဏ်များကို ဝင်ရောက်ခွင့် ပြုခြင်းသည် လွတ်လပ်လာသော ဗဟိုဘဏ်၏ အရေးကြီးဆုံး လုပ်ဆောင်ချက် တစ်ရပ် ဖြစ်လာပေသည်။
သို့သော် ဗဟိုဘဏ်ကို ခွဲထုတ်ခြင်း၊ ငွေလဲလှယ်နှုန်းကို ပေါင်းစည်းလိုက်ခြင်းတို့သည် လူအများစု သဘောတူကြပြီး အငြင်းအခုံများ ကျယ်ကျယ်လောင်လောင် မဖြစ်လိုက်ပါ။ ပြည်ပဘဏ်များကို ဝင်ခွင့် ပြုသင့် မပြုသင့်တွင်မူ အငြင်းအခုံ ဆူညံသလို အတိုက်အခံလည်း များသည်။ အတိုက်အခံ ဆိုရာတွင် နိုင်ငံခြားဘဏ်များကို လာခွင့် မပြုလိုသည့် လွှတ်တော်တွင်းနှင့် ပြင်ပစီးပွားရေး လောကမှ သြဇာကြီး ပုဂ္ဂိုလ်များစွာ ပါဝင်သည်။ ထို့ကြောင့် ယခုတစ်ကြိမ် အပြောင်းအလဲသည် ဦးသိန်းစိန်အဖို့ ခက်ခက်ခဲခဲ များစွာ စွန့်စား ဆောင်ရွက်လိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
ဆက်သွယ်ရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန် နိုင်ငံခြားမှ Operator များကို ဖိတ်ခေါ်မည် ဆိုစဉ်က ပြည်တွင်းတွင် အကြီးအကျယ် ဆန့်ကျင်ကန့်ကွက်မှုများကို ကြုံခဲ့ရဖူးသည်။ နိုင်ငံခြား Operator များသည် ကြီးသည်၊ လုပ်နိုင်ကိုင်နိုင်သည်။ ပြည်တွင်း Operator များသည် မလုပ်နိုင် မကိုင်နိုင် အားနည်းကြသော်လည်း မြန်မာပြည်သား မှန်လျှင် ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်စေချင်ကြမည် ဖြစ်သည်။ နောက်ဆုံး တွက်ကြည့်လိုက်လျှင် ဆက်သွယ်ရေးကဏ္ဍသည် နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် အခရာ ကျသည့်အတွက် ဆက်သွယ်ရေးကဏ္ဍကို တိုးတက်စေလိုလျှင် လုပ်တတ် ကိုင်တတ်သော နိုင်ငံခြားက ဝင်မှရမည် ဆိုသော သဘောသို့ ဆိုက်သွားသည်။ သမ္မတက လွတ်လပ်သော နိုင်ငံခြား အတိုင်ပင်ခံအဖွဲ့ကို ငှားရမ်းကာ စံချိန်စံညွှန်းများ ချမှတ်စိစစ်ခဲ့သဖြင့် Telenor နှင့် Ooredoo တို့ အရွေးချယ် ခံလိုက်ရသည်။
နိုင်ငံ့စီးပွားရေးကို ပံ့ပိုးနိုင်ခြင်း နည်းပါးနေသော ဘဏ်စနစ်နှင့် ဘဏ်များကို ပြုပြင်ပြောင်းလဲရေး မအောင်မြင်လျှင် နိုင်ငံ့စီးပွား ပြုပြင်ပြောင်းလဲရေး အောင်မြင်မည် မဟုတ်ပါ။ တစ်ဖက်တွင် ပြည်တွင်းတိုင်းရင်းသား ဘဏ်များကိုလည်း အထိမနာစေချင်သလို အခြားတစ်ဖက်တွင် ပြည်ပဘဏ်များ ဝင်လာမှသာ ဘဏ်မဟုတ်သော တိုင်းရင်းသားပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားဘဏ်များလည်း မနာ၊ ပြည်ပဘဏ်များလည်း ဝင်လာနိုင်မည့် အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်မှသာ မြန်မာနိုင်ငံအတွက် အဆင်ပြေမည် ဖြစ်သည်။
မြန်မာနိုင်ငံဘဏ်များသည် နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြော ဖြစ်သော တိုင်းရင်းသား စီးပွားရေးလုပ်ငန်းများ ကြီးထွား ကျယ်ပြန့်လာအောင် အရင်းအနှီးများ ထုတ်ချေးနိုင်သည့် လောက်လောက်လားလား အခြေအနေတွင် မရှိပါ။ စီးပွားရေးလုပ်ငန်း ဆိုသည်မှာ ရင်းနှီးငွေကို ဈေးသက်သက် သာသာဖြင့် ရမှသာ စီးပွားရေးလုပ်ငန်း တိုးချဲ့ ဆောင်ရွက်နိုင်မည်။ ပြည်ပဘဏ်များသည် မြန်မာ့စီးပွားရေးလုပ်ငန်း သေးငယ်ရွယ်လတ်တို့ လိုအပ်နေသော ငွေအရင်းအနှီးကို ပြည်တွင်းဘဏ်တို့ထက် သက်သာသော အတိုးနှုန်းများဖြင့် ထုတ်ချေးပေးနိုင်မည် ဆိုလျှင် မြန်မာ့စီးပွားရေး ထောင်တက်လာမည် ဖြစ်သည်။
မြန်မာ့ဘဏ်များ အဓိက လှုပ်ရှား ဆောင်ရွက်နေသော လက်လီဘဏ်လုပ်ငန်း Retail banking ကို အသာထားကာ အရင်းအနှီးများ ထောက်ပံ့ပေးမည့် ဘဏ်လုပ်ငန်းများကို ပြည်ပဘဏ်များကို ခွင့်ပြုနိုင်လျှင် ကောင်းမည်ဟု ယခင် ဆောင်းပါးများတွင် ရေးသားခဲ့ဖူးသည်။ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က နိုင်ငံခြားဘဏ်များအား ပြည်တွင်းဘဏ်တို့ လုပ်ကိုင်နေသော လက်လီဘဏ်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးမည် မဟုတ်ဘဲ ပြည်တွင်းဘဏ်တို့ အားနည်းသော လက်ကားဘဏ် လုပ်ငန်းများ Wholesale banking သာ လုပ်ကိုင်ခွင့် ပေးမည်ဟု ပြောဆိုသည်ကို မကြာသေးခင်က ဖတ်လိုက်ရရာ ထိုအတိုင်းဆိုလျှင် ပြည်တွင်းဘဏ်တို့ ထင်သလောက် အထိနာမည် မဟုတ်ပေ။
ပြည်တွင်းရှိ ဘဏ်လုပ်ငန်းများတွင် နည်းပညာ၊ လုပ်သားအင်အားနှင့် ငွေအရင်းအနှီး ချို့ငဲ့ကြသည်။ ပြည်ပဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုသည် ပြည်တွင်းဘဏ်များနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဝန်ထမ်းများ ဆုံးရှုံးသွားနိုင်ကြောင်း ဘဏ်အချို့က သဘောပေါက်ထားသည်။
ပြည်တွင်းရှိဘဏ်များ အထိမနာစေရန် တစ်နည်းမှာ ပြည်ပဘဏ်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဖြစ်သည်။ ပြည်ပဘဏ်များနှင့် မိတ်ဖက် Partner အဖြစ်သော် လည်းကောင်း၊ အခြားနည်းများဖြင့်သော် လည်းကောင်း နည်းပညာများ၊ စီမံခန့်ခွဲမှု အတွေ့အကြုံများ လွှဲပြောင်းပေးလျှင် ပြည်တွင်းဘဏ်များ စွမ်းဆောင်ရည် တက်လာဖွယ် ရှိသည်။
သေချာသည်မှာ ပြည်တွင်းဘဏ်များချည်းသာ ရှိနေလျှင် မြန်မာ့စီးပွားရေး ထူထောင်ရန် ခဲယဉ်းနေဦးမည် ဖြစ်သည်။ ပြည်ပဘဏ်များကို စနစ်တကျ ဝင်ခွင့်ပေးနိုင်လျှင် ပြည်တွင်းဘဏ်များ စွမ်းဆောင်ရည် တက်မည် ဖြစ်သလို ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ငံ့လင့်နေသည့် အရင်းအနှီး ဟာကွက်ကိုလည်း ဖြည့်ပေးနိုင်မည် ဖြစ်သည်။
Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment