0

Published on: May 27, 2014
Written by: အောင်သူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် တောင်ခြေအနီး လျော်ကြေးမယူထားသော ခြံစည်းရိုးအတွင်းရှိ ယာခင်းများပေါ်တွင် ဒေသခံများက သုံးရက်အတွင်း ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာမြေများပေါ်တွင် ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရန် ဒေသခံတောင်သူ ၃၀ ကျော် စုပေါင်းလက်ရေးထိုးကာ ဆည်တည်း၊ ဇီးတောရွာသစ်ရှိ ဆက်ဆံရေးရုံးသို့ မေ ၂၇ ရက် နံနက်ပိုင်းကသွားရောက်ပြီး စာဖြင့် တင်ပြထားရှိခဲ့ကြောင်း သိရသည်။

"ပြန်ထွန်ဖို့အတွက် မနက် ၁၁ နာရီလောက်က ဒေသခံတောင်သူတွေစုပြီး ဆက်ဆံရေးရုံးကို အကြောင်းကြားစာ သွားပို့တယ်။ လက်ခံရရှိကြောင်းကိုလည်း စာရွက်တစ်ရွက်နဲ့ ဆက်ဆံရေးရုံးက ဦးစောအောင်က စာရွက်တစ်ရွက်နဲ့ လက်မှတ်ထိုးပြီး ဒေသခံတွေကို ပြန်ပေးခဲ့တယ်" ဟု ဆည်တည်းကျေးရွာမှ ဒေသခံတောင်သူ မ၀င်းဝင်းဌေးက ပြောပြသည်။

"ခြံစည်းရိုးအတွင်းမှာရှိတဲ့ ယာခင်းတွေက ဒေသခံတွေရဲ့ ဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ကိုင်လာတဲ့ ယာမြေတွေပါ။ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာတဲ့ ယာမြေတွေကို ကျွန်တော်တို့ သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် တိုးတက်ကောင်းမွန်ဖို့အတွက် လျော်ကြေးမယူဘဲ ဆက်လက်ထွန်ယက်စိုက်ပျိုးချင်တာပဲ ရှိပါတယ်။ အခုချိန်ကလည်း ထွန်ယက်စိုက်ပျိုးဖို့အတွက် သင့်တော်တဲ့ အချိန်ကာလဖြစ်ပါတယ်" ဟု ဒေသခံတောင်သူတစ်ဦးကလည်း ပြောပြသည်။

ပြီးခဲ့သည့် မေ ၁၉ ရက် ညနေပိုင်းက တရုတ်နိုင်ငံသားနှစ်ဦးအား ဆည်တည်းကျေးရွာမှ ခေါ်ယူထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ ပြန်လည်လွှတ်ပေးရန် ဒေသခံများနှင့် တာဝန်ရှိသူများ ဆက်ဆံရေးရုံးတွင် တွေ့ဆုံညှိနှိုင်းမူများ ပြုလုပ်ရာတွင် ဒေသခံများဘက်မှ ဆည်တည်းကျေးရွာသည် စိုက်ပျိုးရေးအပြင် မွေးမြူရေးပါ တွဲဖက်လုပ်ကိုင်လျက်ရှိသောကြောင့် ခြံစည်းရိုးခတ်ထားသည့် ယာမြေများပေါ်တွင် ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရန်၊ ဆိတ်၊ သိုး၊ နွားများ ၀င်ရောက်ကျောင်းနိုင်ရန် အပါအ၀င် အချက်သုံးချက်ကို တောင်းဆိုခဲ့ရာ တက်ရောက်ခဲ့ကြသည့် သတ္တုတွင်းဝန်ကြီး၊ စစ်ကိုင်းတိုင်း ဥပဒေအရာရှိ၊ ဆာလင်းကြီးမြို့ နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲမင်းကြီးတို့မှ လက်ခံသဘောတူညီခဲ့ကြကြောင်း သိရသည်။

လက်ပံတောင်းတောင်၏ တောင်ဘက် တောင်ခြေအနီးဝန်းကျင်ရှိ ခြံစည်းရိုးခတ်ရှိထားသော ယာမြေ ဧက ၂၅၀ ၀န်းကျင်တွင် ဆည်တည်းကျေးရွာမှ တောင်သူ ၃၆ ဦး ပါဝင်ပြီး ၂၀၁၂ ခုနှစ်မှစ၍ အဆိုပါယာမြေများပေါ်၌ ဒေသခံများ လုပ်ပိုင်ခွင့်မရရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလပိုင်းတွင် ခြံစည်းရိုးများ စတင်ခတ်ရှိခဲ့ပြီး ယခုအခါ မြေလျော်ကြေးရယူထားမှုမရှိသော အဆိုပါယာမြေများပေါ်တွင် မြေကျင်းတူးခြင်း၊ မြေစာပုံခြင်း၊ သံဆူးကြိုးများခတ်ခြင်း၊ အဆောက်အအုံနှင့် ရဲကင်းများ တည်ဆောက်ထားရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လက်ပံတောင်းတောင်၏ တောင်ဘက်တောင်ခြေအနီးရှိ မြေလျော်ကြေးမယူထားသော ယာမြေများပေါ်တွင် ခြံစည်းရိုးခတ် အဆောက်အအုံ တည်ဆောက်ထားမှုအား မြင်တွေ့ရစဉ်

Aye Chan Mon Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top