Published on: May 27, 2014
Written by: ချမ်းမြေ့သူ ပြည့်စုံအောင်
မြေနီကုန်း ခုံးကျော်တံတားနှင့် ဒေါပုံ-သင်္ဃန်းကျွန်း ဆက်သွယ်သည့် ငမိုးရိပ် ချောင်းကူးတံတားများ ဆောက်လုပ်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို တင်ဒါခေါ်ထားပြီး စိတ်ဝင်စားပါက လုပ်ငန်းတစ်ခုချင်းစီအတွက် အာမခံအဖြစ် ကျပ်သန်း ၁၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြေညာချက်အရ သိရသည်။
အဆိုပါ တံတားများကို ယခုဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးစီမံကိန်း လုပ်ငန်းများအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြေနီကုန်း ခုံးကျော်တံတားမှာ အရှည် ၂၁၃၂ ဒသမ ၆၅ ပေ၊ အကျယ် ၄၇ ဒသမ ၆ ပေ ရှိမည်ဖြစ်ပြီး ဒေါပုံ-သင်္ဃန်းကျွန်း ဆက်သွယ်သည့် ငမိုးရိပ် ချောင်းကူးတံတားမှာ အရှည် ၉၈၄ ဒသမ ၃ ပေ၊ အကျယ် ပေ ၄၀၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ခြောက်ပေစီ ရှိမည်ဖြစ်ကြောင်း သိရသည်။
တံတားများ တည်ဆောက်ရေးအတွက် နည်းပညာ စံချိန်စံညွှန်း အဆိုပြုလွှာ၊ ဈေးနှုန်းအဆိုပြုလွှာတို့အား တံတားတစ်ခုချင်းအလိုက် သီးခြားစီ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူးထံသို့ ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်ထားသော နည်းပညာ၊ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ကုမ္ပဏီများ၏ အဆိုပြုလွှာများအား အများရှေ့မှောက်တွင် ဖွင့်လှစ်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာထားသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများကို ကုစားနိုင်ရန် အဓိကလမ်းဆုံကြီးများဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်တို့တွင် ခုံးကျော်တံတားများ ဆောက်လုပ်ရန် ၂၀၁၁ ခုနှစ်ကတည်းက စီစဉ်ခဲ့ကြောင်း၊ လှည်းတန်းခုံးကျော်တံတားကို ရွှေတောင်ကုမ္ပဏီက တာဝန်ယူ၍ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်တွင် စတင်အသုံးပြုခွင့် ပေးခဲ့သည်။
ဘုရင့်နောင် ခုံးကျော်တံတားကို FMI ကုမ္ပဏီက တာဝန်ယူ၍ ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် စတင်တည်ဆောက်ခဲ့ပြီး ရွှေဂုံတိုင် ခုံးကျော်တံတားကိုလည်း Capital Development ကုမ္ပဏီက တာဝန်ယူ၍ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ခဲ့သော်လည်း အဆိုပါ လမ်းဆုံများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲပင် ဖြစ်သည်။
ထို့ပြင် မြေနီကုန်းလမ်းဆုံမှာလည်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလာပြီး ခုံးကျော်တံတား ဆောက်လုပ်ရန် လိုအပ်လာသည်ဟုဆိုကာ ၂၀၁၃ ခုနှစ်ကတည်းက ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေနီကုန်း ခုံးကျော်တံတားအတွက် ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံ အသုံးပြုမည်ဖြစ်ပြီး ဒေါပုံ-သင်္ဃန်းကျွန်း ဆက်သွယ်သည့် ငမိုးရိပ် ချောင်းကူးတံတားအား ငွေကျပ် ၉ ဒသမ ၂၈၂ ဘီလျံအကုန်အကျခံ တည်ဆောက်ရန် လျာထားသည်ဟု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရသုံးအရ သိရသည်။
မြေနီကုန်းလမ်းဆုံ အနီးပတ်ဝန်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Aye Chan Mon Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment