0

မန္တလေး၊ ACM Re-Post 29-5-2014

အခြေခံပညာ ကျောင်းအချို့ စည်းကမ်းလိုက်နာမှု အားနည်းနေသဖြင့် ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များမှာ စာရွက်ပေါ်တွင်သာ ရှိနေရာ မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာ ကျောင်းအုပ်ဆရာ၊ ဆရာမများ တွေ့ဆုံကာ ရှင်းပြသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။

မန္တလေးမြို့တော်ရှိ အမှတ် (၁၆) အခြေခံပညာ အထက်တန်းကျောင်းတွင် မေလ ၂၉ ရက်နေ့က ကျင်းပသည့် ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ် ဆရာ၊ ဆရာမကြီးများနှင့် ဝန်ကြီးချုပ်တို့ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အခြေခံပညာသင် ကျောင်းများကို ကျောင်းအပ်လက်ခံစဉ် အခြားအပိုငွေကြေး ကောက်ခံခြင်း မပြုရန် ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း ပြီးခဲ့သည့် နှစ်က မိုးကုတ်မြို့နယ်ရှိ ကျောင်းအုပ်ဆရာကြီး နှစ်ဦးသည် လိုက်နာခြင်း မရှိကြောင်း၊ ယင်းသို့ မဖြစ်စေရန် ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတို့ တွေ့ဆုံကာ ညွှန်ကြားချက်များ ရှင်းရှင်းလင်းလင်း သိရှိစေရန် ပြောရန်လိုကြောင်း ဝန်ကြီးချုပ်က ထပ်လောင်း ပြောကြားသည်။

ပညာရေးမှူးများနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများ ပညာသင်နှစ် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် တွေ့ဆုံရန် ညွှန်ကြားထားကြောင်း အမှတ် (၂) အခြေခံပညာဦးစီးဌာန (အထက်မြန်မာပြည်) ထံမှ စုံစမ်းသိရှိရသည်။

“ကျောင်းအတွက် လစာကို မြို့နယ်ပညာရေးမှူးဆီ လာထုတ်တဲ့အခါ ကိုယ်စား မထုတ်ခိုင်းဘဲနဲ့ ကျောင်းအုပ်ကြီးတွေကိုယ်တိုင် ထုတ်သင့်တယ်။ ဒါမှ လိုအပ်တာ ပြောလို့ရမှာ” ဟု ဝန်ကြီးချုပ် ဦးရဲမြင့်က ဆိုသည်။

အခြေခံပညာရေးတွင် မူလတန်းနှင့် အလယ်တန်း ပညာရေးအတွက် အခမဲ့ပညာရေးစနစ် ဆောင်ရွက်နေသည့် အပြင် ကျောင်းသားတစ်ဦး ကျောင်းလာအပ်ပါက တစ်ထောင်ကျပ် အစိုးရက ပြန်လည် ထောက်ပံ့ပေးကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

လာမည့် ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် ယခုနှစ် ကျောင်းအပ်ရာသီချိန်တွင် ကျောင်းသားမိဘများ၏ တိုင်ကြားမှု မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးက ပြောကြားသည်။

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top