0

ACM Re-Post 29-5-2014
Author: ရန်မျိုးနိုင်

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်လိုကြောင်း ပြည်သူလူထု ဆန္ဒသဘောထား လက်မှတ်ရေးထိုးသည့် နေရာများတွင် သက်ဆိုင်ရာ မြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များ လာရောက်ကာ စစ်ဆေးမေးမြန်းမှုများ ရှိနေကြောင်း သက်ဆိုင်ရာမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများမှ သတင်းရရှိသည်။

‘‘တစ်နေ့ကို သုံးခေါက် လောက်လာတယ်။ မနက်တစ်ခါ၊နေ့လယ်တစ်ခါ၊ ညနေတစ်ခါ လာတယ်။ ရဲရော၊ စရဖ (စစ်ဘက်ဆိုင် ရာ လုံခြုံရေးအဖွဲ့) တွေရော ပါ တယ်’’ ဟု ဗိုလ်တထောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းက ပြော သည်။

ထို့အတူ မရမ်းကုန်းမြို့နယ် အတွင်း ပြည်သူလူထု သဘောထားဆန္ဒလက်မှတ်ရေးထိုးသည့် နေရာအချို့ကို ဓာတ်ပုံရိုက်ခြင်း၊ လက်မှတ်ရေးထိုးသည့် တည်နေရာများကို မှတ်တမ်းတင်ခြင်းနှင့် တစ်နေ့တာရရှိသည့် လက်မှတ်အရေအတွက်ကို နေ့ စဉ်လာရောက် မေးမြန်းခြင်းများကို ရဲတပ်ဖွဲ့ကပြုလုပ်နေကြောင်း မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်ယဉ်နွဲ့က ပြောသည်။

‘‘သူတို့က ဘာရည်ရွယ်ချက် နဲ့ လုပ်တာလဲမေးတော့လည်း တာဝန်အရလို့ ပြောတာပဲ။ သူတို့ လုပ်ရပ်က လာပြီး လက်မှတ်ထိုး မယ့် ပြည်သူတွေကို စိတ်အနှောင့် အယှက်ဖြစ်စေတယ်’’ ဟု ဒေါ် ယဉ်နွဲ့က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရန်ပြည်သူလူထု လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများတွင် ပြုလုပ်နေကြပြီဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ် မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ရေးထိုးလှုပ်ရှားမှုကို မြန်မာတစ် နိုင်ငံလုံးရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အောက်ခြေအဆင့် ရပ်/ကျေးရုံးများအပါအ၀င် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ မြို့နယ် ဆက် ဆံရေးရုံများတွင် မေလ ၂၇ ရက် မှ ဇွန်လ ၁၉ ရက်အထိ ပြုလုပ် သွားမည်ဖြစ်သည်။

ယင်းလှုပ်ရှားမှုမှ ရရှိသော ပြည်သူလူထု၏ သဘောထား လက်မှတ်များကို ပြည်ထောင်စု လွှတ်တော်၊ နိုင်ငံတော်သမ္မတနှင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံ ပေးပို့သွားမည်ဖြစ်သည်။

အခြေခံဥပဒေပြင်ရန် လက်မှတ်ရေးထိုးခြင်းကို မေလ ၂၇ ရက်တွင် စတင်ခဲ့သည်။ (ဓာတ်ပုံ - နစ်ကီ)

Aye Chan Mon Credit To: 7Day News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top