0


By နန်းမြနဒီ
6 May 2014

ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ၀န်ထမ်း ၂ ဦး နဲ့ အရပ်သား ၁ ဦးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့ဝင်တွေက ကြိုးတုပ်ဖမ်းဆီးသွားတယ်လို့ နိုင်ငံပိုင်သတင်း စာတွေကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။

ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးရုံးက အငယ်တန်းစာရေးဦးဖြိုးဖြိုးနဲ့ ယာဉ်မောင်း ဦးမုန်ခမ်းနော်တို့ဟာ မေလ ၃ ရက်နေ့ မနက်ပိုင်းက ကချင်ချောင်းသာလို့ခေါ်တဲ့ ဧရာဝတီမြစ်ကမ်းကို အလည်အပတ်သွားရင်း အဖမ်းခံခဲ့ရတာလို့ မေ ၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ရေးပါတယ်။

အဲဒီနေ့က သူတို့ ၂ ဦးဟာ လုပ်ဖော်ကိုင်ဘက် ၀န်ထမ်း ၁၄ ဦးနဲ့အတူ ဆိုင်ကယ်တွေနဲ့ ထွက်လာတာမှာ အာလမ်ကျေးရွာအုပ်စု နယူးရတနာဦး ရာဘာခြံနားအရောက် ရှေ့ဆုံးက သွားနေတဲ့ သူတို့ဆိုင်ကယ်ကို အရပ်ဝတ် ကေအိုင်အေလက်နက်ကိုင်အဖွဲ့ဝင် ၆ ဦးက ၀ါးလုံးနဲ့တားပြီး ရာဘာခြံထဲခေါ်သွားကြောင်း၊ အလားတူ တခြားအရပ်သားတဦးကိုလည်း ခေါ်ဆောင်သွားကြောင်း၊ လုပ်ဖော်ကိုင်ဘက်တွေက နောက်ကလိုက်ကြည့်ပြီး စုံစမ်းတဲ့အခါမှာ သူတို့ ၃ ဦးစလုံးကို ကြိုးတုပ်ပြီး အင်ခိုင်ဘွမ်တောင်ခြေဘက်ခေါ်သွားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို မေးမြန်းရာမှာ ပျောက်ဆုံး သွားသူတွေကို ကနေ့ထိ ပြန်မတွေ့သေးဘဲ ဆက်လက်စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း တာဝန်ကျရဲအုပ်တဦးက ပြောပါတယ်။

ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးဒွဲဗီဇာကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ လုံးဝမသိရှိရတဲ့အပြင် ကေအိုင်အိုမှာ အရပ်သားဝန်ထမ်းတွေ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတဲ့ မူဝါဒလုံးဝမရှိပါကြောင်း၊ အခြားသော ကိုယ်ရေး ကိုယ်တာ ပြဿနာတွေကြောင့် ဖြစ်လိမ့်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန့်အောင်ကတော့ ဒီလူတွေဟာ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၄ ရဲ့ တပ်သားသစ်စုဆောင်းမှုကို ခံခဲ့ရတာဖြစ်ပြီး ဗဟိုဌာနချုပ်က ညွှန်ကြားတာ မဟုတ်တဲ့အတွက် ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ဖို့ရှိတယ်လို့ ဒီဗွီဘီကို ပြောပါ တယ်။

“ဗဟိုက ညွှန်ကြားချက်လည်းမဟုတ်တဲ့အတွက်ကြောင့် ကေအိုင်အို ဗဟိုကလည်း လွှတ်ပေးဖို့ ညွှန်ကြားထားပြီးသားလို့ ကျနော်တို့သိရပါတယ်။ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် လွတ်လာလိမ့်မယ်ခင်ဗျ။”

အဲဒီနေ့က တပ်သားစုဆောင်းခံရသူတွေ စုစုပေါင်း ၂၀ ကျော်ရှိကြောင်း၊ ထွေအုပ်ရုံးက ၀န်ထမ်း ၂ ဦးဟာလည်း ၀န်ထမ်းမှန်းမသိဘဲနဲ့ အရပ်သားတွေနဲ့အတူ ရောပြီး အဖမ်းခံရတာလို့ ဆုပါတယ်။

အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေချိန်မှာ ခုလို အစိုးရအမှုထမ်းတွေ ဖမ်းဆီးခံရမှု ဖြစ်ပွားခဲ့တာပါ။

အစိုးရဘက်ကတော့ ပြည်နယ်ထွေအုပ်ရုံးက ၀န်ထမ်းအဖမ်းခံရတာနဲ့ ပတ်သက်ပြီး နယ်မြေခံ တပ်မတော်စစ်ကြောင်းက သူတို့ပျောက်ဆုံးသွားတဲ့ နေရာတ၀ိုက်မှာ နယ်မြေရှင်း လင်းရှာဖွေဆောင်ရွက်နေတယ်လို့ မြ၀တီသတင်းမှာ ရေးသားဖော်ပြပါတယ်။

Aye Chan Mon# Credit To : DVB
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top