ရန်ကုန်၊ မေ ၁၇
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ဝေဖန်ပြောကြားသည်။
“နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းတွေကို နားထောင်ကြည့်လိုက်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက်တည်စေချင်တဲ့ သဘောထားတွေ ပါနေပါတယ်။ အဓိကကျတဲ့ ပုဒ်မတွေ မပြင်ဘဲနဲ့ တိုင်းရင်းသားတွေအကြား သွေးခွဲတဲ့ ပုဒ်မတွေကို ပြင်ဖို့ မကြိုးစားပါနဲ့။ မပြင်ချင်ဘူးဆိုရင် မပြင်ချင်ဘူး ပြောပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထို့အပြင် အစိုးရ အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး ဝေဖန်သင့်သည်များကို သိက္ခာရှိရှိ အဆင့်မြင့်မြင့် ဝေဖန်ရန် အရေးကြီးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြင်ဆင်ရေး အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များအတိုင်း ပြင်ဆင်ရမည် ဖြစ်ကြောင်း မတ်လ နောက်ဆုံးပတ် နိုင်ငံတော်သမ္မတ သက်တမ်း သုံးနှစ်ပြည့် မိန်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်း ပြောကြားထားသည်။
ထို့အပြင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစနစ် ချွတ်ခြုံကျခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အစိုးရ အဖွဲ့အစည်းများမှ ပူးပေါင်း လုပ်ဆောင်ရန် အချိန်ကျနေပြီ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။
“အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြည်သူများရဲ့ အင်အား၊ အရည်အသွေးနဲ့ ရွေးချယ်တက်မှုကို အဓိက ထားရမယ့် အချိန်ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများ ဗဟိုပူးပေါင်းကော်မတီကို မေလ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းကို ပူးတွဲဟောပြောမည် ဖြစ်ကြောင်း NLD ပါတီက သတင်းထုတ်ပြန်သည်။
“၄၃၆ ဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေး ပေးထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဒီ ၄၃၆ အရဆိုရင် တပ်မတော်သားတွေရဲ့ သဘောတူညီချက် မရှိဘဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အဓိက ပုဒ်မတွေကို ကျွန်မတို့ ပြင်လို့ မရဘူး။ တပ်မတော်သားတွေကို ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ စဉ်းစားကြည့်ပါ။ အခြား ပြည်သူပြည်သားတွေထက် ပိုပြီးတော့ အခွင့်အရေး ရနေတာ တကယ်ပဲ ဝမ်းသာစရာကိစ္စ ဟုတ်ရဲ့လား ဆိုတာ ကျွန်မ စဉ်းစားစေချင်ပါတယ်” ဟု ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းသို့ ပူးတွဲဟောပြောပွဲများ လုပ်ဆောင်ခြင်းသည် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ကို လွှတ်တော်ပြင်ပမှ လူထုအားဖြင့် ဖိအားပေးခြင်း ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ထောက်ပြသည်။
“တစ်ဖက်နဲ့ တစ်ဖက် ဝေဖန်နေကြတာထက် တွေ့ဆုံဆွေးနွေးတဲ့ အဆင့်ကို တက်လှမ်းနိုင်ရင် ပိုကောင်းပါမယ်” ဟု ၎င်းကဆိုသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံတော် အချုပ်အခြာအာဏာ အထိခိုက်မခံဘဲ ဥပဒေဘောင် အတွင်းက ဆောင်ရွက်ရမည် ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့ မန္တလေးမြို့တွင် ပြုလုပ်သည့် ၂၀၁၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုညစာ စားပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးထံ ဆက်သွယ်မေးမြန်းရာ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အခြေခံဥပဒေမှ ပေးအပ်ထားသော ပြင်ဆင်ခြင်း စည်းမျဉ်းများကို မကျော်လွန်ဘဲ တရားဥပဒေစိုးမိုးရေးနှင့်အညီ ပြင်ဆင်ရန် နိုင်ငံတော် အကြီးအကဲ တစ်ယောက်အနေနှင့် သတိပေးခြင်းသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အခြေခံဥပဒေ ပြင်ဆင်ဖို့ အခွင့်အာဏာက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို အခွင့်အရေး ပေးထားတာ။ အဲဒီတော့ လွှတ်တော်အတွင်းမှာပဲ ဆွေးနွေးခြင်းဖြင့် ပြင်ဆင်ရေးကို လှုပ်ရှားသင့်ပါတယ်” ဟု ၎င်းကဆိုသည်။
The Voice Weekly
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.