0

ACM Re-Post 25-5-2014

Written by သတင်းဆောင်းပါး - ပြည့်ဖြိုးလင်း၊ ဥမ္မာလွင်

ဟိမဝန္တာ တောင်တန်း၏ အရှေ့တောင်ပိုင်းဒေသမှ မြစ်ဖျားခံလာပြီး ကချင်ပြည်နယ် မလိခနှင့် မေခ မြစ်ပေါင်းဆုံရာမှ စတင်စီးဆင်းလာသည့် ဧရာဝတီမြစ်သည် သစ်တော ပြုန်းတီးခြင်းနှင့် တရားမဝင် ရွှေတူးဖော်မှုများကြောင့် ရေလမ်းကြောင်း ပျက်စီးနေသဖြင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ချေးမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေဖြင့် အကောင်အထည် ဖော်မည့် ဧရာဝတီ မြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲရေး စီမံကိန်းတွင် ရေလမ်းကြောင်း ပြုပြင်ရန်၊ ရေကြီးရေလျှံမှုကို ကာကွယ်ရန်နှင့် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ကြိုတင်သတိပေးချက် အဆင့်မြှင့်တင်ရန်တို့ ပါဝင်သည်။

သို့သော်လည်း ယင်းစီမံကိန်း အကောင်အထည်ဖော်မည့် ဧရာဝတီမြစ်၏ ရေဝေရေလဲဒေသတွင် သစ်တောများ ပြုန်းတီးလျက်ရှိပြီး မြစ်အထက်ပိုင်းတွင် တရားမဝင်နှင့် တရားဝင် ရွှေတူးဖော်သည့် လုပ်ငန်း အများအပြား ခွင့်ပြုထားသဖြင့် ဧရာဝတီမြစ်အတွင်း နုန်းပို့ချမှုများနှင့် ရေထုအဆိပ်သင့် ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိကာ ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ဒေသခံများက ထောက်ပြကြသည်။

ယင်းအပြင် နုန်းအနည်ပို့ချမှုမှာလည်း တစ်နှစ်လျှင် တန်ချိန်သန်း ၄၀၀ ခန့် ရှိခြင်းကြောင့် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုန်းအနည် အများဆုံး ပို့ချသည့် မြစ်တစ်စင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဧရာဝတီ မြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲရေး စီမံကိန်းဆိုင်ရာ လေ့လာထားသည့် စစ်တမ်းက ဆိုထားသည်။

“ဧရာဝတီမြစ်ကြီး ဖျားနာတာက ရောဂါတစ်ခုတည်းကြောင့် မဟုတ်ဘူး။ ရွှေမိုင်းတွေကြောင့် ရေတွေလည်း အဆိပ်သင့်နေပြီဆိုတော့ စီမံကိန်းကနေ လိုအပ်တဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ကောက်နိုင်ဖို့ လိုတယ်” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးများ လုပ်ဆောင်လျက်ရှိသည့် EcoDev ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောကြားသည်။

ဧရာဝတီမြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်ယူမည့် ရေကာတာများ မတည်ဆောက်မီ ရွှေလုပ်ကွက် အများအပြား ခွင့်ပြုထားခြင်းကြောင့် ဓာတုအဆိပ်သင့်ရေများ မြစ်ကြောင်းအတွင်း ပျော်ဝင်စီးဆင်း နေသည့်အပြင် မေခမြစ်တစ်လျှောက်လုံး ကမ်းတစ်ဖက် တစ်ချက်စီတွင်လည်း ခြောက်ဖာလုံစီခန့်ချဲ့၍ မြေကြီးများ ရေဖျော်ကာ ရွှေတူးဖော်နေမှုများ ရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင် ဒေါ်ခွန်ဂျာက ပြောဆိုသည်။

သတ္တုတွင်း ဝန်ကြီးဌာန၏ တရားဝင် ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသော ရွှေတူးဖော်ရေး လုပ်ကွက်များသည် ဧရာဝတီမြစ် ပေါ်တွင်သာမက မြစ်လက်တက်များတွင်ပါ ရှိနေသည့်အတွက် ယခုအကောင်အထည် ဖော်မည့် စီမံကိန်းက မည်သို့ဖြေရှင်းပေးမည်လဲ ဆိုသည်ကို ၎င်းက ယခုကဲ့သို့ မေးခွန်းထုတ် ပြောဆိုသည်။
“ဧရာဝတီလို မြစ်မကြီးပေါ်မှာ ဘယ်လောက် အတိုင်းအတာအထိ တူးဖော်ခွင့် မရှိဘူးဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ရှိပေမယ့် အဲဒါတွေကို လိုက်နာမှုမရှိဘူး၊ သဲနုန်းတွေကို မြစ်ကြောင်းပေါ်ရောက်မှပဲ သယ်ထုတ်ကြမှာလား။ နောက်ထပ် သဲနုန်းမပို့ချအောင် ဘယ်လောက် အတိုင်းအတာအထိ ဒီစီမံကိန်းက ညှိနှိုင်းဆွေးနွေး ပေးနိုင်မှာလဲ”

ဧရာဝတီမြစ်တွင် သဲနုန်းများကြောင့် သောင်ဖြစ်ထွန်းမှုများပြီး နွေရာသီတွင် ကုန်တင်သင်္ဘောများ သွားလာရန် ရေအနက်လုံလောက်မှု မရှိသည့်အတွက် ရေစူးကန့်သတ်ချက် ထားရှိမှုကို လျှော့ချရန် မန္တလေးနှင့် ညောင်ဦးလမ်းပိုင်းတွင် သောင်တူးဖော်သည့် လုပ်ငန်းများကို အဓိကထား လုပ်ဆောင်မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောကြားသည်။

“ကွန်တိန်နာတွေ ဖြတ်သန်းသွားနိုင်အောင် ဧရာဝတီမြစ်ထဲမှာ တစ်နှစ်ပတ်လုံးရေက အနည်းဆုံး သုံးမီတာရှိရမယ်လို့ ရည်မှန်းထားတယ်။ အဲဒါကို ဒီစီမံကိန်းကနေ ရနိုင်သလောက် ရအောင်လုပ်ရမယ်” ဟု ၎င်းကပြောဆိုသည်။

ဧရာဝတီမြစ်သည် အထက်ပိုင်းသာမက မြစ်အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသတွင်ပါ ပုဂ္ဂလိကပိုင် ပုစွန်မွေးမြူရေး လုပ်ငန်းများ စည်းကမ်းမဲ့ လုပ်ကိုင်နေမှုနှင့် သစ်တောပြုန်းတီးမှု များကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေရာ ဧရာဝတီ ရေချိုရွှံ့ညွန်တောများအတွင်း နေထိုင်သည့် တောရိုင်းတိရစ္ဆာန်များ၏ အနာဂတ် ရှင်သန်ရေးသည် အထူးစိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိနေကြောင်း ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (World Wildlife Fund) က သတိပေးထားသည်။

စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်ရာတွင် ဒေသခံများနှင့် သက်ဆိုင်ရာ အောက်ခြေ အစိုးရ တာဝန်ရှိသူများကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ်ပြီး စီမံကိန်းဆိုင်ရာ အချက်အလက်များကို ချပြနိုင်ရမည်ဟူသည့် အချက်ကိုလည်း ဦးဝင်းမျိုးသူက ထောက်ပြ ပြောဆိုသည်။

“ဒီစီမံကိန်းမှာ river basin လို့ သုံးထားပေမယ့် river basin management အပိုင်းမပါဘူး ဖြစ်နေတယ်။ ဒါကို မပါပါအောင် ထည့်စဉ်းစားဖို့ လိုတယ်” ဟု မြန်မာနိုင်ငံ သစ်တောအသင်း အတွင်းရေးမှူး ဦးတင်အေးက အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်သည်။

မည်သို့ဆိုစေ ယခုကမ္ဘာ့ဘဏ်နှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့က အကောင်အထည် ဖော်မည့် ထိုစီမံကိန်းသည် လက်ရှိအချိန်တွင် နာမကျန်း ဖြစ်နေသော ဧရာဝတီမြစ်ကြီးအတွက် ပြန်လည် ကောင်းမွန်လာမည့် ဆေးကုသနည်းသစ် တစ်ရပ်ဟု ရှုမြင်ကြသူများလည်း ရှိသည်။

“ဒီစီမံကိန်းကြီး ဆောင်ရွက်မယ်ဆိုရင် အထက်ကနေ အောက်ခြေအထိ လာဘ်စားမှု ကင်းရမယ်။ မြစ်ကြောင်း တစ်လျှောက်က ဒေသခံတွေပါ ဒီစီမံကိန်းထဲပါဖို့ လိုတယ်။ ဒါဆိုရင် ဧရာဝတီမြစ်ကြီး ပြန်ကောင်းလာမယ်လို့ မျှော်လင့် ယုံကြည်မိတယ်” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေဝီသန့်စင်က ဆိုသည်။

ယင်းစီမံကိန်းသည် အားနည်းချက်များ ရှိနေသည့် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက် ဝန်ဆောင်မှုများ ခေတ်မီစေရန်နှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ် ကင်းမှု မြှင့်တင်ရန်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံမူဘောင် (ESMF) ဖြင့် ဆန်းစစ်သွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ကြေညာထားသည်။
“လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ မှန်တယ်။ လက်ရှိထက် ပိုကောင်းအောင်လုပ်ဖို့ ပြောင်းလဲမှု တစ်ခုကိုတော့ စောင့်ရမယ်” ဟု ဦးစိန်ထွန်းက ဖြေရှင်းပြောဆိုသည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ယာယီရပ်ဆိုင်းထားသော ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကိုလည်း ၂၀၁၅ ခုနှစ်တွင် ပြန်လည် အကောင်အထည်ဖော်ရန် တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) က ကြိုးပမ်းလျက်ရှိရာ နိုင်ငံရေးပါတီများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက အပြင်းအထန် ကန့်ကွက်လျက် ရှိကြသည်။

အဆိုပါ ရေအားလျှပ်စစ် ထုတ်ယူမည့် ဆည်များမှာလည်း ဘေးကင်းလုံခြုံမှု မရှိကြောင်း ကမ္ဘာ့ဘဏ်၏ ဘေးဆီးရန် ကာမူဝါဒ လေ့လာထားချက် စစ်တမ်းက ဖော်ပြနေသည်။

စီမံကိန်းအတွက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင် အကြမ်းကို ယခုနှစ် ဇူလိုင်လတွင် ဆွေးနွေးပြီး အကြံပြုချက်များ ထပ်မံရယူ၍ လေ့လာ ဆန်းစစ်ခြင်းကို သြဂုတ်လတွင် ပြုလုပ်မည် ဖြစ်ကြောင်း၊ ဒီဇင်ဘာလတွင် ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့က ငွေချေးရန် အတည်ပြုမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် စီမံကိန်း စတင်မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြေညာထားသည်။

ယင်းသို့ ပတ်ဝန်းကျင်နှင့် လူမှုရေး စီမံခန့်ခွဲမှု မူဘောင် လေ့လာဆန်းစစ်ခြင်းကိုမူ အချိန်တိုတိုဖြင့် လုပ်ဆောင်ရန် မသင့်ဘဲ အချိန်ယူ ဆောင်ရွက်သွားသင့်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ရူမြင်ကြသည်။

“သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုစစ်တမ်း မူဘောင် ရေးဆွဲတာ အချိန်ကာလ နည်းနေတယ်” ဟု ဧရာဝတီမြစ် ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့ မကွေးတိုင်း တာဝန်ခံဖြစ်သူ ဦးအိုလာက သုံးသပ်သည်။

ဧရာဝတီ မြစ်ကြောင်းအတွင်း ရေလမ်းကြောင်း ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက တာဝန်ယူ ဆောင်ရွက်နေသော်လည်း တစ်နှစ်ထက်တစ်နှစ် ပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ရေလမ်းကြောင်း ပိုမိုပျက်စီးလာခြင်းများက စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် အားနည်းချက်များ ရှိနေသည်ကို မီးမောင်းထိုးပြ နေခြင်းဖြစ်ရာ၂၀၁၅ ခုနှစ်တွင် စတင်မည့် စီမံကိန်းကြီးမှ အသက်ငင်နေသည့် ဧရာဝတီအတွက် မည်သို့ရလဒ် ထွက်ပေါ်လာမည်ကို မျှော်လင့်ရမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောဆိုကြသည်။

ယင်းကဲ့သို့ အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံက ပိုင်ဆိုင်သည့် ဧရာဝတီမြစ်ကြီး ယိုယွင်းပျက်စီး လာနေမှုကို ပြန်လည် ကုစားနိုင်မည့် ကမ္ဘာ့ဘဏ်၏ စီမံကိန်းကို သစ်တောပညာရှင် ဦးအုန်းက ယခုကဲ့သို့ သုံးသပ်သည်။

“ငွေကြေးတတ်နိုင်ပြီး လုပ်တာကိုင်တာ မှန်တယ်၊ အချိန်လည်း ယူနိုင်မယ်ဆိုရင် ဧရာဝတီက ပြန်ကောင်းလာနိုင်မယ်” ဟူ၍ ဖြစ်သည်။

ACM Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top