ထိုင်းစစ်တပ် အာဏာသိမ်းမှု နမူနာကောင်းလား
စည်သူအောင်မြင့် ACM Re-Post 26-5-2014
ပြီးခဲ့တဲ့ မေလ ၂၀ ရက်က အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အစိုးရအဖွဲ့ကို ကြိုတင် အကြောင်းကြားတာမျိုးမရှိဘဲ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာပါတယ်။ ကြည်းတပ် ဦးစီးချုပ်က ဒါဟာ အာဏာသိမ်းတာ မဟုတ်ဘူး၊ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို ထိန်းသိမ်းဖို့အတွက် ကြေညာရတာလို့ ဆိုပါတယ်။ စစ်သားတွေ လမ်းပေါ် ထွက်လာကြပါတယ်။ ထုံးစံအတိုင်း ထိုင်း ပြည်သူတွေက ပန်းစည်းကမ်းသူကမ်း၊ ဓာတ်ပုံတွဲရိုက် သူရိုက် ကြိုဆိုကြပါတယ်။ ဒါပေမဲ့ နောက်နှစ်ရက်အကြာ မေလ ၂၂ ရက်မှာတော့ စစ်တပ်က အာဏာသိမ်းလိုက်ပြီလို့ ကြေညာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းနိုင်ငံဟာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ သမိုင်းကြောင်းအရလည်း အဆက်အစပ်တွေ ရှိကြလေတော့ ထိုင်း စစ်အာဏာသိမ်းပွဲ မြန်မာနိုင်ငံသားတွေ စိတ်ဝင်စားကြပါတယ်။ ထိုင်းစစ်တပ် ဘာတွေလှုပ်ရှားနေသလဲ၊ နိုင်ငံတကာက ဘယ်လို သဘောထားသလဲ၊ အရင် ၂၀၀၆ တုန်းကလို မြန်မြန် ပြန်ဆုတ်မှာလား၊ ကြာမှာလား၊ တစ်ဆက်တည်း အဲလို စစ်တပ် အာဏာသိမ်းမှုမျိုး မြန်မာနိုင်ငံမှာရော ဖြစ်လာနိုင်သလား၊ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ် ဘာကွာသလဲ စတဲ့ မေးခွန်းတွေ မေးကြ၊ ဆွေးနွေးကြပါတယ်။
လက်ရှိ ထိုင်းစစ်တပ်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးဆုံးအသက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပါပြီ။ ပြောရရင်လက်ရှိ ထိုင်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ စစ်တပ်ကို အာဏာသိမ်းခွင့် ပေးမထားပါဘူး။ ဖွဲ့စည်းပုံကို ချိုးဖောက်ပြီး စစ်အာဏာသိမ်းတာပါ။ တစ်ဆက်တည်း အောက်လွှတ်တော်ရော၊ အထက်လွှတ်တော်ကိုပါ ဖျက်သိမ်းလိုက်ပါပြီ။ အစိုးရဘက်ကရော အတိုက်အခံတွေဘက်ကပါ ရာနဲ့ချီတဲ့ နိုင်ငံရေးသမားတွေကို ထိန်းသိမ်းထားပါတယ်။ ဘယ်နေရာမှာဆိုတာ မပြောပါဘူး။ ကြည့်ရတာ တစ်နေရာမှာ စုစည်း လှောင်ပိတ်ပြီး တိုင်းပြည် ရှေ့ရေး သဘောတူညီချက်တစ်ခုရဖို့ ဆွေးနွေးညှိနှိုင်းခိုင်းထားတဲ့ သဘောပါ။ စစ်တပ်က သေနတ်နဲ့ ချိန်ပြီး ညှိခိုင်းတယ်ဆိုကတည်းက အဲဒီညှိနှိုင်းမှုရလဒ်ဟာ စစ်တပ်က လက်ခံတဲ့ ရလဒ်ဖြစ်ရမယ်ဆိုတာကတော့ အထူးပြောဖို့ မလိုပါဘူး။ သက်ဆိုင်ရာ စစ်အာဏာသိမ်း တာဝန်ရှိသူတွေကတော့ ဒီနိုင်ငံရေးသမားတွေကို တစ်ပတ်ထက်ပိုပြီး ထိန်းသိမ်းမထားပါဘူးလို့တော့ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။
ထိုင်းနိုင်ငံရေးမှာ ဖြစ်နေတာက ရွေးကောက်ပွဲ လုပ်လိုက်တိုင်း နိုင်တဲ့ ရွေးကောက်ပွဲ မင်းသားကြီး သက်ဆင်ရှင်နာဝပ် ဆွေမျိုးသားချင်းနဲ့ နိုင်ငံရေးအုပ်စုက တစ်ဖက်၊ ရွေေးကာက်ပွဲရှုံးတိုင်း လမ်းပေါ်ထွက် ဆန္ဒပြတတ်တဲ့ ဒီမိုကရက်ပါတီ ဦးဆောင်တဲ့ မြို့ပေါ်ပညာတတ်၊ အီလစ်တွေနဲ့ သက်ဆင်အုပ်စုကို မကြိုက်တဲ့ ဘုရင့် အတိုင်ပင်ခံကောင်စီအုပ်စုက တစ်ဖက် ဖြစ်ပွားနေတဲ့ ပြဿနာပါ။ စစ်တပ်ကို ဘုရင့်အတိုင်ပင်ခံ ကောင်စီက ထိန်းချုပ်ထားပါတယ်။ ရွေးကောက်ခံအစိုးရ လက်အောက်မှာ ရှိမနေပါဘူး။ ရွေးကောက်ပွဲ တစ်ခု လုပ်လိုက်၊ သက်ဆင် အုပ်စုပါတီက အနိုင်ရ၊ အစိုးရဖွဲ့၊ အတိုက်အခံက လမ်းပေါ်ထွက် ဆန္ဒပြ၊ အစိုးရရုံးတွေကို သိမ်းပိုက်၊ အဲဒီအချိန်အခြေအနေကို ကိုင်တွယ် ထိန်းသိမ်းဖို့ ရဲတွေကလည်း မနိုင်၊ စစ်တပ်ကလည်း ကြားနေတယ်ဆိုပြီး ဥပဒေစိုးမိုးရေးကို ၀င်လုပ်မပေး၊ နောက် အစိုးရဘက်က တန်ပြန် ဆန္ဒပြမှုတွေ လုပ်၊ မတည်မငြိမ်ဖြစ်လာမှ စစ်တပ်ကအာဏာသိမ်း၊ စစ်တပ်က သူသဘောကျသူကို အုပ်ချုပ် ခွင့်ပေး၊ ဖွဲ့စည်းပုံ ပြန်ဆွဲ၊ ရွေးကောက်ပွဲပြန်လုပ်၊ သက်ဆင်အုပ်စုပဲ ပြန်နိုင်၊ အဲဒီသံသရာလည်နေတာပါ။ စစ်တပ်ဟာ ရွေးကောက်ခံ အစိုးရတိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် အုပ်ချုပ်နိုင်အောင် တရားဥပဒေစိုးမိုးရေးကို ကောင်းကောင်းလုပ်ပေးရင် ဒီပြဿနာ မပေါ်ပါဘူး။ ထိုင်းစစ်တပ်ကိုယ်တိုင် ဘက်လိုက်မှုရှိ၊ ရွေးကောက်ခံအစိုးရကို သဘောမကျရာကနေ အာဏာသိမ်းမှုတွေ ပေါ်ပေါက်လာတာပါ။ အခုလည်း အဲဒီအတိုင်း ဆက်သွားပါဦးမယ်။ ဒီအတွက် ထိုင်းစစ်ဘက်က အာဏာသိမ်းတာကို လုံးဝ မထောက်ခံသင့်သလို မြန်မာနိုင်ငံအတွက် နမူနာကောင်းလည်း မဟုတ်ပါဘူး။
နောက်ပြဿနာတစ်ခုက မြန်မာနိုင်ငံမှာရောခုလို အာဏာသိမ်းမှုမျိုး ပေါ်ပေါက်လာနိုင်သလား ဆိုတာပါ။ လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၈၈ ပွင့်လင်း အဖွဲ့တွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ရေး လူထုဟော ပြောပွဲတွေမှာ တပ်မတော် ဘက်လှည့်ပြီး စစ်တန်းလျားပြန်ဖို့ စိန်ခေါ်မှုတွေ၊ အဲဒါကိုပဲ လူထုက လက်ခုပ် တဖြောင်းဖြောင်းတီးပြီး ထောက်ခံနေကြတာတွေ၊ ဒီပွဲတွေမတိုင်ခင် သမ္မတဦးသိန်းစိန်က တိုင်းပြည်မငြိမ်မသက် ဖြစ်နိုင်တယ်ဆိုပြီး သတိပေးသလိုလို၊ နိမိတ်ဖတ်သလိုလို၊ အချက်ပြသလိုလို စကားပြောခဲ့တာတွေကို အခြေခံပြီး မေးခွန်းထုတ်ကြတာပါ။ ဒါနဲ့ပတ်သက်လို့ လုံးဝစိုးရိမ်စရာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်၊ အစိုးရအဖွဲ့၊ ဥပဒေပြုရေးလွှတ်တော် အားလုံးလိုလိုလောက်ဟာ စစ်ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ လက်ထဲ ရာခိုင်နှုန်းပြည့်ရှိနေတာမို့ အာဏာသိမ်းဖို့ကို မလိုတာပါ။ လက်ရှိ ပြည်သူတွေကို အုပ်ချုပ်နေတာကလည်း စစ်တပ်ပါပဲ။ ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်ထဲရေး ၀န်ကြီးဌာနကနေတစ်ဆင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေကနေ တစ်ဆင့် ပြည်သူတွေကို တိုက်ရိုက်အုပ်ချုပ်နေဆဲပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု မဖြစ်ပေါ်နိုင်ဘူး ပြောရတာပါ။ အနည်းဆုံး ၂၀၁၅ ရွေးကောက် ပွဲမတိုင်ခင် စစ်တပ်က အာဏာသိမ်းတာမျိုး လုံးဝမဖြစ်နိုင်ပါဘူး။
အရေးအကြီးဆုံးအချက်ကတော့ ထိုင်း စစ်တပ်နဲ့ မြန်မာစစ်တပ် လုံးဝမတူတာပါ။ မြန်မာနိုင်ငံကို စစ်တပ်က လုံးဝစိုးမိုး အုပ်ချုပ်ခဲ့တဲ့ အနှစ် ၆၀ ကာလအတွင်း မြန်မာပြည်သူတွေရဲ့ အဆင့်အတန်း၊ တိုင်းပြည် အဆင့်အတန်း၊ တိုင်းပြည်ဂုဏ်သိက္ခာ ကုန်းကောက်စရာ မရှိအောင် ကျဆင်းသွားခဲ့ပေမယ့် ထိုင်းစစ်တပ်ကတော့ သူတို့နိုင်ငံ ခုလိုအဆင့်အတန်းမျိုး ရောက်လာအောင် တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းမှုတွေ မကြာခဏ လုပ်ခဲ့တာ မှန်ပေမယ့် တိုင်းပြည်ပညာရေး၊ စီးပွားရေး၊ အခြေခံ အဆောက်အအုံပျက်စီးအောင်အထိ မလုပ်ခဲ့ပါဘူး။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း အမေရိကန်ပြည်ထောင်စုလို အာဏာသိမ်းတာနဲ့ ချက်ချင်း ရှုတ်ချတဲ့၊ အားမပေးတဲ့၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တန်ဖိုးထားတဲ့ အင်အားကြီး နိုင်ငံလိုမျိုးတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးထူထောင်ထားနိုင်ခဲ့တဲ့ စစ်တပ် ဖြစ်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ထိုင်းစစ်တပ်က အာဏာသိမ်းတဲ့ အစဉ်အလာတွေကို အားမကျဘဲ ပြည်သူနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်အောင် ဘယ်လိုအားပေးပါဝင် လုပ်နိုင်ခဲ့သလဲဆိုတာကိုသာ အားကျ အတု ခိုးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Aye Chan Mon Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.