ရေးသားသူ - သင်းရီ
မနေ့ညက မိုးတစ်ပြိုက်ရွာသည်။
သည်ကနေ့ ပိတောက် နည်းနည်းပွင့် သည်။
ဟိုဘက် သုံးရက်လောက်တုန်းက ရွာလိုက်သည့်မိုးနှင့်ဆို သည်မိုးဦးမှာ မိုးရွာတာ နှစ်ကြိမ်ရှိသွားပြီ။ ပြင်းထန်လွန်းလှသည့် အပူလေးနည်းနည်း သက်သာသလိုရှိ၏။ သို့ သော် အပူရှိန်က ပြင်းဆဲရှိသေးသဖြင့် ပိ တောက်ဖူးတွေပင် အကုန်မပွင့်နိုင်။ အငုံတန်း လန်းကျန်တာတွေ အပုံအပင်နှင့် ပိတောက်ပင်တွေက မြုံနေသည်။ မနှစ်က အပူကိုမေ့ သွား၍မဟုတ်လည်း သည်နှစ်အပူရှိန်က ပိုမြင့်လာတာတော့ သေချာသည်။ ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းတွေလည်း ပိုမြင့်လာ သဖြင့် သည်တစ်နွေ၏ သတင်းစာတွေထဲမှာ သတိပေးချက်တွေ နေ့တိုင်းထည့်ပေးနေခဲ့ရတာ ဖတ်မိသည်။ ဟိုတုန်းအခါများကတော့ ရန်ကုန်ဆိုသည်က အပူအအေး အလွန်သပ္ပာ ယမျှသည့်မြို့ဟု ဆိုစမတ်ပြုခဲ့ကြရသည်။ နွေမပူ ဆောင်းမအေးသည့်မြို့။ ယခုနှစ်တွေ ထဲမှာတော့ အဲ့သည်ရာသီဥတုက ဖောက်ပြန် သွားခဲ့ပြီ။ ဆောင်းတုန်းကလည်း ယခင် ဆောင်းနှင့်မတူအောင် အေးခဲ့သည်။ ဖြတ်ရ ဆဲနွေမှာလည်း အရိပ်ထဲနေရသည်ပင် ကျောကော့နေအောင်ပူသည်။
ရာသီဥတုတွေ သည်လိုကြမ်းတမ်းလာ သည်က ရန်ကုန်မှာတွင်လား ဆိုတော့လည်း မဟုတ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှ အောင် ပန်းမှာလည်း တောင်ကြီးမှာလည်း အရင်က နှယ်မဟုတ်ဘဲ ပူသည်တဲ့။ တောင်ကြီး မှာဆို တောင်ပေါ်က ရေထွက်တွေ ခန်းခြောက်ကုန် သဖြင့် သုံးရေသောက်ရေပင် အခက်ကြုံကြ ရသည်တဲ့။ အင်းလေးကန်ကြီးလည်း ကြောက် စရာ စိုးရိမ်စရာ ကောင်းလောက်အောင်ပင် ရေတွေ ခန်းလာသည်တဲ့ ဆိုသည့်သတင်းမျိုး တွေကို ကြားလာခဲ့ရသည်မှာလည်း နှစ်နှစ်ကျော် လောက်ရှိပြီ။
သည်နှစ် သင်္ကြန်မတိုင်ခင်က နွေရာသီ အပန်းဖြေစခန်းဆိုသည့် ပင်လယ် ကမ်းခြေ သို့ ရောက်သွားခဲ့တော့လည်း နေ့ခင်းနေ့လယ် ဆို အပြင်မထွက်ဝံ့သည်ထိပူသည်။ အညာ နှင့် မြေလတ်ဒေသတွေများတွင်တော့ ဆိုဖွယ် ရာမရှိတော့ဟုသာ ဆိုရ တော့မည်ဖြစ်၏။
ကမ်းခြေမှအပြန် သင်္ကြန်ရက်က မြေ လတ်အောက်ပိုင်းဒေသတွင်ရှိသော ကိုယ်တို့ ဇာတိမြို့လေးသို့ မိသားစုတစ်စုလုံး ပြန်ဖြစ် တော့လည်း ပူလိုက်သည်မှာ နေစရာမရှိ။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ငယ်စဉ်ဘ၀တုန်းက သင်္ကြန်ရက်ကို ပြန်တွေးတော့ သည်လောက် မပူဘူးလားဟုပဲသတိရသည်။ သင်္ကြန်ရက် ဆို မိုးတိမ်တိုက်လေးတွေ အုံ့ပျပျနှင့် သင်္ကြန် လက်ဆေးမိုးလေး ရွာတတ်သည်မို့ ပိတောက် ပန်းတွေ တထိန်ထိန်နှင့် ဟိုတုန်းကသင်္ကြန်က ပိတောက်ပန်းပန်ရသည်။ ပိတောက်ဆိုသည် က သင်္ကြန်၏ သင်္ကေတဖြစ်သည်။ ယခုနှစ် တွေထဲတွင်တော့ အဲ့သည်သင်္ကေတလည်း ပျက်ခဲ့ပြီ ထင်၏။ ပိတောက်ပင်တွေကိုကြည့် လိုက်တော့ အဖူးအငုံတွေအပြုံအခဲနှင့် မပွင့် ရဲသလို ခေါင်းငိုက်၍ခံနေကြသည်။
ကိုယ်တို့ မြို့လေး၏ မြို့လယ်ကောင်ရှိ ““ဗိုလ်ချုပ်အောင်ဆန်း စာကြည့်တိုက်”” တွင် လူ ငယ်များကဦးစီးကာ နှစ်စဉ်မပျက်ဆောင်ရွက် လာခဲ့ကြသည့် နှစ်သစ်ကူး သင်္ကြန်အတက် နေ့ တရော်ကင်မွန်း ခေါင်းလျှော်ရည်လှူဒါန်း ပွဲလေးကမူ စဉ်လာမပျက် ရှိနေဆဲဖြစ်၏။ သည်တရော်ရည် လှူဒါန်းပွဲလေး၏ သမိုင်း နောက်ကြောင်းဆီ ပြန်ငဲ့ကြည့်တော့ နှစ်ပေါင်း ငါးဆယ်နီးပါး ၁၉၆၇ လောက်ကတည်းကပင် စတင်လာခဲ့ ကြခြင်းဖြစ်သည်။ သည်တုန်းက ကိုယ်တို့အသက် ဆယ့်လေးငါးခြောက်နှစ်။
မနက်စောစော အုန်းမောင်းခေါက်လောက် အိပ်ရာထကြ။ အဆာပြေ စားဖို့ ထမင်းကြမ်း လေးတွေ အင်ဖက်နှင့်ထုပ်ကြလျက် ကိုယ်တို့ မြို့လေးမှ အရှေ့ဘက်သို့ ထွက်လိုက် လျှင် ပဲခူးရိုးမ၏ခြေရင်းတောစပ်က လေးဆယ့် ငါးမိနစ်လောက် လူငယ်ခြေထောက် ပြင်းပြင်း လျှောက်လျှင် ရောက်သည်။
အဲ့သည်တောစပ် အင်တိုင်းတောထဲမှာ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်းကတိုးပင်တွေ ပေါက်သည်။ သမင်၊ ချေ၊ ၀က်၊ ယုန်၊ကြောင် တောသတ္တ၀ါလေးတွေ ကျက်စား ပျော်မြူး ကြသည်။ ကိုယ်တို့ လူငယ်သိုက် တရော်ပင် ခုတ်ဖို့ အင်ဖုတ်တောတွေထဲ သောသောမြည် အောင်တိုးကြလျှင် တစ်ညလုံး အစာလှည့် ပတ်စားပြီး အိပ်ကျင်းသို့ ပြန်ဝင်မှေးစ ချေ နှင့် ယုန်ကလေးတွေ ထထ ပြေးတတ်သည်။ တစ်နာရီလောက်ကြာအောင် ခုတ်ကြခွာကြ လျှင် တစ်မြို့လုံးအနှံ့နှင့် ရွာနီးချုပ်စပ်တွေထိ အိမ်တိုင်းစေ့ ခေါင်းလျှော်ရည်ဝေနိုင်ဖို့ တရော် အလုံအလောက်ရပြီ။ သည်တော့ နေမမြင့် ခင် မြို့ပေါ်အရောက်ပြန်နိုင်ခဲ့ကြသည်။
တရော်ခုတ်သည့် လူငယ်သိုက် ပြန်ရောက် ပြီ ဆိုသည်နှင့် တရော်ခေါက် အရောက်ကို အသင့်စောင့်နေကြသည့် လူငယ်အမျိုးသမီး သိုက်က တရော်ခေါက် တွေကိုထုကြ။ ကင်မွန်းသီး ပြုတ်သူက ပြုတ်ကြနှင့် ညနေစောင်း ၃ နာရီဆို တရော်ရည် စည်းပိုင်းတွေကို နွား လှည်းတွေပေါ်တင်ပြီး မြို့ပေါ်မှာ နှစ်သစ်ကူး တရော်ရည် ဝေနိုင်ခဲ့ကြသည်။
ယခုတော့ အခြေအနေတွေက အပြောင်း လဲကြီး ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ဟိုတုန်းအ ခါ နှစ်ငါးဆယ်က သင်္ကြန်ဆို သဲမြေအိုးတွေ လာရောင်းသည့် မြို့နှင့် လေးငါးခြောက်မိုင် ဝေးသည့်ရွာတွေမှ အိုးတွေတင်လာသည့် နွားလှည်းတွေကို မတွေ့ရတော့။ သဲအိုးတွေ ကမူ ရောင်းဆဲရှိသော်လည်း လှည်းနှင့်မလာ။ တရုတ်မှ လာသည့်ထော်လာဂျီတွေနှင့် တင် လာကြသည်တဲ့။ တရုတ်လုပ် မော်တော်ဆိုင် ကယ်တွေကလည်း မြို့ထဲက လမ်းတွေပေါ်မှာ မနည်းကြည့်ရှောင်ရသည်။ တထုံးထုံး တဖုန်း ဖုန်းနှင့်။ ညနေ တရော်ဝေချိန် ကျတော့လည်း နွားလှည်းတွေနှင့် မဟုတ်တော့။ ထော်လာဂျီ တွေ တဖုန်းဖုန်းနှင့်ပဲ ဖြစ်နေတော့သည်။ ဒါ သည်ပင် လှည်းခေတ်မှ ထော်လာဂျီခေတ်သို့ ပြောင်းလဲသွားသည့် တိုးတက်မှု အရွေ့တစ်ခု ပေလား နည်းနည်းစဉ်းစားကြည့် မိလိုက် သေးသည်။
အသက်အရွယ် ၆၀ ကျော်တန်းရှိသည့် တိုင် တရော်ရည်အစဉ်အလာကို မပျက်တမ်း ထိန်းရင်း တောထဲသို့ လူငယ်သိုက်နှင့် တရော် တက်ခုတ်ဆဲ ငယ်သူငယ်ချင်း “ဖိုးထောင်” ဆိုသည့်ကောင်ကို တောစပ်မှာ တရော်တွေ ပေါသေးလားမေးမိတော့ သည်ကောင် သဲ့သဲ့ ပြုံးသည်။
““တောစပ်မှာ တရော် ရသေးလားတဲ့။ မေးမှမေးတတ်ပလေတယ် ဟ ကောင်ရယ် ...တောစပ်ဆိုတာ အရင်က တို့မြို့ကနေ လွန် ကျွံ တစ်နာရီမှန်မှန်လျှောက်ရင် ရောက်တယ်ဆိုတာက မင်း မိန်းမမရခင်တုန်းက ဟဲ့...အခု မင့်မှာ မြေးတွေနဲ့ ဖြစ်ပြီဆိုတဲ့အခါကျတော့ တောစပ်ဆိုတာက ဒီကနေ ကျွဲလှည်း နဲ့ နှစ်ညဥ့်အိပ်လောက်မောင်းမှ ရောက်သလို ဖြစ်သွားပြီကိုယ့်လူ ... တစ်တောလုံး တောင် ကတုံးတွေလိုချည်း ဖြစ်ကုန်ပြီဟ။ လှည်းဖြုတ် ပြီး နွားနားလို့ရတဲ့ သစ်ရိပ်မပြောနဲ့ ငှက်တောင် မှ နားစရာကောင်းတဲ့ သစ်ပင်မရှိတော့ဘူး ကိုယ့်လူ။ အခု တရော်ခုတ်ဖို့ကို တစ်ညအိပ် သွားရတယ်။ ဒါတောင်မှ ပေါပေါလောလော ရှိတာမဟုတ်ဘူး။ ဖုန်းဆိုးတောထဲ ကပ်ရပ် ကျန်တာလေး ရှာဖွေခုတ်ရတာ။ အစဉ်လာ မပျက်အောင်သာ သွားခုတ်ရတာ အဝေးကြီး ကွ။ ဟိုတုန်းက မင်းတို့ငါတို့ တောပစ်သွားခဲ့ တဲ့ ကျွဲသေမြိုင်တို့ ကျွန်းခေါင်းပွ လျှိုတို့တွေ ထိ ရောက်တယ်””
သူငယ်ချင်းရဲ့စကား ကြားရတော့ ကိုယ် မျက်လုံးပြူးရသည်။ လွန်ခဲ့သည့် အနှစ်သုံး ဆယ်ကျော်လောက်က ကိုယ်တို့ အမဲပစ် သွားခဲ့ကြသည့်တောအထိသွားပြီး တရော် ခုတ်ကြရသည်ပင် ရှားတောင့်ရှားပါးတဲ့။ အဲ့ သည်နေရာမှာ တောင်ကတုံးတွေ ဖြစ်ကုန်လို့ ငှက်နားဖို့ သစ်ပင် ကောင်းကောင်းပင်မရှိလေ သတဲ့ဆိုတော့ ဟိုအခါတုန်းက ပိန်းပိတ်အောင် မှောင်နေသည့် တောကြီးက အဘယ်သို့ သောပဉ္စလက်ဆရာ တစ်ဦးဦးက အပ်ချလောင်း နှင့် ပျောက်သွားစေခဲ့ပြီလဲ။
ဟိုအခါတုန်းကတော့ ကိုယ်တို့မြို့ထဲက နေ ခြေခပ်သွက်သွက်နှင့် ညနေပိုင်း ၄ နာရီ လောက် စလျှောက်လျှင် ည ၁၀ နာရီကျော် လောက်ဆို အခု သည်ကောင်ပြောသည့် ကျွဲသေမြိုင်တို့ ကျွန်းခေါင်းပွလျှိုတို့ သောင်း ဆည်ရေကန် တို့ဆိုသည့် ပီဘိတောကြီးထဲကို ရောက်သည်။ ဧရာမ အင်ဖိုပင်ကြီးတွေ၊ ကညင်ပင်ကြီးတွေ၊ ဖျောက်ဆိပ်ပင်ကြီးတွေဆိုသည်က လူသုံးလေးယောက်ဖက်လို့မှ မမီ သည့်သစ်ပင်ကြီးတွေဖြစ်၏။ အဲ့သည်သစ်ပင် ကြီးတွေပေါ်မှ တွဲလောင်းကျလာနေသည့် နွယ်ပင်ကြီးတွေကလည်း ခြေသလုံး ပေါင် လုံး။ ယောက်ျားကြီးသန်သန် တစ်ဖက်စာ မကသော ပင်စည်တွေ ဖွေးဖွေးဖြူနေသည့် မျောက်ချောပင်တောကြီးတွေဆိုလည်း တစ် မျှော်တစ်ခေါ်နှင့် နေပြောက်ပင်မထိုးသည့် တော။ မျှင်ဝါး၊ ကျက်သောင်းဝါး၊ တင်းဝါး၊ ၀ါးဖြူ စသည့် ၀ါးမျိုးစုံပေါက်သည့် ၀ါးတော ကြီးတွေကလည်း ပိတ်ဆို့နေတတ်သည်။
အဲ့သည် မျောက်ချောပင်တွေပေါ်မှာ နှာ ဖျားမှ အမြီးဖျားတိုင် လေးပေကျော် ငါးပေ နီးပါးရှည်သည့် “လင်သက်”ဟုခေါ်သော ရှဥ့် ပုံစံ တစ်ကိုယ်လုံး အနက်ရောင် ၀မ်းဗိုက်က ၀ါဝါအမွေးနှင့် အကောင်တွေက အုပ်ဖွဲ့ပြီးနေ ကြသည်။ လူမြင်လျှင် ကွိကွိကွကွ အော်မြည် ၍ လန့်ပြေးပြေးရင်း ရန်စောင်သွားတတ်ကြ သေးသည်။
ညည ဆိုလျှင်တော့ မီးဖိုထားရ၏။ နို့ မဟုတ်လျှင် ကိုယ်တို့ဝန်စည်စလယ်တွေကို တင် လာသည့် နွားလှည်းတွေမှ နွားကို ကျားက တကျစ်ကျစ် လုပ်ရင်း ချောင်းတတ်သည်။ လှည်းနောက်လိုက် ခွေးတစ်ကောင်စ၊ နှစ် ကောင်စကို ကျားသစ်က ရစ်သီရစ်ဝဲလုပ် သည်။ အနံ့ခံပါးလှသည့် အဲ့သည်ခွေးတွေ နှာခေါင်းမှာ ကျားနံ့ ကျားသစ်နံ့ ရပြီဆိုလျှင် တော့အဲ့သည်ကောင်တွေ တအီအီနှင့် ဖင်သီ နေတော့ပြီ။ သည်နှယ် အခြေအနေမျိုး ဆို လျှင်တော့ ဖိုထားသည့်မီးဖိုထဲ ၀ါးစိမ်းအဆစ် ပိတ်တွေကို ထည့်ဖောက်ပြီး ဖုန်းဖုန်းဒိုင်းဒိုင်း မြည်အောင် အသံပေးရ၏။ ၀ါးဆစ် မီးပေါက် သံနှင့်မှ မလုံလောက်လျှင် နှလုံးပြူးသေနတ်ကို ကျည်လေးငါးတောင့်ကုန်အောင်ဖြုန်းလျှက် မိုးပေါ် ထောင်ဖောက်ရတော့သည်။ မဟုတ် လျှင်သည် သားကောင်ကြီးတွေက မလွယ်။ လူကိုပါ အန္တရာယ်ပေးတတ်သည်။
အဲ့သည်လို ညဥ့်သန်းခေါင်လောက်မှာ ကျွဲသေမြိုင်ကြီးအလွန်ရှိ သောင်းဆည်ကန်ဘက်ဆီမှ ကိုယ်တို့အဖွဲ့သားတွေ၏ သေနတ် သံ သုံးလေးငါးချက် ကြားရတတ်သည်။ သေနတ်သံ ကြားပြီဆိုလျှင်တော့ မနက်စောစော လှည်းကောက်ပြီးသာ လိုက်သွားပေရော့ တောဝက်နုနု ချောချော တစ်ကောင်တော့ ရထားတာ သေချာသည်။
အဲ့သည် သောင်းဆည်ကန်ထဲသို့ သမင်၊ ချေ၊ ဆတ် စသည့် တောကောင်တွေက ညညဆိုရေ သောက်ဆင်းကြသည်။ ၀က်က တော့အုပ်လိုက်။ အုပ်လိုက်ဆင်းသည့် တော ၀က်ကို ပစ်မည်ဆိုလျှင် အကြီးအသေး အ ကောင်ရွေး၍ပင်ပစ်ရသည်။ တချို့ သက်ရင့် ၀က်ထီးအစွယ် ပြူးပြူးကြီးတွေဆို နွေခေါင် ခေါင် ကန်ထဲဆင်း ဗွက်လူးလိုက်၊ ဘေးသား ကျောသား ယားသဖြင့် သစ်ပင် ပင်စည်နှင့် ပွတ်လိုက်လုပ်ရင်း အခေါက်တွေ ရင့်ပြီးမာ နေသောကြောင့် သည်ကောင်ကြီးမျိုးတွေကို မဖြစ်မနေမို့ ပစ်ရပြီဆိုလျှင် ရိုင်ဖယ်သေနတ် ဖြင့် သို့မဟုတ်လည်း ပွိုင့်ဖိုးဖိုးလို ဆီမီးအော် တို ဆင်ပစ်ရိုက်ဖယ်မျိုးနှင့် နားတွင်းထဲ၊ လက်ပပ်ထဲ ၀င်အောင်ပစ်မှသေချာသည်။
မနက်တိုင်ဆိုလျှင်တော့ ကျွဲသေမြိုင်၊ လိပ်ခွဲမြိုင်၊ ကျွန်းခေါင်းပွသစ်ကျင်း တွေဘက်ဆီမှ အိုးဝေသံချင်းဆက်နေအောင် ဒေါင်းမြီးကွက် ကြီးတို့ တွံကျုးလိုက်ကြသည့် အသံချိုချိုတွေက တစ်တောလုံးတစ်တောင်လုံးမှာ မြိုင်နေ တတ်သေးသည်။
အဲ့သည်လိုမျိုးတောကြီးက ယခုနှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်းမှာ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီတဲ့။ ယုန်ညိုလေးတွေ၊ တော ကြောင်လေးတွေ၊ လင်သက်လို မျောက်လို ဒေါင်းမြီးကွက်ကြီးတွေလို ပင်မြင့်ပျော် တော သတ္တ၀ါလေး တွေမှအစ သမင်၊ ချေ၊ ဆတ်၊ ၀က် အလယ် ကျားသစ်တွေ ကျားတွေအဆုံး ဘယ်အရပ်သို့ ပြေးလွှားပုန်းခိုကြပြီလဲ မသိနိုင် တော့ပြီတဲ့။ ပိန်းပိတ်အောင်မှာင်နေသည့် အဲ့ သည် ပီဘိ တောကြီးမျက်မည်းကြီးဟာ ယခု အခါ ငှက်တစ်ကောင်နားဖို့ သစ်ပင်ကောင်း ကောင်းပင်မရှိတော့ဘူးတဲ့။
တရော်ပင်လေး ခုတ်ရဖို့ တစ်ညအိပ်ခရီး သွားပြီး အမောတကော ရှာနေရပြီတဲ့။ အဲ့ သည် တစ်ညအိပ်ခရီးသွားရသည့် အဲ့သည် နေရာမှာ ယုန်ညိုလေးတစ် ကောင်တလေ မပြောနှင့် ရှဥ့်ကလေးစွေ့ကလေးလို အကောင် မျိုးတောင် တွေ့ရမြင်ရဖို့ အိပ်မက်ပင်မမက် တတ်တော့ပြီတဲ့။ ဆိုသည့်အခါ ဟိုတုန်းအခါ နှစ်သုံးဆယ်ကျော်က ကိုယ်တို့တောပစ်ထွက် ခဲ့သည့် အဲ့သည်တောကြီးကို လွမ်းမိရတော့ သည်။
သည်ရက်ထဲမှာထွက်သည့် ဂျာနယ်တွေ ထဲ ပုဂ္ဂိလကသတင်းစာတွေထဲမှာ နှစ်ပေါင်း နှစ်ဆယ်အတွင်း မြန်မာ့ သစ်တောဖုံးလွှမ်း သည့်ဧရိယာ ရာနှုန်း နှစ်ဆယ် ပြုန်းတီးလျော့ကျ သွားခဲ့သည့်သတင်း ဖတ်ရသည်။ မြန်မာ့ သစ်တောအတွင်း သစ်ပင်များထူထပ်စွာ ပေါက်ရောက်သည့် တောနက်ဧရိယာ မှာ ၃၀.၉ သန်း မှ ၁၃.၄ သန်းသို့ ထက်ဝက်မက လျော့ကျသွားခဲ့ပြီဟု ဆို၏။ ရှားပါးတော တိရစ္ဆာန်တွေလည်း မျိုးသုဉ်းတော့မည့် အန္တ ရာယ်နှင့် ရင်ဆိုင်နေကြရပြီဟု ကုလသမဂ္ဂ အစားအစာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ထွက်ချက် ခန့်မှန်းမှု အစီရင်ခံစာက ဆိုထားသည်။
နှစ်ပေါင်း နှစ်ဆယ်အုပ်ချုပ်ခဲ့သော စစ် အာဏာရှင်အစိုးရလက်ထက်တွင် ရေရှည်တည်တံ့သည့် သစ်တောမူဝါဒကို မျက်ကွယ် ပြုကာ ရေတိုအကျိုးအမြတ်ကိုသာ ဦးစားပေး သစ်ထုတ်ခဲ့သဖြင့် အာရှတိုက်၏ အဓိက အပူပိုင်းဇုန်သစ်တောတစ်ခုကို ဤသို့ပြုန်းတီး စေခဲ့ခြင်းဖြစ်လျက် ရှားပါးမျိုးစိတ်များအား အန္တရာယ်ဖြစ်စေခဲ့သည်ဟုဆို၏။
ထိုသို့ စည်းမဲ့ကမ်းမဲ့ သစ်ထုတ်လုပ်နေ မှုမှာ မြန်မာပြည်မြောက်ပိုင်း တရုတ် နယ်စပ် ရှိတောင်တန်းများတွင် ယခုလက်ရှိမှာပင် များပြား လျက်ရှိနေသေးကြောင်း အစီရင်ခံ စာမှာဖော်ပြထားသည်ကို ဖတ်ရသည်။ နေ့ စဉ်လိုလိုပင် တရုတ်ပြည်ဘက်ကို သွားနေ သည့် မြန်မာ့သစ်လုံး တွေကိုတင်ထားသော သစ်ကားပြီးတွေကပင် ဆယ်နှင့်ချီပြီး ရာဂဏန်း နီးပါးရှိနေဆဲဖြစ်သည်တဲ့။
သည်တော့လည်း ကျောကော့အောင်ပူသည်ထိ တစ်နိုင်ငံလုံးဖောက်ပြန်လာသည့် ရာသီဥတုကို အံ့သြမနေမိတော့။ ခေါင်းလျှော် ရည် တရော်ခေါက်ကလေးရဖို့ တစ်ညဥ့်အိပ် သွားပြီး ချစ်တီးခေါင်း သန်းရှာသလိုရှာမှ တစ်ပင်တလေ ရသည်ဆိုခြင်းကလည်း ပို၍ပင် အဆန်းမဟုတ်တော့။
စိတ်ထဲတွင်တော့ ငါတို့ တောတွေထဲမှ သစ်လုံးကြီးများ၏ ၀ိညာဉ်တွေက တရုတ်လုပ် ထော်လာဂျီတွေ မော်တော်ဆိုင်ကယ်တွေ ယောင် ဖန်ဖန်ဆင်းပြီး တို့တိုင်းပြည်ထဲမှာ တဖုန်း ဖုန်းလာမြည်နေလေရော့သလားဟုလည်း စိတ်အစွဲနှင့်ထင်ယောင်ထင်မှား ...။
(မေ ၁၇ ရက်နေ့ထုတ်၊ အတွဲ (၂) အမှတ်စဉ် ၁၃၊
သည်လေဒီးစ် နယူးစ်ဂျာနယ် ။)
ကျေးဇူးတင်ပါသည်။
The Ladies News Journal
ACM Credit To:The Ladies News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/
Post a Comment