0

Published on: May 29, 2014
Written by: စိုးမင်းထိုက်၊ မျိုးမင်းထက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တင်သွင်းသည့် ယှဉ်ပြိုင်မှု ဥပဒေမူကြမ်းတွင် ဈေးကွက်ကို မတရားလွှမ်းမိုးရန် ကုမ္ပဏီလုပ်ငန်းချင်း ပူးပေါင်းခြင်းကို ကန့်သတ်ထားသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

မ ၂၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယှဉ်ပြိုင်မှုဥပဒေမူကြမ်း တင်သွင်းရခြင်းနှင့်ပတ်သက်ပြီး ဥပဒေတွင် တရားနည်းလမ်းကျသော အကြောင်းပြချက်များဖြင့် စီးပွားရေးလုပ်ငန်း အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းကို ခွင့်ပြုထားကြောင်း၊ သို့သော်ဈေးကွက်ကို မတရားသဖြင့် လွှမ်းမိုးရန် စီးပွားရေးလုပ်ငန်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းကို ကန့်သတ်ထားကြောင်း၊ ဈေးကွက် ဝေစုပမာဏ သတ်မှတ်ချက်ကို ထည့်သွင်းဖော်ပြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

“ဥပဒေပါ တားမြစ်ချက်တွေကို ဖောက်ဖျက်ပါက ကျခံရမည့်ပြစ်ဒဏ်များကို ဖော်ပြထားပါတယ်။ ကြီးလေးတဲ့ ပြစ်မှုတွေအတွက် ထောင်ဒဏ်နဲ့ ငွေဒဏ်တွေကို ထည့်သွင်းရေးဆွဲ ထားပါတယ်။ ပြစ်မှုပြစ်ဒဏ်များအပေါ် ကျေနပ်မှုမရှိပါက ရက်ပေါင်း ၆၀ အတွင်းအ ယူခံဝင်နိုင်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အကာအကွယ်ပေးရန်အတွက် ကော်မရှင်၏ လုပ်ပိုင်ခွင့်တွင် နိုင်ငံတော် အကျိုးစီးပွားအတွက် လိုအပ်သော စီးပွားရေး လုပ်ငန်းများနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို ဤဥပဒေအရ ကန့်သတ်ချက်များမှ လိုအပ်သလို ကင်းလွတ်ခွင့်ပြုနိုင်သည့် အချက်အား ထည့်သွင်းထားကြောင်း သိရသည်။

ယှဉ်ပြိုင်မှု ဥပဒေမူကြမ်းတွင် အခြေခံမူများအဖြစ် ဈေးကွက်တွင် လွတ်လပ်၍ မျှတသောယှဉ်ပြိုင်မှုဆိုင်ရာ ၀န်းကျင်တစ်ရပ် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဈေးကွက်တွင်မျှတသော ယှဉ်ပြိုင်မှုကို အားပေးကူညီခြင်းဖြင့် တစ်ပြေးညီ တိုးတက်လာစေရေးနှင့် သာတူညီမျှခံစားခွင့်ရရှိရန်၊ ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန် စသည်ဖြင့် ပါဝင်ကြောင်း သိရသည်။

ဥပဒေအသက်ဝင်ပါက မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌသည် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးအား ခန့်ထားရမည်ဖြစ်ကြောင်း၊ ကော်မရှင်သည် လွတ်လပ်စွာ စီမံဆောင်ရွက်ပိုင်ခွင့်ရှိသည့်အဖွဲ့အစည်းအဖြစ် ဆောင်ရွက်နိုင်ကြောင်း ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ကော်မရှင်အနေဖြင့် လက်ဝါးကြီးအုပ်ချုပ်ကိုင်ရန် ရှိသည်ဟု မှတ်ယူနိုင်သည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဦး၏ ဈေးကွက်ဝေစုနှင့် အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများကို ကန့်သတ်သည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ တားမြစ်နိုင်ကြောင်း၊ ကော်မရှင်သည် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်ဖြစ်ပေါ်မှု အခြေအနေများကို အစိုးရအဖွဲ့သို့ သုံးလတစ်ကြိမ် အစီရင်ခံ တင်ပြရမည်ဖြစ်ကြောင်း ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်း တစ်ခုသည် အခြားစီးပွားရေး လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ရှိပါက ကော်မရှင်၏ ခွင့်ပြုချက်တောင်းခံရမည် ဖြစ်ကြောင်း၊ လုပ်ငန်းတစ်ခုတည်းဖြစ်ပါက စုစုပေါင်းဈေးကွက် ဝေစု၏ ရာခိုင်နှုန်း ၃၀၊ လုပ်ငန်းနှစ်ခုပါသော လုပ်ငန်းအုပ်စုဖြစ်ပါက စုစုပေါင်းဈေးကွက် ဝေစု၏ ရာခိုင်နှုန်း ၅၀၊ လုပ်ငန်းသုံးခုပါသော လုပ်ငန်းအုပ်စုဖြစ်ပါက စုစုပေါင်းဈေးကွက် ဝေစု၏ ၆၅ ရာခိုင်နှုန်း၊ လုပ်ငန်းလေးခုနှင့် အထက်ပါသော လုပ်ငန်းအုပ်စုဖြစ်ပါက စုစုပေါင်းဈေးကွက်ဝေစု၏ ၇၅ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထားကြောင်း ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

ယှဉ်ပြိုင်မှုဥပဒေအရ ကော်မရှင်သည် ကော်မရှင်မှ ထုတ်ပြန်ထားသော တားမြစ်ချက်၊ သတ်မှတ်ချက်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်များကို ဖောက်ဖျက်သည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများကို သတိပေးခြင်း၊ သတ်မှတ်ထားသည့် ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊ နောင်တွင် မည်သည့်လုပ်ကိုင်ခွင့်မျှ ပြုမည်မဟုတ်သော စီးပွားရေးလုပ်ငန်းများ စာရင်း၌ ထည့်သွင်းခြင်း စသည်ဖြင့် ထည့်သွင်းထားကြောင်း သိရသည်။

ယှဉ်ပြိုင်မှု ဥပဒေမူကြမ်းတွင် ပြစ်မှုပြစ်ဒဏ်များ အနေဖြင့် ထောင်ဒဏ်သုံးနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် အမြင့်ဆုံးဒဏ်ကြေးအဖြစ် ကျပ်သိန်း ၅၀ သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

အဆိုပါယှဉ်ပြိုင်မှု ဥပဒေမူကြမ်းအား အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် သဘောတူထားပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များ အနေဖြင့် ဇွန် ၃ ရက်နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top