Published on: May 2, 2014
Written by: ကျော်ဇင်ဝင်း၊ အောင်ရဲကို
လပွတ္တာမြို့နယ် ဇင်ရွဲလေးကျေးရွာရှိ မုန်တိုင်းဒဏ်ခံအဆောက်အအုံတစ်ခုအား နာဂစ်အလွန် ခြောက်နှစ်အကြာတွင် တွေ့ရစဉ် (နာဂစ်ဖြစ်စဉ်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်စဉ်က မုန်တိုင်းဒဏ်ခံ အဆောက်အအုံကြီးတစ်လုံးလျှင် ကျပ်သိန်းတစ်သောင်းအထိ ကုန်ကျခံတည်ဆောက်ခဲ့
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အတင်းအကျပ် အတည်ပြုခဲ့သည့် မေ ၁၀ ရက် မတိုင်မီ မေ ၂ ရက်က မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုသမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးဒုက္ခဟု ဆိုနိုင်သည့် အားအလွန်ကောင်းသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ၂၀၁၄ မေ ၂ ရက်တွင် ခြောက်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အား ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အား အဓိက ထိခိုက်ပျက်စီးစေခဲ့သည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာတွင် ဒေသခံများ အတွေ့အကြုံအနေဖြင့် နာဂစ်ကဲ့သို့ ဆိုးရွားသည့် သဘာဝဘေးအန္တရာယ်မျိုး တွေ့ကြုံမှုမရှိခြင်း၊ သက်ဆိုင်ရာအစိုးရ၏ ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ သတင်းအချက်အလက်များ အချိန်မီထုတ်ပြန်ခြင်း မရှိခြင်းတို့ကြောင့် လူအသက်ပေါင်း သိန်းချီ ၍ သေဆုံးခဲ့ကာ၊ အိုးအိမ်စည်းစိမ်များလည်း များစွာပျက်စီး ဆုံးရှုံးခဲ့သည်။
၂၀၀၈ ခုနှစ် ဧပြီ ၂၄ ရက်က ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် အဆင့်ဆင့်အားကောင်းလာကာ ဧပြီ ၂၇ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိသွားပြီး ဧပြီ ၂၈ ရက် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်အဖြစ် ဖြစ်တည်လာခဲ့သည်။
မုန်တိုင်းသည် ဆက်လက်အားကောင်းလာကာ ဧပြီ ၃၀ ရက်တွင် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုခဲ့ပြီး မေ ၁ ရက်တွင် ကမ်းရိုတန်းဒေသများသို့ ဦးတည်လာကာ မေ ၂ ရက် နံနက်ပိုင်း ဟိုင်းကြီးကျွန်းသို့ စတင်ဝင်ရောက် တိုက်ခတ်ခဲ့သည်။
ဟိုင်းကြီးကျွန်းအား ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်ရာ၌ လေတိုက်နှုန်းမှာ နံနက် ၁၀ နာရီတွင် တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အထိရှိခဲ့ပြီး မွန်းလွဲ ၁၂ ခွဲခန့်တွင် မိုင် ၇၀ ခန့်နှင့် မွန်းလွဲ ၂ နာရီခွဲခန့်တွင် မိုင် ၁၂၀ ခန့်အထိ တိုးမြှင့်တိုက်ခတ်ခဲ့သည်။
မေ ၃ ရက် ညနေပိုင်းတွင် နာဂစ်မုန်တိုင်း၏အရှိန်မှာ အနည်းငယ်အားလျော့သွားခဲ့ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် မြောက်၊ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ကာ အားလျော့ ပျက်ပြယ်သွားခဲ့သည်။
နှစ်ပေါင်းများစွာ ရှာဖွေလာသည့် စည်းစိမ်ဥစ္စာများ၊ နေ့ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ ဖြစ်တည်လာခဲ့သော အသက်ခန္ဓာတွေဟာ အချိန်အားဖြင့် တစ်ရက်ပင်မပြည့် တိုက်ခတ်ခဲ့သည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း နာဂစ်က ဆွဲယူဖျက်ဆီးခြင်းကို ခံကြရမည်ဟု ဘယ်သူမှထင်ထားခဲ့မှာမဟုတ်ပေမဲ့ နာဂစ်ကတော့ ဘယ်သူမျက်နှာမှမထောက် တိုက်ခတ်ဖျက်ဆီးခဲ့သည်။
တိုက်ခတ်ချိန်က တစ်ရက်တောင် မကြာသော်လည်း ပြိုကွဲသွားသော ဘ၀များစွာကတော့ နာဂစ်တိုက်ခတ်ပြီး ခြောက်နှစ် ကြာလာသည့်တိုင် မစုစည်းနိုင်။
သေကွဲ ကွဲကြသူများရှိသလို ဘ၀၀မ်းရေးအတွက် မိမိအရပ်ဒေသမှာ ပြန်လည်ရှာဖွေစားသောက်ရန် မဖြစ်နိုင်သူများအဖို့ ကျန်ရှိတဲ့မိသားစုဝင်အချို့ကို ထားရှိကာ ရန်ကုန်ကဲ့သို့ မြို့ကြီးများသို့ ထွက်ခွာ၍အလုပ်အကိုင် သွားရောက်လုပ်ကိုင်ကြသဖြင့် ရှင်ကွဲ ကွဲကြသူများလည်း ရှိသေးသည်။
“နာဂစ်ဖြစ်တုန်းက မုန်တိုင်းတိုက် တိုက်ပြီးချင်း သေကြသေးတာ မဟုတ်ဘူး။ အဓိက ကယ်ဆယ်ရေး နောက်ကျခဲ့လို့ပဲ။ ကျွန်တော်ကိုယ်တိုင်တောင် ကံကောင်းလို့ မသေတာပေါ့ဗျာ။ အခုသမ္မတကြီးတို့ စီးနေတဲ့ ရဟတ်ယာဉ်မျိုးတွေနဲ့ မုန့်ခြောက်နဲ့ ရေဘူးတွေသာ လာကြဲချရင် အသက်ရှင်နိုင်တဲ့ သူတွေအများကြီးပေါ့ဗျာ။ အဲဒါတွေ ပြန်ပြောရတာ ၀မ်းနည်းဖို့ကောင်းပါတယ်” ဟု ပင်လယ်ဘက်ထွက်တဲ့ မြစ်ဝအနီးမှာ တည်ရှိတဲ့ သင်္ဃန်းကလေးကျေးရွာက ကိုဇော်မင်း က ဆိုသည်။
ဒုက္ခသည်တွေကို အရင်းခံပြီး ချမ်းသာသွားသောသူတွေကတော့ နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပံ့တဲ့ပစ္စည်းတွေ၊ အခြားပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးက ထောက်ပံ့တဲ့ပစ္စည်းတွေက နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး တစ်နှစ်အတွင်း ပေါများစွာဖြင့် ၁၀၀ တန်ပစ္စည်းကို ၂၀ လောက်ဖြင့် ရောင်းချဝယ်ကြနှင့် ဈေးကွက်တွေဖြစ်ကာ ကြားကကုန်သည်များသာ ချမ်းသာခဲ့ကြသည်။
နောက်တစ်ခုက NGO တွေဟာ နာဂစ်တိုက်ခတ်တဲ့ဒေသတွေမှာ နာမည်စုံလုပ်ငန်းစုံ ကူညီဖို့ဆိုပြီး ပေါ်ပေါက်လာကာ NGO များမှာ လုပ်ကိုင်ကြတဲ့ဝန်ထမ်းတွေ ရွှေသီးခဲ့ကြတာကလည်း မငြင်းသာတဲ့ အခြေအနေတစ်ခု။ ဒုက္ခသည်များထံသို့ မည်မျှရောက်သည်ကတော့ မသိ။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးတော့ အသက်မသေဘဲ ကျန်ခဲ့သည့် အခြေခံရေလုပ်သားများ လုပ်ကိုင်စားသောက်ရန် လှေ၊ ပိုက်တို့ကို နိုင်ငံတကာထောက်ပံ့မှုတွေနဲ့ ထောက်ပံ့ပေးခဲ့ရာမှာလည်း အမှန်တကယ် မြေပြင်မှာ ပကတိ လုပ်ကိုင်စားသောက်လို့ရတဲ့ ပိုက်အမျိုးအစားမဟုတ်တော့ ပြန်ရောင်းသူက ရောင်း၊ ရေလုပ်ငန်းကို ခေတ္တနား၊ အခြားလုပ်ငန်း လုပ်ကိုင် ပိုက်ဆံအနည်းအကျဉ်းရတော့မှ လိုအပ်တဲ့ပိုက်အမျိုးအစား ပြန်ဝယ် ရေလုပ်ငန်းကို ပြန်လုပ်၊ တချို့သူတွေကြတော့ ရတဲ့ထောက်ပံ့မှုတွေကို ရောင်းချပြီး မူလအလုပ်တွေကို ပြန်မလုပ်တော့ဘဲ ရေကြည်ရာမြက်နုရာကို ရွှေ့ပြောင်းနှင့် ဘ၀တွေက ပြန့်ကြဲကုန်ကြသည်။
လယ်ယာလုပ်ငန်းခွင်များလည်း နာဂစ်မုန်တိုင်းအပြီး မြေယာများပျက်စီး၊ ရေငန်ဝင်ရောက်မှု၊ လယ်ယာကိရိယာများက မစုံမလင်၊ ကျွဲ၊ နွားကရှားပါး၊ သွင်းအားစုအတွက် ငွေကြေးကမရှိ၊ အစိုးရကပေးတဲ့ စိုက်စရိတ်ကလည်း မလုံလောက်နှင့် အခက်အခဲများစွာဖြင့် ရုန်းကန်ခဲ့ကြရသည်။
(လပွတ္တာမြို့နယ် သင်္ဃန်းကြီးလမ်းပိုင်းတစ်နေရာတွင် ကျောက်စီတမံဆောက်လုပ်ရေးလုပ်ငန်းခွင်အား တွေ့ရစဉ်)
နာဂစ်တိုက်ခတ်ပြီး ရှေ့ပိုင်းကာလများက အစိုးရ၏ တစ်နိုင်ငံလုံး စိုက်စရိတ်က တစ်ဧက သောင်းဂဏန်းသာ ပေးနိုင်ခဲ့ပြီး လွန်ခဲ့တဲ့တစ်နှစ်၊ နှစ်နှစ်အတွင်း စိုက်စရိတ် ကို ၅၀၀၀၀ အထိ တိုးပေးခဲ့ရာက ပြီးခဲ့သည့် မိုးစပါးစိုက်ရာသီမှာ တစ်နိုင်ငံလုံးအနေနှင့် တစ်ဧက ၁၀၀၀၀၀ နှုန်း တိုးပေးခဲ့ပြီး ရာသီဥတုလေး ကောင်းမွန်သည့်အတွက် စပါးလေး အထွက်ပြန်တိုးလာတာရယ်ကြောင့် နာဂစ်မုန်တိုင်းဒဏ်ခံ လယ်သမားများအဖို့ အသက်ရှူချောင်စေခဲ့သည်။
တိုးပေးထားတဲ့ စိုက်စရိတ်က လုံးဝအသက်ရှူချောင်ဖို့ အကြောင်းတရားတော့မဟုတ် တစ်ဖက်တွင် ရေငန်တားပတ်တာ မရှိတာကြောင့် ရေငန်ဝင်ကာ စပါးတွေသေ ငွေကြေးရှုံးတဲ့သူတွေက ရှုံးကြ၊ လက်ရှိအထိ ကျွဲနွား မပိုင်သေးဘဲ ငှားရမ်းအသုံးပြုနေရသူများ ရှိနေသေးသည်။
“နာဂစ်မတိုင်ခင် အထွက်နှုန်းတော့ ပြန်မရောက်သေးဘူး။ စိုက်စရိတ်ကလည်း လယ်သမားတစ်ဦး လယ်ဧက ဘယ်လောက်ပိုင်ပိုင် ဆယ်ဧက ၁၀ သိန်းအပြင် ပိုမပေးတော့ သွင်းအားစုက မရှိနဲ့ အထွက်နှုန်းတိုးဖို့ မလွယ်သေးဘူး။
လယ်ယာမြေမှတ်ပုံတင်ကလည်း လုပ်ပေးပါတယ်။ ၀န်ထမ်းတွေရဲ့ အားနည်းချက်ပေါ့ အခုထိမရသေးဘူး”ဟု ငပုတောမြို့နယ် သက္ကယ်သောင်ကျေးရွာက တောင်သူဦးလှထွေး၏ ညည်းတွားသံကိုလည်း ကြားခဲ့ရသေးသည်။
နာဂစ်မုန်တိုင်း မတိုက်ခတ်မီအချိန် စီးပွားရေးအခြေအနေကို ပြန်ရောက်ဖို့ရာကတော့ ဗုန်းဗုန်းလဲလဲဘ၀များမှ ပြန်လည်စတင်နေရသဖြင့် အကြောင်းတရားများစွာက ရှိနေသေးတော့ မလွယ်ရိုးအမှန်ပင်။
စပါးတောင်သူတို့အဖို့ ရေငန်တားပတ်တာနှင့် စိုက်စရိတ်၊ စက်ကိရိယာလေးတွေ စသည့်ထောက်ပံ့မှုတွေနှင့် နာလန်လေးတွေ ပြန်ထူလာပေမဲ့ ဆားတောင်သူတို့ကတော့ ဘ၀ပျက်မတတ်ဖြစ်လို့နေကြပြီ ဖြစ်သည်။
တစ်ချိန်က ဆားတောင်သူတစ်ဖြစ်လဲ ဆားဖိုသူကြီးတစ်ဦး အခြွေအရံများစွာဖြင့် နေလာခဲ့သည့်ဘ၀ကနေ နာဂစ်ပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုဂယက်က ဆားတောင်သူများ၏ ဘ၀တွေကို ခါးသီးဖို့ဖြစ်လာခဲ့သည်။
ဆားတောင်သူတွေကို နာဂစ်အပြီး တစ်ဧက ၃၀၀၀၀၀ နှုန်း ချေးငွေပုံစံပေးခဲ့ပေမယ့် ဈေးနှုန်းမရတာ၊ ပြည်ပက ၀င်ရောက်လာသည့် ဆားဈေးကွက်ကြီးလာတာ၊ ဆားကြမ်း တစ်ပိဿာဈေးနှုန်းနှင့် ဆားချောတစ်ပိဿာ ဈေးနှုန်း ကွာဟတာ စသည့်အကြောင်းအချင်းအရာတွေကြောင့် အရှုံးပေါ်ကြလို့ ချေးငွေတွေ တချို့သာဆပ်နိုင်ပြီး အများစုက ပြန်မဆပ်နိုင်တော့သည့် အခြေအနေဖြစ်ခဲ့သည်။
နောက်ဆုံးအစိုးရက ချေးငွေများကို ထောက်ပံ့ငွေများဖြင့် ချေပလိုက်ပြီး လိုအပ်သည့်ငွေကြေးကိုသာ ဆားတောင်သူတစ်ဦး လျှင် ၇၈၀၀၀၀ သာ ပြန်ဆပ်ခိုင်းသော်လည်း ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးတွင် ဆားတောင်သူဦးရေ ၈၀၀ တွင် ဦးရေ ၁၀၀ ကျော် က ယင်းငွေပမာဏကို မဆပ်နိုင်သည့်အခြေအနေ ဖြစ်လို့နေသည်။
ကြွေးများနှင့်ထူနေသည့် ဆားတောင်သူများ ငွေရှင်ကြေးရှင်များလက်ကို ဆားကွင်းမြေနေရာများ ထိုးအပ်သည့်အခြေအနေသို့ ရောက်လုနေပြီဖြစ်သည်။
ပုစွန်မွေးမြူရေးလုပ်ငန်းကြပြန်တော့လည်း ဟုတ်တိပတ်တိမဟုတ် နည်းပညာမရှိတာရယ်၊ ငွေကြေးစိုက်ထုတ်မှု မလုပ်နိုင်တာတွေရယ်က ပုစွန်မွေးမြူရေးလုပ်ငန်းကို တိုးတက်မှုနှေးကွေးလို့ နေသည်။
အဘက်ဘက်တွင် နဂိုအခြေအနေသို့ စီးပွားရေးပြန်မရောက်သေးတော့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် လုပ်နိုင်ကိုင်နိုင်သည့် လူငယ်လူရွယ်တွေ နေရပ်စွန့်ခွာသွားသည်များက နာဂစ်မုန်တိုင်းခံဒေသတွေမှာ တစ်နေ့တစ်ခြား တိုးလို့လာနေတာလည်း ငြင်းသာတဲ့ကိစ္စတော့ မဟုတ်။
နဂိုကတည်းက လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ရေလုပ်သား၊ လယ်သမား၊ ဆားကွင်းလုပ်သား စသည့်အခြေခံလူတန်းစားများ နေထိုင်ရာ ဧရာတိုင်းဒေသကြီးက နာဂစ်မုန်တိုင်းခံဒေသတွေမှာ နေထိုင်သူတွေအဖို့ သားသမီးများ ပညာရေးကိုဆုံးခန်းတိုင်အောင် မသင်ပေးနိုင်ခဲ့သူများသည့် အထဲမှ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ကာလများတွင် မိဘကွဲ၊ သားသမီးကွဲ၊ မိစုံ ဖစုံမရှိသည့်အခြေအနေများ၊ နေရေးနှင့် ၀မ်းရေးကို ဦးစားပေးနေရသည့် အခြေအနေများက ကျောင်းနေအရွယ်ကလေးများ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားဖို့ရာ ပိုလို့ ပင်ဝေးလို့နေသည်။
အလားတူပါပဲ ကျန်းမာရေးစောင့်ရှောက်မှုက ရန်ကုန်လို မြို့ကြီးမှာတောင် လိုအပ်ချက်တွေအများသားမို့ ဝေဖန်ပြောဆိုကြလေတော့ နာဂစ်ဒဏ်ခံခဲ့ရသည့် ဝေးလံခေါင်ဖျားပြီး ပင်လယ်အနီးအနားရွာတွေ ဖြစ်လေတော့ သားဖွားဆရာမအဆင့်နှင့် ကျန်းမာရေးမှူးအဆင့် သာသာလောက်သာရှိလို့ အရေးပေါ်ဆိုရင်တော့ မြို့ပေါ်တက်ကုရလေတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်မည်မျှရှိနေမည် ဆိုသည်ကတော့ ဆိုဖွယ်ရာမရှိ။
နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သောကြောင့် လူသိန်းချီသေဆုံးခဲ့ပြီး ကျန်ရှိခဲ့သူအများအပြားက နားကြဉ်းတဲ့စိတ်ဒဏ်ရာတွေ ရရှိခဲ့သော်လည်း ကာလရှည်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းကုစားလို့ရလာပေမဲ့ နာဂစ်မုန်တိုင်းနဲ့အတူ ပေါက်ဖွားလာတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကျိုးဆက်ကတော့ တိုင်းရင်းသားများ၊ ရဟန်းရှင်လူ၊ သန်း ၆၀ ပြည်သူတွေကတော့ မလိုချင်တာတွေပြင်ဖို့၊ ဒီမိုကရေစီနည်းမကျတာတွေပြင်ဖို့ တောင်းဆိုမှုတွေက ဘ၀ဂ်ညံနေပေမဲ့ တကယ်လက်တွေ့မှာ ပြင်မှာလား၊ မပြင်ဘူးလား၊ ဘယ်လောက်အထိ ပြည်သူတွေကို စိတ်ဒဏ်ရာပေးဦးမယ်ဆိုတာကတော့ . . ။
(လပွတ္တာမြို့နယ် သင်္ဃန်းကြီးကျေးရွာ အသွားလမ်းတစ်နေရာရှိ ဒေသခံတချို့၏ နေအိမ်အား တွေ့ရစဉ်)
(ရေကျော်ဝကျေးရွာရှိ မုန်တိုင်ဒဏ်ခံ အဆောက်အအုံတစ်ခုကို တွေ့ရစဉ်)
(လပွတ္တာမြို့နယ် နလင်ကျော်ကျေးရွာတွင် ဒေသခံများကို တွေ့ရစဉ်)
(လပွတ္တာမြို့နယ် ပျဉ်ထောင်တွင်းကျေးရွာရှိ ဒေသခံကလေးငယ်များကို တွေ့ရစဉ်)
(သင်္ဃန်းကြီးကျေးရွာရှိ ပင်လယ်ကမ်းစပ်ရှိ ဒေသခံတစ်ဦး၏ နေအိမ်အား တွေ့ရစဉ်)
(လပွတ္တာမှ ပြင်စလူမြို့နယ်ခွဲသို့အသွား ချောင်းကမ်းနံဘေးတစ်နေရာရှိ ဒေသခံမိသားစုတစ်စုအား တွေ့ရစဉ်)
Aye Chan Mon# Credit To :Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည် (6 photos)
Post a Comment