0

ရန်ကုန်၊ မေ ၁၇

ကိုရီးယားနိုင်ငံ ဆိုလ်းမြို့အခြေစိုက် True Foundation က သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို လူ့အခွင့်အရေးဆု ချီးမြှင်လိုက်ကြောင်း ဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဦးအောင်ကျော်က ပြောကြားသည်။

ဦးဝင်းတင်နှင့် ၎င်းတည်ထောင်ခဲ့သော ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းသည် တပ်မတော်အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်း ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို လူသားချင်းစာနာမှုဖြင့် ကူညီထောက်ပံ့ခဲ့သောကြောင့် အဆိုပါဆုကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ဆီက အချက်အလက် တောင်းသွားတာ ကြာပါပြီ။ အဲဒီ ဖောင်ဒေးရှင်းက တစ်နှစ်ကို တစ်ယောက်ပဲ လူ့အခွင့်အရေးဆု ချီးမြှင့်တာပါ” ဟု ၎င်းကဆိုသည်။

ဆုကြေးငွေ ၇၀၀၀ ဒေါ်လာ ရှိသော လူ့အခွင့်အရေးဆုကို ဇွန်လ ၂၆ ရက်နေ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပေးအပ်မည် ဖြစ်သော်လည်း သွားရောက် ဆုလက်ခံမည့် ကိုယ်စားလှယ်များကို ရွေးချယ်ရခြင်း မရှိသေးကြောင်း ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းထံမှ သိရသည်။

အဆိုပါ True Foundation သည် ကိုရီးယားနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်ရင်း အာဏာရှင်အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်း ခံခဲ့သော နိုင်ငံရေး အကျဉ်းသားဟောင်းများဖြင့် ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်ပြီး အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များထံမှ ကူညီထောက်ပံ့ငွေ လုံးဝမယူဘဲ အဖွဲ့ဝင်များ၏ ကိုယ်ပိုင် လှူဒါန်းငွေများဖြင့်သာ နှစ်စဉ် ဆုချီးမြှင့်ခြင်း ဖြစ်သည်။

NLD ပါတီကို စတင် ထူထောင်သူ တစ်ဦးဖြစ်သော ဦးဝင်းတင်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေစဉ် ၁၉၉၂ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်၂၀ အကျဉ်းချခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကို တည်ထောင်ကာ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မိသားစုဝင်များ ကူညီထောက်ပံ့ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနိုကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းတို့က ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

NLD နာယက သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ဒီလှိုင်းဂျာနယ်တွင် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး အသက် ၈၅ နှစ်အရွယ် ၂၀၁၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

The Voice Weekly
1

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top