အတိတ်တွင် ခါးသီးသော အကြိတ်အခဲများ ရှိခဲ့သည့်တိုင် လူးဝစ်ဆွာရက်ဇ်၏ အရည်အသွေးများကို ပက်ထရစ် အီဗရာက အသိအမှတ် ပြုခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆုအတွက် ၎င်းကို မဲပေးခဲ့ကြောင်း သိရသည်။
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူသည် လီဗာပူးလ်၏ တိုက်စစ်မှူးအား လူမျိုးရေးခွဲခြားကြောင်း စွပ်စွဲခဲ့ဖူးပြီး ယင်းအတွက် ဆွာရက်ဇ်အနေဖြင့် (၈)ပွဲပယ် ပြစ်ဒဏ်ကို ကျခံခဲ့ရဖူးသည်။ ဥရုဂွေး လက်ရွေးစင် ဆွာရက်ဇ်သည် အဆိုပါဖြစ်ရပ်အပြင် ချယ်လ်ဆီးနောက်ခံလူ ဘလာနီဆလက်ဗ် အိုင်ဗန်နိုဗစ်အား ကိုက်ခဲ့ခြင်း၊ ဟန်ဆောင်လှဲချ၍ ပင်နယ်တီရရန် အားထုတ်ခြင်းများအတွက် နာမည်ဆိုး ထွက်ခဲ့သော်လည်း ယခုရာသီတွင်မူ အံ့ဩစရာ ကောင်းလောက်အောင် ရင့်ကျက်ပြောင်းလဲလာခဲ့သည်။ ထို့အပြင် ၎င်း၏ တောက်ပသော ခြေစွမ်းကောင်းများကြောင့် လီဗာပူးလ်တို့အတွက် (၂၄)နှစ်မျှ ကာလအတွင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဆုကို မျှော်လင့်နိုင်ရန် အလားအလာ အကောင်းဆုံးဖြစ်အောင် ဦးဆောင်ကစားပေးနိုင်ခဲ့သည်။
ပြင်သစ်လက်ရွေးစင် အီဗရာက အသက်(၂၇)နှစ်ရှိ ဆွာရက်ဇ်အတွက် PFA အကောင်းဆုံး ဘောလုံးသမားဆု ရရှိရန် မဲပေးထားကြောင်း Daily Telegraphက ဖော်ပြခဲ့သည်။ အီဗရာသည် ယမန်နှစ် ဘောလုံးရာသီကလည်း ဆွာရက်ဇ်ကိုပင် မဲပေးခဲ့သည်ဟု ယုံကြည်ရသည်။ (၂၀၁၁)ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ရပ်နှင့် ပတ်သက်ပြီးမူ ဆွာရက်ဇ်၏ မိမိသည် အီဗရာအပေါ် လူမျိုးရေးခွဲခြားခဲ့ခြင်း လုံးဝမရှိဟု တွင်တွင်ငြင်းဆန်နေဆဲ ဖြစ်သည်။ “ကျွန်တော် ပြောချင်တာက ကစားသမား ဘဝမှာ အမှားနှစ်ခုပဲ ရှိခဲ့ဖူးတယ် ဆိုတာပါ။ တစ်ခုက အေဂျက်စ်မှာ ကစားရင်း ပြိုင်ဘက်ကစားသမား အော့တ်မန် ဘက်ကဲလ်ကို ကိုက်ခဲ့ဖူးတာဖြစ်ပါတယ်။ နောက်တစ်ခုက အိုင်ဗန်နိုဗစ်နဲ့ ကိစ္စပါ”ဟု ဆွာရက်ဇ်က ဖြေရှင်းခဲ့သည်။
၎င်းက “အီဗရာနဲ့ ပြဿနာက လုံးဝဥဿုံ မမှန်ကန်ပါဘူး။ ဘာအထောက်အထားမှ မရှိဘဲ ကျွန်တော် စွပ်စွဲခံခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အဲဒီအချိန်တွေတုန်းက ကျွန်တော် ဝမ်းနည်းနေခဲ့တယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ပျော်ရွှင်နေပါပြီ။ ကျွန်တော် အရွယ်ရောက် ရင့်ကျက်လာပြီလေ။ ခုဆိုရင် ကိစ္စတစ်ခုကို မလုပ်မိခင် ဆင်ခြင်တတ်တဲ့ အကျင့်မျိုးလည်း ရလာပါပြီ”ဟုလည်း ပြောဆိုထားသည်။
Ref: Daily Mail
Aye Chan Mon# Credit To :Soccer Myanmar > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment