0

Published on: April 25, 2014
Written by: နီလာ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် လန်ပိအဏ္ဏ၀ါ အမျိုးသားဥယျာဉ်၊ ၀ါးအလယ်ကျွန်းပေါ်ရှိ သဘာဝအခြေခံ အပန်းဖြေစခန်းကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များသို့ BOT စနစ်ဖြင့် နှစ်ရှည်မြေငှားရမ်း လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

"ဘုတ်ပြင်းမြို့နယ်၊ ၀ါးအလယ်ကျွန်းပေါ်မှာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ သဘာဝအခြေခံ အပန်းဖြေစခန်းကို ပထမဆုံးအနေနဲ့ စတင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေကို BOT စနစ်နဲ့ လုပ်ကိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်" ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ၀ါးအလယ်ကျွန်း၌ သဘာဝအခြေခံ အပန်းဖြေစခန်းကို နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသူများအတွက် သစ်တောဦးစီးဌာနမှ တင်ဒါခေါ်ယူထားကြောင်း၊ ပြည်တွင်း ပြည်ပမှ လုပ်ငန်းလုပ်ကိုင်ရန် စိတ်ပါဝင်စားသူများ အနေဖြင့် တင်ဒါအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ဖြည့်စွက်၍ ၂၀၁၄ ခုနှစ် ဧပြီ ၂၅ ရက်မှ မေ ၃၀ ရက်နောက်ဆုံးထားကာ သစ်တောဦးစီးဌာန နေပြည်တော်သို့ လာရောက်တင်သွင်း ရမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်ရှိ လန်ပိအဏ္ဏ၀ါ အမျိုးသားဥယျာဉ်သည် ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၅၀၆၁၇ ဒသမ ၆၀ ဧကကျယ်ဝန်းပြီး ၇၉ ဒသမ ၀၉ စတုရန်းမိုင် ကျယ်ဝန်းကြောင်း၊ ဒီရေတော၊ အမြဲစိမ်းတော အမျိုးအစားဖြစ်ပြီး ဂျီလှောင်၊ သင်းခွေချပ်၊ မျောက်မျိုးစိတ်များ၊ ရေပျော်ငှက်များ၊ ရေသတ္တ၀ါမျိုးစုံနှင့် သန္တာကျောက်ခက်များကို အဓိကကာကွယ် ထိန်းသိမ်းစောင့်ရှောက် ထားကြောင်းလည်း သစ်တောဦးစီးဌာနမှ သိရသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် လေညာကြိုးဝိုင်းအတွင်း လေညာအမျိုးသားဥယျာဉ်ကို ၂၀၀၂ ခုနှစ်မှစတင် ကာ ဧက ၆၄၀၀၀၀၊ ၁၀၀၀ စတုရန်းမိုင်အတွင်း ထိန်းသိမ်းထားကြောင်း၊ အလားတူ ဘုတ်ပြင်းမြို့နယ် င၀န်ကြိုးဝိုင်းအတွင်း လေညာအမျိုးသားဥယျာဉ် (တိုးချဲ့) ကိုလည်း ၂၀၀၄ ခုနှစ်က ၃၄၅၆၀၀ ဧက၊ ၅၄၀ စတုရန်းမိုင်အတွင်း ထိန်းသိမ်းထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည်။

ပဲခူးတိုင်းအတွင်းရှိ မိုးယွန်းကြီး သဘာဝအခြေခံ အပန်းဖြေစခန်း တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top