0

Published on: April 24, 2014
Written by: အောင်ရဲကို

အရှုံးပေါ်နေသော ရထားကဏ္ဍမှ လုပ်ငန်းနှင့်မြေနေရာ လေးခုကို ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်ရန် တင်ဒါခေါ်ယူခဲ့ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ဧပြီ ၂၃ ရက်မှ စတင်ကာ ရထားပို့ဆောင်ရေး လက်အောက်ရှိ လုပ်ငန်းနှင့် မြေနေရာလေးခုကို တင်ဒါစတင် ခေါ်ယူခဲ့ပြီး ရန်ကုန်ဘူတာကြီးမှ ယာဉ်ဝင်၊ ယာဉ်ထွက် ကောက်ခံခြင်းလုပ်ငန်း၊ အင်းစိန်ဘူတာနှင့် အင်းစိန်မီးရထား ဘောလုံးကွင်းအနီး မြေနေရာ ၁ ဒသမ ၀၄ ဧက မြေအကျယ်အ၀န်း၊ လမ်းမတော်မြို့နယ် မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ မြေနေရာများ ပါဝင်ကြောင်း သိရသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကားပါကင်လုပ်ငန်း လုပ်ကိုင်ခွင့်အတွက် တစ်နှစ်သက်တမ်း ရှိမည်ဖြစ်ပြီး မြေနေရာငှားရမ်းခွင့်အတွက် ၁၅ နှစ်မှ နှစ် ၃၀ အထိ ငှားရမ်းလုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လုပ်ကိုင်ခွင့်ပြုမည့် လုပ်ငန်းများနှင့် မြေနေရာများအတွက် လုပ်ကိုင်လိုသူများ အနေဖြင့် ရန်ကုန်ဘူတာကြီး အပါအ၀င် အောက်မြန်မာပြည် မီးရထားရုံးသို့ မေလနောက်ဆုံးထား လာရောက်လျှောက်ထား ရမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ဆက်လက်ထုတ်ပြန် ထားသည်။

ရန်ကုန်မြို့ပတ်ရထား ပို့ဆောင်ရေးစနစ်အတွက် တစ်ရက်လျှင် သိန်းဆယ်ဂဏန်းမျှ အရှုံးပေါ်နေပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်းနှင့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းကာလများမှ၍ ပုဂ္ဂလိကနှင့် လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ခြင်းများ၊ ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုခြင်းတို့ကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အဆက်မပြတ် လုပ်ဆောင်နေကြောင်း သိရသည်။

၎င်းအပြင် မြန်မာနိုင်ငံအတွင်း ရာနှင့်ချီ ပြေးဆွဲနေသော ရထားလမ်းကြောင်းများတွင် အမြတ်အစွန်းရရှိမှုမှာ ဆယ်ဂဏန်း အရေအတွက်သာ ရှိနေရာ ရထားပို့ဆောင်ရေး စနစ်အတွက် လိုအပ်သော ပစ္စည်းများ ပြည်ပမှဝယ်ယူမှုကို လျှော့ချနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ရထားနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရေး စက်ရုံကို ဆောက်လုပ်နိုင်ရန် စီစဉ်နေကြောင်းလည်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားထားသည်။

လက်ရှိတွင် ရထားပို့ဆောင်ရေး လက်အောက်ရှိ ရထားလိုင်းပြေးဆွဲမှုကို ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန် ပြင်ဆင်နေပြီး ရန်ကုန်ဘူတာကြီးကိုလည်း နိုင်ငံတကာအဆင့်မီ အဆောက်အအုံအဖြစ် ဆောက်လုပ်နိုင်ရန် စီစဉ်မှုများကို စတင်အကောင်အထည် ဖော်လျက်ရှိသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရန် စီစဉ်ထားသော ရန်ကုန်ဘူတာကြီးကို တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
2

Post a Comment

 
Top