Published on: April 25, 2014
Written by: ချမ်းမြေ့သူ
အနောက်နိုင်ငံကြီးများ အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ဖွင့်လှစ်ထားသည့် ရုံးခွဲများမှတစ်ဆင့် မြန်မာနိုင်ငံ၏ လုပ်ငန်းများ၌ ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
"အနောက်နိုင်ငံတွေ အနေနဲ့ အခြားနိုင်ငံမှာ ဖွင့်ထားတဲ့ရုံးခွဲတွေကတစ်ဆင့် မြှုပ်နှံမှုတွေ လုပ်နေတာ တွေ့ရတယ်။ သူတို့နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံမှာ မြှုပ်နှံမှုပြုလုပ်မယ်ဆိုရင် လုပ်ငန်းပိုင်းဆိုင်ရာတွေကို ဆွေးနွေးလုပ်ကိုင်ဖို့အတွက် အရှေ့တောင်အာရှမှာဖွင့်ထားတဲ့ ရုံးခွဲတွေကတစ်ဆင့် ဆောင်ရွက်တာမျိုးက နှစ်နိုင်ငံလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အဆင်ပြေမှုရှိတယ်လေ။ အဓိကအားဖြင့်တော့ မြှုပ်နှံငွေကို ပင်မမြှုပ်နှံတဲ့ နိုင်ငံကထုတ်ပေးပြီး ရုံးခွဲတွေကို လုပ်ငန်းပိုင်းဆိုင်ရာ ပြန်ပြီးညွှန်ကြား ဆောင်ရွက်ခိုင်းတာမျိုးပေါ့" ဟု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇာနည်ဝင်းက ပြောကြားသည်။
၂၀၁၁-၂၀၁၂၊ ၂၀၁၂-၂၀၁၃၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် သုံးနှစ်အတွင်း၌ အဆိုပါ အနောက်နိုင်ငံကြီးများ၏ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်သည့်ပုံစံကို ကြည့်မည်ဆိုပါက တိုက်ရိုက်မြှုပ်နှံခြင်းမျိုး မရှိသော်လည်း အရှေ့တောင်အာရှ နိုင်ငံများတွင် ဖွင့်လှစ်ထားသည့် ရုံးခွဲများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင် နေခြင်းဖြစ်သည်။
ယင်းကဲ့သို့ မြှုပ်နှံမှုဝင်ရောက်ထားသည့် လုပ်ငန်းအချို့မှာ ဒိန်းမတ်နိုင်ငံအခြေစိုက် Carlsberg Group မှ မြန်မာကုမ္ပဏီ တစ်ခုဖြစ်သည့် MGS ကုမ္ပဏီနှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၀င်ရောက်လုပ်ကိုင်ရာတွင် စင်ကာပူနိုင်ငံတွင် ဖွင့်လှစ်ထားသည့် ရုံးခွဲမှတစ်ဆင့် လုပ်ငန်းလုပ်ကိုင်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံအခြေစိုက် Coca-Cola ကုမ္ပဏီမှလည်း မြန်မာကုမ္ပဏီတစ်ခုဖြင့် လုပ်ငန်းပူးပေါင်း လုပ်ကိုင်ရာတွင် အရှေ့တောင်အာရှ ရုံးတာဝန်ခံဖြင့် ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း၊ နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီမှလည်း စင်ကာပူနိုင်ငံရှိ ရုံးခွဲမှတစ်ဆင့် ဆက်သွယ်ရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ တိုက်ရိုက်ဝင်ရောက်၍ဖြစ်စေ၊ နိုင်ငံသားကုမ္ပဏီများဖြင့် ပူးပေါင်း၍ ဖက်စပ်မြှုပ်နှံမှုအရဖြစ်စေ ၀င်ရောက်မြှုပ်နှံခွင့်ပြုထားသည့် ကဏ္ဍများမှာ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အပါအ၀င် ကဏ္ဍပေါင်း ၁၁ ခုရှိကြောင်း သိရသည်။
နိုင်ငံအားဖြင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံငွေ အများဆုံးဖြင့် ပထမအများဆုံး မြှုပ်နှံသူနေရာတွင် ရပ်တည်နေပြီး ထိုင်းနိုင်ငံမှ ဒုတိယအများဆုံးမြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေသ စတင်ပြဋ္ဌာန်းခဲ့သည်မှစ၍ ယခု ၂၀၁၄ ခုနှစ်၊ မတ်လကုန်အထိ ပြည်ပနိုင်ငံပေါင်း ၃၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုချက်ရယူထားသည့် ပမာဏမှာ ဒေါ်လာ ၄၆ ဘီလျံကျော်အထိ ရှိနေကြောင်း သိရသည်။
အမေရိကန်နှင့် မြန်မာနိုင်ငံသား ကုမ္ပဏီတစ်ခုတို့ ဖက်စပ်မြှုပ်နှံမှု ပြုလုပ်ထားသည့် ကိုကာကိုလာ အချိုရည် ထုတ်လုပ်သည့် လုပ်ငန်းခွင်အား တွေ့ရစဉ်
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment