မြန်မာနိုင်ငံ၏ နိုင်ငံခြား မြေငှားရမ်းလုပ်ကိုင်ခွင့်မှာ အများဆုံး နှစ် ၇၀ အထိသာ ရရှိသည့်အတွက် BOT စနစ်ဖြင့် တည်ဆောက်သည့် အိမ်ရာများတွင် ယင်းအချက်ကို တိတိလင်းလင်းဖော်ပြရန် လိုအပ်
Published on: April 6, 2014
Written by: အငယ်ထွေး၊ နီလာ
မြန်မာနိုင်ငံတွင် နိုင်ငံခြားမြေ ငှားရမ်းသုံးစွဲမှုနှင့် ပတ်သက်၍ ပဏာမအဆင့် အနေဖြင့် နှစ် ၅၀ ခွင့်ပြုပေးထားပြီး အများဆုံး နှစ် ၇၀ အထိသာ ခွင့်ပြုသဖြင့် BOT စနစ်ဖြင့် ဆောက်လုပ်နေသော အိမ်ရာများအတွက် ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ချပြပြောဆိုပြီးမှသာ ရောင်းချသင့်ကြောင်း ရန်ကုန်မြို့၏ တိုးချဲ့လုပ်ကိုင် ဆောက်လုပ်လာသော အဆောက်အအုံများနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။
“BOT မှာတော့ အဆောက်အအုံရော မြေရောက အချိန်တန်ရင် ပြန်ပေးရမှာ။ ပြန်ပေးရမယ့်ဟာက များသောအားဖြင့် Rental တွေ လုပ်တာပေါ့။ ဟိုတယ်တွေလုပ်တယ်။ Services Apartment တွေလုပ်တယ်။ Shopping Mall တွေလုပ်တယ်။ အခုဟာကျတော့ BOT နဲ့လုပ်တဲ့ Housing ဆိုတာ အခုမှ ကြားဖူးတာကိုး။ ဒီ Housing ကလည်း ကွန်ဒိုမီနီယံနဲ့ ရောနေတယ်။ သဘောက။ ကွန်ဒိုမီနီယံ အောက်မေ့နေကြတယ်။ ဆိုတော့ Condominium ရဲ့ Definition ကိုလည်း သဘောမပေါက်ဘူး။ BOT ရဲ့ Definition ကိုလည်း သဘောမပေါက်ဘူး။ ပိုဆိုးတာက BOT ဆိုရင် မြေပိုင်ဆိုင်မှု အခွင့်အလမ်း မရှိဘူးလေ။ မရှိတော့ Housing လုပ်တဲ့အခါကျရင် Housing ရဲ့ Land tenaure Right က ပျောက်နေတယ်” ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။
အလားတူ အိမ်ရာဆောက်လုပ်မှုများတွင် ကွန်ဒိုမီနီယံများနှင့် BOT စနစ်ဖြင့် ဆောက်လုပ်မှုတို့ ပုံစံမတူကြောင်းနှင့် ကွန်ဒိုမီနီယံများမှာ အများအားဖြင့် ဂရန်မြေနှင့် ဘိုးဘွားပိုင်မြေများ ဖြစ်ကြကြောင်း၊ BOT စနစ်တွင် မြေကိုအငှားသဘောဖြင့်သာ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
“၁၉၉၇ တုန်းက ကွန်ဒိုမီနီယံနဲ့ ပတ်သက်တဲ့ စည်းမျဉ်းကို မြို့ရွာနဲ့အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက Handout ထုတ်ထားတယ်။ အဲဒီ Handout လေးကိုပဲ ဒီကနေ့ လက်စွဲပြုထားရတယ်။ အဲဒီအထဲမှာ Infrastructure နဲ့ ပတ်သက်၍လည်းကောင်း၊ အဆောက်အအုံနဲ့ ပတ်သက်၍သော် လည်းကောင်း၊ ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ ရေမီးစတာတွေကို ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်ရမယ်။ အကြမ်းအားဖြင့်တော့ ဒီအဆောက်အအုံမှာရှိတဲ့ အဆောက်အအုံရယ်၊ အခန်းရယ်၊ အဆောက်အအုံတည်ရှိတဲ့ မြေရယ်ကို ဆောက်လုပ်တဲ့ အခြေခံအဆောက်အအုံတွေကို စုပေါင်းပိုင်ဆိုင်တယ်ဆိုတဲ့ သဘောလေးကို ဖွင့်ဆိုပေးထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ကွန်နီမီနီယံ ဥပဒေမှာ ရေးဆွဲနေဆဲဖြစ်ကြောင်းနှင့် ထိုဥပဒေထဲတွင် ပါဝင်သော အသေးစိတ် အချက်အလက်များကို သိရှိရမှု မရှိသေးကြောင်း၊ နိုင်ငံခြားမှ အိမ်ရာကဏ္ဍတွင် မြှုပ်နှံလိုသူများလည်း ကွန်ဒိုမီနီယံဥပဒေ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေရကြောင်း သိရသည်။
Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment