0

Published on: April 6, 2014
Written by: မင်းသီဟဇော်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်း၊ ရွှေမှောင်ခိုကုန်ကူးမှု အပါအ၀င် အကောက်ခွန်မဲ့ပစ္စည်း စုစုပေါင်း ကျပ်ခြောက်ဘီလျံကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန် ဦးစီးဌာနသည် အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား ရန်ကုန်လေဆိပ်၊ ရေဆိပ်များနှင့် နယ်မြေဒေသ အသီးသီးတို့တွင် စစ်ဆေးရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အကောက်ခွန်ဦးစီးဌာနက ဖမ်းဆီးအရေးယူမှုများမှာ ရန်ကုန်လေဆိပ်၊ ရေဆိပ်များတွင် စုစုပေါင်း အမှုတွဲ ၄၇၈ မှုဖြင့် ခန့်မှန်းတန်ဖိုး ကျပ် ၃၂၆၀ ဒသမ ၃၉ သန်းခန့်၊ နယ်မြေဒေသများတွင် အမှုတွဲ စုစုပေါင်း ၄၇၅ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၃၁၁၃ ဒသမ ၆၂ သန်းခန့်၊ စုစုပေါင်းအမှုတွဲ ၉၅၃ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၆၃၇၄ ဒသမ ၀၁ သန်းခန့် ဖမ်းဆီး၊ တားဆီးကာ အကောက်ခွန် ဥပဒေများအရ အရေးယူခဲ့ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနမှ ဖမ်းဆီးအရေးယူခဲ့သည့် ဖြစ်စဉ်အချို့မှာ ၂၀၁၄ ခုနှစ် မတ် ၂၀ ရက်တွင် မန္တလေး ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ မန္တလေးမှ မူဆယ်သို့ သွားရောက်မည့် ခရီးသည် မှန်လုံယာဉ်တစ်စီးအား စစ်ဆေးရာ တရားဝင် စာရွက်စာတမ်း တစ်စုံတစ်ရာ မပါဘဲ ယာဉ်၏ဆီတိုင်ကီ အနောက်အံဝှက်အတွင်းနှင့် ခရီးသည် ထိုင်ခုံအောက်ရှိ ခရီးသည်အိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသော ကျောက်စိမ်းဟု ယူဆရသည့် ကျောက်တုံးများ (ဆိုက်စုံ) ၆၉၅ ကီလိုဂရမ်ခန့်နှင့် ယာဉ်တန်ဖိုး စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၁၄ ဒသမ ၉၅ သန်းခန့်အား လည်းကောင်း၊ မတ် ၂၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပသို့ထွက်ခွာမည့် အိန္ဒိယနိုင်ငံသား ခရီးသည်ထံမှ အကယ်ဒမီစာတန်းပါ ရွှေတုံး ၂၀ တုံး၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၁၃၀ သန်းခန့်အား တွေ့ရှိ၍ တားဆီးအရေးယူခဲ့ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများ၊ ခွင့်ပြုချက်မရှိဘဲ ကုန်စည်တင်သွင်းမှုများကို အကောက်ခွန် ဦးစီးဌာနမှ စစ်ဆေးအရေးယူ နေသကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများ ပါဝင်ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့များကလည်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် စစ်ဆေးအရေးယူနေကြောင်း . . . . .

၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်အထိအ ပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းအမှုတွဲ ၁၁ မှု၊ စုစုပေါင်းတန်ဖိုး ကျပ် ၂၅ ဒသမ ၂၀ သန်းခန့် အပါအ၀င် တစ်နိုင်ငံလုံးရှိ အကောက်ခွန်ရုံးများမှ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရရှိမှု စုစုပေါင်းတန်ဖိုး ကျပ် ၈၂၆ ဒသမ ၆၅ သန်းခန့်ရှိကြောင်း သိရသည်။

ကုန်သွယ်မှုပြုလုပ်သည့် ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် နေရာဒေသ အသီးသီးတွင် တရားမ၀င် ကုန်သွယ်မှု လုပ်ငန်းများကို စစ်ဆေးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူရန် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၉၇/၂၀၁၂)ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါ ကော်မတီသည် စားသုံးသူ/သုံးစွဲသူများကို ထိခိုက်စေသော ကိစ္စရပ်များကို ကာကွယ်ရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အရပ်ရပ် ကောက်ခံရရှိမှုနှင့် အခြားကိစ္စရပ်များ နစ်နာမှုမရှိစေရေး၊ တရားသော ယှဉ်ပြိုင်ရောင်းချမှု ဖြစ်စေရေးတို့အတွက် စီမံချက်အဆင့်သုံးဆင့် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနသည် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်းအမိန့်များနှင့်အညီ အခွန်ကောက်ခံရန်၊ နိုင်ငံခြားသို့ တင်ပို့ခြင်းနှင့် နိုင်ငံခြားမှ တင်သွင်းသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်းအမိန့်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိမရှိ ကြီးကြပ်ရန်၊ တရားမ၀င် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများအား စုံစမ်းဖော်ထုတ် အရေးယူရန် စသည့်ဆောင်ရွက်ချက်များကို ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများ၊ ခွင့်ပြုချက်မရှိဘဲ ကုန်စည်တင်သွင်းမှုများကို အကောက်ခွန် ဦးစီးဌာနမှ စစ်ဆေးအရေးယူ နေသကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများ ပါဝင်ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့များကလည်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် စစ်ဆေးအရေးယူနေကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်တွင် တရားမ၀င် ၀င်/ထွက် ပေါက် ၂၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံမှ ထွက်ရှိသည့် သယံဇာတများကို တရုတ်ဘက်သို့ တရားမ၀င် တင်ပို့မှုများ ရှိနေသည်။

အဆိုပါ တရားမ၀င် ၀င်/ထွက်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံမှ နွားအရှင်၊ မြွေအရှင်၊ လိပ်အရှင်များ၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်းများ တရားမ၀င် တင်ပို့မှုများ ရှိနေပြီး မြန်မာနိုင်ငံတွင်းသို့ တစ်ဖက်နိုင်ငံမှ မော်တော်ယာဉ် အပိုပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ အလှကုန်မျိုးစုံ၊ ဘီယာ၊ ဒီဇယ်၊ အ၀တ်အထည်မျိုးစုံ၊ လျှပ်စစ်ပစ္စည်းများ၊ ဟန်းဆက်များကို ရှောင်ကွင်းလမ်းများမှ တရားမ၀င် သယ်ဆောင်နေကြောင်း သိရသည်။
-
Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top