Published on: April 6, 2014
Written by: နီလာ
၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းလိုက်ပြီးနောက် သစ်တောဦးစီးဌာနမှ တရားဝင်ဝယ်ယူခွင့် ရရှိထားသော သစ်လုံးများကို ခွဲစိတ်ထားသည့် သစ်အချောထည် ပစ္စည်းများကိုသာ ပြည်ပသို့တင်ပို့ခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ သိရသည်။
“ပြည်ပကို သစ်အလုံးလိုက်ပို့တာ ရပ်ပြီဆိုတော့ သစ်တောဦးစီးဌာနရဲ့ ခွင့်ပြုချက်နဲ့ဆိုရင် သူတို့ Export သွားလို့ ရပါတယ်။ တရားဝင်ဝယ်ယူခွင့် ရှိထားတဲ့ သစ်လုံးတွေကို ခွဲစိတ်ပြီးတော့မှ ထွက်ရှိလာတဲ့ သစ်အချောထည်တွေကို ပြည်ပတင်ပို့ချင်တယ်ဆိုရင် သစ်တောဦးစီးဌာနရဲ့ သစ်တောထောက်ခံချက်ကော်မတီဆိုတာ ရှိပါတယ်။ အဲဒီကော်မတီရဲ့ စိစစ်ချက်နဲ့ သူတို့က မှန်ကန်တယ်ဆိုရင် သူတို့ ပြည်ပတင်ပို့ခွင့် ရပါတယ်” ဟု မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်ပသို့ သစ်အချောထည်ပစ္စည်းများ တင်ပို့ရန်အတွက်မူ ယခင် ပြည်ပတင်ပို့နေသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။
“ပြည်ပတင်ပို့မယ်ဆိုရင်တော့ Export သွားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဖြစ်ပါတယ်။ ဆိပ်ကမ်းအာဏာပိုင်တို့၊ သင်္ဘောတင်ကွင်းတို့၊ Custom pass တို့ စတဲ့ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်း သွားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ကော်မတီ ဆိုတာကတော့ ကျွန်တော်တို့အခေါ် ထောက်ချက်လို့ ခေါ်ပါတယ်။ သစ်အချောထည်ပစ္စည်းတွေ တင်ပို့မယ်ဆိုရင် ထောက်ခံချက်ပေးတဲ့ ကော်မတီဆိုတာ ရှိတယ်။ ပြည်ပတင်ပို့ဖို့အတွက် တင်ပို့လျှောက်ထားလာတဲ့ ဟာတွေကို သူတို့က စိစစ်မယ်။ စိစစ်တဲ့အတိုင်း လုပ်ထုံးလုပ်နည်းနဲ့အညီ တရားဝင်သစ်ကို ခွဲစိတ်ထားတာ မှန်ကန်တယ်ဆိုရင် ခွဲသားထွက်ရှိမှု ရာခိုင်နှုန်းတွေ မှန်ကန်တယ်ဆိုရင် တင်ပို့ခွင့်ပြုမှာ ဖြစ်ပါတယ်” ဟု မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်ပတင်ပို့မယ်ဆိုရင်တော့ Export သွားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဖြစ်ပါတယ်။ ဆိပ်ကမ်းအာဏာပိုင်တို့၊ သင်္ဘောတင်ကွင်းတို့၊ Custom pass တို့ စတဲ့ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်း သွားရမှာ ဖြစ်ပါတယ် . . . . .
ပြည်ပသို့ သစ်အချောထည်ပစ္စည်းများ တင်ပို့နိုင်ရန်အတွက် ပြည်တွင်း၌ သစ်အခြေခံစက်ရုံများ အများအပြား လိုအပ်လျက်ရှိရာ စက်ရုံများ တည်ထောင်နိုင်ရေးအတွက် နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်လာကြောင်း သိရသည်။
“အဓိကကတော့ ၀န်ကြီးဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း ဦးစားပေးလာတယ်။ နောက်ပြီး အလုံးလိုက် တင်ပို့ခြင်းထက် အချောထည်ကို တင်ပို့မယ်ဆိုရင်၊ ရပ်တယ်ဆိုတဲ့သတင်း ကြားလိုက်တာနဲ့ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတယ်။ သစ်အခြေခံစက်ရုံတွေတည်တာ ဖြစ်တဲ့အတွက် ပြည်ပက အရင်းအနှီးတွေ စိမ့်ဝင်လာတာ ဖြစ်ပါတယ်။ စက်တွေကလည်း ခေတ်မီစက်တွေ သူတို့လာတပ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာမှာ ရောင်းတန်းဝင်ပစ္စည်းတွေ ထွက်ဖို့ကတော့ ကွာလတီကောင်းကောင်း စက်တွေလိုတယ်။ စက်ကောင်းရုံနဲ့ မရပါဘူး။ ဒီစက်တွေကို Operate လုပ်မယ့် ကျွမ်းကျင်တဲ့ ပညာရှင်တွေ လိုတယ်။ ဒါတွေဟာ ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံတဲ့အတွက် ကျွန်တော်တို့မှာ နည်းပညာနဲ့ အဆင့်မြင့်စက်တွေ ဒီမှာဖြစ်ထွန်းလာမှာ ဖြစ်တယ်” ဟု မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
-
သစ်အချောထည်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment