Published on: April 20, 2014
Written by: ဖြိုးဝေ
အရပ်ဘက် အခွင့်အရေးများ၊ နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ICCPR)ကို သဘောတူလက်မှတ် ရေးထိုးရန်၊ ပဋိပက္ခဖြစ်ပွားချိန်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကာကွယ်ရေး ကြေညာချက်ကို လက်မှတ်ရေးထိုးရန်နှင့် ကလေးစစ်သည်များကို အဆုံးသတ်ရန် မြန်မာအစိုးရနှင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၏ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပွင့်လင်းစွာ ထိစပ်ဆောင်ရွက်ရေး မူဝါဒကို ဗြိတိန်အစိုးရက ဆက်လက်ကျင့်သုံးနေပြီး ၂၀၁၄ ခုနှစ်အတွင်း ဗြိတိန်၏ ဆောင်ရွက်ချက်များအဖြစ် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ လူ့အခွင့်အရေးကို ခုခံကာကွယ်နေသူများအား ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းတို့ အပါအ၀င် နိုင်ငံရေးလွတ်လပ်ခွင့်များ၊ သည်းခံမှုနှင့် အမျိုးစုံကွဲပြားမှုတို့ကို လက်ခံမှုများ တိုးပွားအောင် ဆောင်ရွက်ခြင်းကိုလည်းကောင်း ဆက်လက်အလေးထား လုပ်ဆောင်ရန် စီစဉ်ထားကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ၏ ပုဒ်မ ၁၈ နှင့်တကွ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသော အခြားဥပဒေ ပြဋ္ဌာန်းချက်များပင်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၂၀၁၃ ခုနှစ်အတွင်း အဆိုပါ ပုဒ်မအရ တရားစွဲဆိုခံရသူ အများအပြားမှာ အပြစ်ရှိသည်ဟု ၀န်ခံပါက ဒဏ်ငွေအနည်းငယ် ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံရပြီး အပြစ်မရှိဟု လျှောက်လဲသူများမှာ သိသိသာသာ ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် စပ်လျဉ်းသည့် ဥပဒေပြဋ္ဌာန်းချက်သစ်ကို ပြင်ဆင်ရေးဆွဲနိုင်ရန် ဥပဒေပြုပုဂ္ဂိုလ်များ၊ အရပ်ဘက် လူ့ဘောင်၊ မီဒီယာ၊ ၀န်ကြီးဌာနများ၏ စွမ်းရည်ကို မြှင့်တင်ဖော်ဆောင်ရန် လန်ဒန်အခြေစိုက်အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် အပိုဒ် ၁၉ (အာထစ်ခယ်(လ်) နိုင်ထီး(န်))အဖွဲ့အား ဗြိတိန်နိုင်ငံမှ ဘဏ္ဍာငွေထောက်ပံ့ထားပြီး တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် အခွင့်အရေးများကို အာမခံဘတ်ဂျက် မလွဲမသွေ ပေးအပ်နိုင်လာစေရေးအတွက် လက်ရှိဥပေဒပြဋ္ဌာန်းချက်အား ပြန်လှန်သုံးသပ်ပြင်ဆင်ရန် မြန်မာအစိုးရနှင့် လွှတ်တော်အား ဆက်လက်တိုက်တွန်းလျက် ရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လာရောက်ခဲ့စဉ် သမ္မတဦးသိန်းစိန်အား နှိပ်စက်ညှဉ်းပန်းမှု ဆန့်ကျင်တိုက်ဖျက်ရေး နိုင်ငံတကာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့ပြီး တရားမျှတမှု ရရှိရေးနှင့် တရားဥပဒေစိုးမိုးရေး နိုင်ငံရေးခံယူချက် အမျိုးမျိုးရှိသည့် ဥပဒေပြုသူများမှာ ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်းနှင့် လွှတ်တော်အတွင်း နိုင်ငံရေးအရ အချေအတင် ဆွေးနွေးမှုများ ဖွင့်ပေးရာတွင် တိုးတက်ခရီးရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥဒေစိုးမိုးရေး လွှတ်တော်ရေးရာကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် ဗြိတိန်အစိုးရမှ နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နေပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် လာရောက်သည့် အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်း၏ ခရီးစဉ် အပါအ၀င် ပိုမိုကျယ်ပြန့်သော တရားဥပဒေ စိုးမိုးရေး စတင်ဆောင်ရွက်ချက်များကိုလည်း ဗြိတိန်အစိုးရက ပံ့ပိုးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရေးကြီးသော လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစာချုပ်များ၊ အထူးသဖြင့် ICCPR ကို သဘောတူလက်မှတ် ရေးထိုးရန် မြန်မာအစိုးရအား ဆက်လက်တိုက်တွန်းနေပြီး ၂၀၁၄ ခုနှစ်တွင် အဆိုပါ လုပ်ငန်းစဉ်အတွက် မြန်မာအစိုးရအား မည်သို့မည်ပုံ ပံ့ပိုးနိုင်မည်ကို လတ်တလောတွင် ဆွေးနွေးလျက်ရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအ၀င် ဘေးအန္တရာယ် ကျရောက်လွယ်မှု လျှော့ချခြင်း၊ ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းသော အသွင်ကူးပြောင်းမှုများတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုကို တိုးမြှင့်ခြင်း၊ ကျား-မ မညီမျှမှုများကို ပြန်ညှိရန် သီးခြားပစ်မှတ်ထား ရေးဆွဲထားသည့် အစီအစဉ် ချမှတ်ခြင်းနှင့် အခြားကြားဝင် ဆောင်ရွက်ခြင်းများ၊ အမျိုးသမီးများအပေါ် ရိုက်ခတ်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဆုံးဖြတ်ချက်များတွင် အမျိုးသမီးများ ပိုမိုပါဝင်ပတ်သက်ခြင်း စသည့်အချက်များတွင် ဗြိတိန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဗဟိုချက်၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အမြဲတစေ ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ကလေးစစ်သည်များ စုဆောင်းမှုနှင့် အသုံးပြုမှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ စောင့်ကြည့်ရသည့် စာရင်းတွင် မြန်မာနိုင်ငံမှာ ပါရှိနေဆဲဖြစ်သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ လုပ်ငန်းအဖွဲ့၏ အစိတ်အပိုင်းအဖြစ် ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံမှ ကလေးစစ်သည်များ၏ အရေးကိစ္စနှင့် စပ်လျဉ်းသော ဆုံးဖြတ်ချက်တစ်ရပ်ကို သဘောတူညီခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်းမှ ကုလသမဂ္ဂ အဖွဲ့အား စစ်စခန်းများ အားလုံးသို့ သွားရောက်ခွင့်ပေးရေး၊ ကလေးစစ်သည်များ စုဆောင်းရန်အတွက် မက်လုံးများပေးထားသည်ကို ဖယ်ရှားရေး၊ အသက်စစ်ဆေးမှု ယန္တရားများ ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ရေးအတွက် မလွဲမသွေ ဆောင်ရွက်ရန် အဆိုပါ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံကို တောင်းဆိုထားပြီး ကလေးသူငယ် ၆၀၀ ကျော်ကို တပ်မတော်မှ ပြန်လွှတ်ပေး၍ မိသားစုနှင့် ပြန်လည်ပေါင်းစည်းစေခဲ့ခြင်းကို ကြိုဆိုသော်လည်း ကလေးသူငယ်များအား စစ်သားစုဆောင်းခြင်းမှာ နှေးကွေးသွားသည့်တိုင် လုံးဝရပ်ဆိုင်းသွားမှု မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒီဇင်ဘာလအတွင်းက ဗြိတိသျှသံအမတ်ကြီး မစ္စတာ အင်ဒရူးပစ်ထရစ်နှင့်အဖွဲ့ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများအား သွားရောက်ကြည့်ရှုနေစဉ်
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment