မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် မတော်တဆမှုကြောင့် မန္တလေးဆေးရုံကြီးသို့ လူနာ ၅၀ နီးပါးရောက်
မန္တလေး၊ ဧပြီ ၁၈
မြန်မာနှစ်သစ်ကူးဖြစ်သည့် နှစ်ဆန်း ၁ ရက်နေ့ (ဧပြီလ ၁၇ ရက်နေ့) တွင် ခိုက်ရန်ဖြစ်ပွားမှုနှင့် ယာဉ်မတော်တဆမှု များကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ လူနာ ၄၈ ဦး တက်ရောက် ကုသခဲ့ပြီး သေဆုံးမှု မရှိကြောင်း အဆိုပါ ဆေးရုံကြီး အရေးပေါ် လူနာကုသဌာနထံမှ စုံစမ်းသိရှိရသည်။
မန္တလေးခရိုင် အတွင်းတွင် နှစ်ဆန်း ၁ ရက်နေ့ ဘုရားဖူး လည်ပတ်ရာမှ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိပြီး မန္တလေး ဆေးရုံကြီးသို့ ဆေးကုသမှု လာရောက် ခံယူမှု များပြားခဲ့ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“နှစ်ဆန်း ၁ ရက်နေ့မှာ ယာဉ်တိုက်မှုတွေကတော့ နည်းတယ်။ ရန်ဖြစ်လို့ ရောက်လာတာတွေ များတယ်” ဟု မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ် လူနာကုသဌာနရှိ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ခိုက်ရန် ဖြစ်ပွားမှုကြောင့် မန္တလေးဆေးရုံကြီးသို့ လူနာ ၂၉ ဦးနှင့် ယာဉ်တိုက်မှုကြောင့် ၁၉ ဦး ရောက်ရှိလာကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ကျွန်မတို့ သင်္ကြန်လည်တော့ ရန်ဖြစ်တဲ့ ကောင်လေးတွေရှိတယ်။ မဏ္ဍပ်တိုင်းမှာ ရဲတွေ အစောင့်ရှိတော့ ခဏလေးပဲ ရဲတွေ သွားထိန်းလိုက်တာ။ ဘာမှမဖြစ်တော့ဘူး” ဟု သင်္ကြန်အကျနေ့တွင် ကားဖြင့် လည်ပတ်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
မန္တလေးတိုင်းဒေသကြီး သင်္ကြန်ကာလအတွင်း ခိုက်ရန် ဖြစ်ပွားမှုကြောင့် ဆေးရုံရောက်သည့် ဦးရေ ၁၉ ဦးရှိခဲ့ပြီး ဦးပိန်တံတားတွင် ရေနစ်သေဆုံးသူ တစ်ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် သင်္ကြန်ကာလအတွင်း ခိုက်ရန် ဖြစ်ပွား၍ ဒဏ်ရာရရှိသူ ၁၉ ဦး၊ ဝတ္တရား နှောင့်ယှက်မှု တစ်မှု၊ သေမှုသေခင်းတစ်မှု၊ ကာယိနြေ္ဒ ဖျက်ဆီးမှု သုံးမှု၊ မူးယစ်ရမ်းကားမှု ကိုးမှုတို့ ဖြစ်ပွားခဲ့ပြီး မှုခင်းကြိုတင်ကာကွယ် ဖမ်းဆီးရမိမှု ရဲအက် ၁၇၁ မှု၊ လက်နက်ကိုင်ဆောင် ဖမ်းဆီးရမိမှု ၃၂ မှု၊ တရားမဝင် ယစ်မျိုးရောင်းချမှု ၄၂၂ မှု၊ ပြည့်တန်ဆာ ဖမ်းဆီးရမိမှု တစ်မှုတို့ကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ ထပ်မံသိရသည်။
Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment