0

(Written By - နရီမင်း)

“ဘ၀ရဲ့ကျောင်းတွေ တက်ခဲ့ဖူးပြီ
လူတွေအကြောင်းကို နားလည်ပြီ
လောကကြီးကို အရမ်းတုန်လှုပ်ခဲ့
အင်း . . . သိပ်ကို
ဆန်းကြယ်တယ်”
ဝင်းမင်းထွေး၏ စာသားများကို ဇော်ဝင်းထွဋ် ရွတ်ဆိုနေခိုက်သည် ကျွန်တော်၏အတွေးများ ‘လေထဲရှိ ဖုန်မှုန့်များကဲ့သို့’ ဖွားဖွားလွင့်နေချိန် ဖြစ်ပါသည်။ (ဘိုးဘိုးကတော့ အရက်မူး၍ အိပ်ပျော်နေပါသည်)

Everything is dust in the wind. (အရာရာတိုင်းသည် လေထဲရှိဖုန်မှုန့်များ ဖြစ်ကြသည်) Dust in the wind သီချင်းကို Kansas ဟုခေါ်သော တီးဝိုင်းတစ်ခုက သီဆိုထားပါသည်။ သီချင်းကို သီဆိုနေသူမှာ တစ်ဦးတည်းဖြစ်သော်လည်း တီးဝိုင်းတစ်ခုကို လူတစ်ဦးတည်းဖြင့် ဖွဲ့စည်း၍ ရပါမည်လား။ ဖုန်မှုန့်များဟူသည် Dust (အနည်းကိန်း) လား။ Dusts (အများကိန်း)လား။ ဒေါသကြီးသော (ဆရာ) မောင်သာနိုးအား သွားမမေးရဲပါ။

အမှန်တကယ်၌မူ ကျွန်တော့်အတွက် Dust ပဲဖြစ်ဖြစ်၊ Dusts ပဲဖြစ်ဖြစ် ဘာမျှအရေးမကြီးပါ။ အရေးကြီးသည်မှာ ကျွန်တော်အနေနှင့် ဤသို့ရေးလိုက်လျှင် ‘လေ’ ဟုခေါ်ဆိုသမုတ်အပ်သော ‘ . . . .’ ထဲတွင် ‘ဖုန်မှုန့်’ ဟု ခေါ်ဆိုသမုတ်အပ်သော ‘ . . . .’ များရှိနေမှုကို သင်၏မျက်စိထဲ၌ မြင်ယောင်လာဖို့ပင် ဖြစ်ပါသည်။ သို့သော် ဘာမျှမြင်ယောင် မလာလျှင်လည်း အရေးမကြီးပါ။ ဆိုလိုသည်မှာ အရေးကြီးသည်မှာလည်း အရေးမကြီးပါ။ အရေးမကြီးသည်များကို အရေးကြီးသည်ထင်ပြီး အရေးတကြီး မလုပ်မိဖို့က အရေးကြီးပါသည်။ (ဤ၀ါကျကို ဘုံအိမ်သာ နံရံတစ်ခုပေါ်မှ ကောက်ရခဲ့ခြင်း ဖြစ်ပါသည်။)

အနည်းကိန်းနှင့် အများကိန်း မှားရေးမိလျှင် စာမေးပွဲ၌ အမှတ်တစ်မှတ် လျော့သွားနိုင်ပါသည်။ “အမှတ်တစ်မှတ်သည် လူတစ်ယောက်၏ ဘ၀ကို အကြီးအကျယ် ပြောင်းလဲစေနိုင်သည်” ဟု တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော ကျောင်းသားများက ပြောကြပါသည်။ ကျွန်တော့်မှာမူ Dust ဟူသော စာလုံးလေးတစ်လုံး ရေးသားရာ၌ S လေးတစ်လုံး ထည့်ရေးမှု မရေးမှုက လူတစ်ယောက်၏ ဘ၀ကို အကြီးအကျယ် ပြောင်းလဲစေနိုင်သည်ဟူသည့် အဆိုကြောင့် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရပါသည်။
(ဒါဆို ဒီဘ၀မျိုးက တော်တော် S (အက်စ်) ရေးပါတဲ့ ဘ၀ပေါ့)

S ဟူသော စကားလုံးကိုမြင်လျှင် ပထ၀ီဝင် ကျောင်းသားများကတော့ South ဟုခေါ်သော ‘တောင်ဘက်အရပ်’ ကို ပြေးမြင်ကြပါလိမ့်မည်။ ‘တောင်ပင်လယ်သည် တောင်ဘက်အပိုင်းတွင် ရှိသည်’ (ဤ၀ါကျအား အပျင်းပြေ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကြည့်နိုင်သည်)

သာယာနာပျော်ဖွယ် မကောင်းသော အသံဖြင့် ဇော်ဝင်းထွဋ် သီချင်းဆိုနေပါသည်။ “အသံကောင်းမှသာ အဆိုတော်ဖြစ်သည်” “ဂီတသံဟူသည် သာယာနာပျော်ဖွယ်သာ ဖြစ်ရမည်” ဟူသော အဆိုများကို ရော့ခ်ဂီတရေစီးက ရိုက်ချိုးပစ်လိုက်ပါသည်။ အက်ကွဲရှတသော ငှက်ဆိုးထိုးသံဖြင့် ရော့ဒ်စတီးဝပ်သည် ကမ္ဘာ့ဂီတ ပရိသတ်ကို ကိုင်လှုပ်ပစ်ခဲ့ပါသည်။

အလင်းသည် လှိုင်းသဘာဝရှိသည်။ အလင်းသည် အမှုန်သဘာဝရှိသည်။ အလင်းသည် ဖြောင့်တန်းစွာသွား၏။ အလင်းသည် ကွေ့ကွေ့ကောက်ကောက်သွား၏။ အလင်းသည် ခုန်ဆွခုန်ဆွသွား၏။ “တံခါးအလုံပိတ်၍ ရထားဖြင့် ခရီးသွားနေသူ တစ်ဦးအတွက် ရထားသည် ရွေ့မနေ”။ မည်သည့်အရာကိုမျှ ပုံသေဖမ်းဆုပ်ထား၍ မရနိုင်ကြောင်းကို အိုင်းစတိုင်း ကောင်းကောင်းသဘောပေါက်သွားချိန်၌ သူ၏ဒုတိယဇနီးနှင့် လက်ထပ်ခဲ့ပါသည်။

သိပ္ပံပညာရှင် ၀ါနာဟိုင်စင်ဘတ်က “ပါတီကယ်တစ်ခုရဲ့ အနေအထားကို ပိုပြီးတိတိကျကျ သတ်မှတ်လေလေ သူရဲ့အဟုန်ကို ပိုပြီးတိတိကျကျ မသိနိုင်လေပဲ။ အဲဒါက အပြန်အလှန် သဘောဆောင်တယ်” ဟု ပြောခဲ့သည်။ အလွန်တိကျပါသည်ဟုဆိုသော သိပ္ပံပညာတွင် ‘မရေရာခြင်းနိယာမ’ (Theory of Uncertainty) ကို ဟိုင်စင်ဘတ်က တင်ပြခဲ့သည်။

စကားလုံးတို့၏ အဓိပ္ပာယ်များသည် အဘိဓာန်တို့အတွင်းမှ ခုန်ထွက်ကာ လေထဲ၌ လွင့်မျောနေကြသည်။ အချို့သည် မိလုမိခင် အနေအထား၌ ပြဒါးများကဲ့သို့ ခုန်ထွက်သွားကြသည်။ လေထဲတွင်မြည်သော အသံများကို လူအချို့က ဖမ်းဆုပ်အသံသွင်းထားကြသည်။ သို့သော် သူတို့ဖမ်းဆုပ်မိသော အရာများသည် မူရင်းအရာများ မဟုတ်တော့သည်ကို မသိကြ။ ဘာမျှမရှိသော အရာများကို ရှိသည်ဟုထင်ကာ မိရာဖမ်းဆုပ်လျက် ခံစားတွေးတောကြရင်း တံလျှပ်ကို ရေထင်ကာ ရွှေသမင် အလိုက်မှားခဲ့ရသည်။

တစ်စက္ကန့်မျှပင် ကြာချိန်မရှိသော စကားလေးတစ်ခွန်းကြောင့် သင်သည် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်းတစ်ဦးနှင့် တစ်သက်လုံး အမုန်းကြီး မုန်းသွားနိုင်ပါသည်။ မိမိ တစ်သက်လုံး ယုံကြည်ကိုးစားခဲ့ရသူက ဓားဖြင့်ထိုးထားသောဒဏ်ရာ သင်၏နောက်ကျောတွင် ရှိကောင်းရှိနိုင်ပါသည်။

ဆိုကြပါစို့။ ကျွန်တော်လမ်းလျှောက်လာသည်။ လမ်း၌တွေ့သော ပထမတစ်ယောက်က ကျွန်တော့်ကို “ခင်ဗျား ၀လာလိုက်တာ။ ကျန်းမာရေးကောင်းတယ် ထင်ပ” ဟု နှုတ်ဆက်ပါသည်။ မိနစ်ပိုင်းမျှပင် မကြာလိုက်မီ ထပ်မံတွေ့ရသော ဒုတိယတစ်ယောက်က “ခင်ဗျား ပိန်သွားတယ်နော်။ ကျန်းမာရေး ဂရုစိုက်ဦး” ဟု သတိပေးပါသည်။

“ရှင်က သိပ်စိတ်ရှည်တာပဲနော်။ ရှင့်လောက်စိတ်ရှည်တဲ့သူ ကျွန်မတစ်ခါမှ မကြုံဖူးဘူး” ဟု မိန်းကလေးတစ်ယောက်က ကျွန်တော့်ကိုပြောပြီး နောက်မိန်းကလေးတစ်ယောက်က “ရှင်ဟာလေ ဒေါသသိပ်ကြီးတာပဲ။ စိတ်ကလေးဘာလေး နည်းနည်းရှည်ရှည် ထားကြည့်ပါလား” ဟု ပြောပါသည်။

ကျွန်တော်တို့အားလုံးသည် မျက်မမြင် ပုဏ္ဏားခြောက်ယောက်ထဲမှ တစ်ယောက်အပါအ၀င်များ ဖြစ်ကြပါသည်။ မည်သူမျှ ဆင်ကြီးတစ်ကောင်လုံးကို မည်သည့်အချိန်တွင်မှ ပြည့်ပြည့်စုံစုံ မြင်ဖူးလာကြမည် မဟုတ်ပါ။

ထို့ကြောင့် ကျွန်တော်တို့သည် ဆင်ကြီးအား “ဘာနှင့်တူသည်” “ညာနှင့်တူသည်” အစရှိသဖြင့် အတောမသတ်အောင် ငြင်းခုံနေကြဦးမည်သာ ဖြစ်ပါသည်။ သို့သော် “သူ့ဟာသူ ဘာနဲ့ပဲတူတူ၊ ဆင်ကြီးဆိုရင် ဆင်ကြီး ဆင်ကြီးလို့သာမှတ်” ဟု သဘောထားလိုက်သောအခါ အသိပညာ အလုံးစုံတို့ ချုပ်ငြိမ်းကုန်ကြပေတော့မည်။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါလျှင် ကျွန်တော်တို့အနေဖြင့် အရာရာကို အစကပြန်စရဖို့သာ ရှိပါသည်။ ဤသည်ပင်လျှင် ဘုမသိဘမသိ လူတို့အော်ကြီးဟစ်ကျယ် ပြောဆိုနေကြသော ပို့စ်မော်ဒန်ခေတ် ဖြစ်ပါသည်။ (Comment ရေး၍ ၀င်ဆဲရန် ဆန္ဒမစောပါနှင့်ဦး) ကျွန်တော်အပါအ၀င် ပို့စ်မော်ဒန်ခေတ်၏ လူသားအားလုံးသည် ဘုမသိဘမသိ လူသားများ ဖြစ်ကြပါသည်။

“ဘာနှင့်တူသည်” “ညာနှင့်တူသည်” ဟု မိမိတို့ ဖမ်းဆုပ်မိသမျှလေးဖြင့် အပြင်းအထန် ငြင်းခုံနေကြသော ကျွန်တော်တို့ လူသားအပေါင်းအား မျက်စိနောက်တော်မူသည့် ကာလယန္တရားကြီးနှင့်တူသော ဆင်ကြီးက တစ်ချိန်ချိန်တွင် ကြိတ်ချေနင်းသတ် ပစ်လိုက်ပါလိမ့်မည်။

မစိုးရိမ်ကြပါနှင့်။ နောင်တမလွန်ဘ၀တွင် ကျွန်တော်တို့ လူသားအားလုံး အနေဖြင့် “ဆင်ကြီးသည် လမ်းကြိတ်စက်ကြီးနှင့်တူသည်” ဟူသည့် အဆိုတစ်ခုတည်းအပေါ် တညီတညွတ်တည်း သဘောတူကောင်း တူသွားနိုင်ပါလိမ့်မည်။

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top