0


(Written By - ရဲမြတ်နောင်)

မုန်းချောင်းဟာ အနောက်ရိုးမအရှေ့ခြမ်း ခန့်မှန်း ချင်းပြည်နယ်အတွင်း မြစ်ဖျားခံပြီး ချီရွာအထက်တွင် ချီချောင်းနဲ့ အောင်းရွာမှာ အောင်းချောင်းများ ပေါင်းစုံစီးဝင်နေပါတယ်။ စေတုတ္တရာအောက် ဆင်းမြီးချောင်းပေါင်းဝင်ပြီး အခြားချောင်းကြီးကြီးမားမား စီးဝင်ခြင်း မရှိပါဘူး။ မဲဇလီမှာ မုန်းဆည်ခံထားပါတယ်။ ယင်းမဲဇလီဆည်အောက်က လယ်ကိုကျောင်းတော်ရာ ငါးကြီးများ အစာကျွေးရာ အောက်ဧရာဝတီထဲ ပေါင်းဝင်ပါတယ်။ ခုဆိုရင် မုန်းဆည်တစ်ခု စေတုတ္တရာအထက်မှာ ထပ်မံတည်ဆောက်ပြီးလို့ မုန်းအနောက် တိုးချဲ့ကြိုးဝိုင်းအတွင်း အပြောင်ရှင်း သစ်ထုတ်ပြီးဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ ဆည်ခံသွားတဲ့အတွက် ရေလမ်းနဲ့ အကုန်အကျ သက်သက်သာသာ သစ်ထုတ်ယူနိုင်တဲ့ ကျွန်းရေမျောလုပ်ငန်း ခက်ခဲသွားပါပြီ။ မုန်းဆည်မတည်ဆောက်မီ ကမ္ဘာ့ဘဏ်စီမံကိန်း ကာလပင် ထုတ်ယူခဲ့ခြင်းမရှိတဲ့ ကျွန်းတန်ထောင်သောင်းမက ထုတ်ယူခဲ့တဲ့ တာဝန်ယူစဉ်က အတွေ့အကြုံကလေးကို တင်ပြချင်ပါတယ်။

စေတုတ္တရာမြို့နယ်ဟာ မင်းဘူးခရိုင် အတွင်းမှာပါ။ ကျွန်းသစ်အရည်အသွေးမှာ မင်းဘူးသစ်ဟာ မြန်မာ့သစ်လုပ်ငန်းရဲ့ ရှေ့တန်းအကောင်းစား ကျွန်းအတန်းအစား Black Strike ခေါ် အနက်စင်းပါတဲ့ သစ်မျိုးထဲကပါ။ ကမ္ဘာ့ဘဏ်ထုတ်ပြီး စီမံကိန်းကာလ ပြီးဆုံးချိန်နောက်ပိုင်း ခက်ခဲဝေးလံတဲ့ သင်းပင်လက်ကျန် ကျွန်းသစ်ကို ခက်ခက်ခဲခဲ ထုတ်ခဲ့ကြပါတယ်။ စေတုတ္တရာမြို့နယ် တောတွင်းသစ်ကွက်က ဧရာဝတီမြစ်ဘေး သစ်ဆိပ်ကို လွှဲအပ်ပြီးမှ တောတွင်းသစ်ထုတ်သူရဲ့တာဝန် ပြီးဆုံးပါတယ်။ သစ်ထုတ်ခြင်းကို လုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်အရ ခုတ်လှဲခြင်း၊ ဆင်ဖြင့်ဆွဲယူစုပုံခြင်း၊ ကားတိုက်၍ သစ်စက်/ဖောင်ဆိပ်ပို့ဆောင်ခြင်းဟူ၍ သာမန်အားဖြင့် လုပ်ငန်းခွဲခြား သတ်မှတ်နိုင်ပါတယ်။

အထက်က တင်ပြခဲ့သလို ကမ္ဘာ့ဘဏ် စီမံကိန်းမှာ ပါဝင်ခဲ့တဲ့ စေတုတ္တရာ သစ်ထုတ်ရေးဒေသ မုန်း၊ မန်းနယ်ယာတောင်ကမ်းကြီးမားပြီး ခက်ခဲဝေးလံတဲ့အတွက် ကျွန်းသင်းပင်ထောင်များကို ကမ္ဘာ့ဘဏ်စီမံကိန်းကာလအတွင်း ထုတ်ယူခြင်း မရှိခဲ့ပါဘူး။ မုန်းနောက် တိုးချဲ့ကြိုးဝိုင်းမှာ အောင်းချောင်းဘေးတစ်လျှောက် လုံးပတ်အတန်းအစား ကြီးမားတဲ့ ကျွန်းပင်တောင် အတော်များများ ကျန်ခဲ့ပါတယ်။ ၀န်ထမ်းများရဲ့ တင်ပြချက်အရ အောင်းချောင်းဘေးက ရင်စို့လုံးပတ်ပေ ၂၀ ကျော် ကျွန်းပင်ကြီးကို စစ်ဆေးခဲ့ဖူးပါတယ်။ ခုတ်လှဲရာဖတ် Felling Direction သဘာဝကိုင်းထက် အနေအထားအရ အောင်းချောင်းထဲ လှဲချရမှာပါ။ Contour မြေမျက်နှာပြင်အတိုင်းလှဲရင် ငြမ်းဆင်ခွံစာထုတ်ဖို့ ခက်ပါတယ်။ သစ်ပါးပျဉ်းကြီး ခံနေတာကြောင့်ပါ။ ခုတ်လှဲသူ အန္တရာယ်ပေးနိုင်တဲ့အတွက် ချန်ပင်အဖြစ် ထားခဲ့ရပါတယ်။ ဒီကျွန်းပင်ကြီးရဲ့ ပင်ခြေရင်း ပတ်ဝန်းကျင်က ခေါင်းမော့ပြီး ကြည့်ရှုစစ်ဆေးခဲ့ရတဲ့ မြင်ကွင်းကို ဒီနေ့အထိ မြင်ယောင်နေမိပါတယ်။ ဒို့တိုင်းဌာန ဒို့မြန်မာပြည်မှာ ဒီလိုစွန့်ထွားကြီးမားတဲ့ မျိုးဆက်ကျွန်းတွေ ပွားများစေချင်တဲ့ စေတသိက်နဲ့ မလှဲဖို့ အမိန့်ပေးခဲ့ပါတယ်။ ဖြစ်နိုင်ရင် ဒီကျွန်းပင်ကြီးရှိရာ သွားကြည့်ချင်တဲ့စိတ်ဟာ ခုချိန်ထိ ရှိနေပါတယ်။

အထက်မုန်းဆည်ကြီး စီမံကိန်းကြောင့် အပြောင်ရှင်းသစ်တော ဧရိယာထဲမှာ ဒီအပင်ဒီတောတွေ ပြောင်ကုန်ပြီလား ကျွန်တော်မသိ၊ ကျွန်တော်မမြင်နိုင်တော့ပါ။ သိမြင်မေ့ပျောက် မရနိုင်တာကတော့ မုန်းနောက်တိုးချဲ့သစ်ကွက်က အောင်းချောင်းဘေး ကုန်းမြင့်တွေမှာ ခေတ္တစုပုံ (ကဲ့ထောက်)ထားတဲ့ ကျွန်းသစ်တွေဟာ အပြည့်ပါပဲ။ အဲဒီ အောက်ယင်းချောင်းနဲ့ အောင်းချောင်းစုံပြီး စီးဆင်းသွားတဲ့ ချောင်းစုံအောက်မှာ “မြောက်ကူးငလှေ” ချောက် ရှိပါတယ်။ ချောင်းနှစ်မြွှာပေါင်းပြီး ဘေးနှစ်ဖက် ကျောက်ဖျာတွေကြောင့် နှစ်ပေ၊ သုံးပေမျှသာရှိတဲ့ ရေတံခွန်အသွင် ဆက်ကားစီးဆင်းပြီး ‘အောင်းရွာ’ အောက်မှာ မုန်းချောင်းနဲ့ ပေါင်းသွားတာပါ။ ဒီမြောက်ကူးငလှေကို ရွာသူရွာသားတွေ ဖြတ်သွားဖြတ်လာသူ ရှားပါတယ်။ ခြေတစ်ဖွားစာသာ လမ်းရှိပြီး ငုံ့ကြည့်ရင် ရေဖွေးဖွေးစီးဆင်းနေတဲ့ အောင်းချောင်းကို မြောင်းငယ်ပမာ မြင်ရပါတယ်။ သိချင်တဲ့စိတ်ကြောင့် တစ်ခါစွန့်စားသွားပြီး ခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် တော်တော်မိုက်ပါလားလို့ ဆုံးမမိပါတယ်။ တန်ဖိုးအနေနဲ့ လက်ရှိသစ်ပုံရှိရာကနေ အောက်ရောက်ဖို့ လမ်းပေါက်၊ ဆင်ဆွဲလို့ မဖြစ်နိုင်ဘူးဆိုတာ ၀န်ထမ်းတွေနဲ့ တင်ပြချက်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပေးနိုင်တာပါပဲ။ ချောင်းတစ်ဖက်တစ်ချက် ကျောက်ဆောင်ကမ်းပါးချွန်ထက် မြင့်မားနေပြီး ယင်းအပေါ်မှာ မျောက်များခုန်ကူးလူး သွားလာနေခြင်းကို ဆင်ဝန်ထမ်းများ မြင်တွေ့ပြီး (မျောက်ကူးငလှေ) လို့ ချောက်ကမ်းပါးကို နာမည်ပေးခဲ့ကြပါတယ်။ ဖြစ်ချင်တော့ အောက်တိုဘာလမှာ မမျှော်လင့်ဘဲ မိုးကြီး သည်းသည်းထန်ထန် ရွာသွန်းခဲ့ပါတယ်။ ဒီမိုးကြောင့် မုန်းနောက်တိုးချဲ့ကြိုးဝိုင်းအောင်းချောင်းဘေး စီရီပုံထားတဲ့ ကျွန်းသစ်အားလုံး အထက်ကဖော်ပြခဲ့တဲ့ မျောက်ကူးငလှေကိုကျော်ပြီး မုန်းချောင်းထဲ မျောပါကုန်ပါတယ်။ ဒီအချိန်က စေတုတ္တရာမှာ မုန်းဆည်မရှိသေးပါဘူး။ ပွင့်ဖြူမဲဇလီဆည်သာ ရှိပါတယ်။ မဲဇာလီကျော်သွားရင် မုန်းချောင်းဟာ ကျောင်းတော်ရာဘေးက ဧရာဝတီမြစ်ထဲ ၀င်သွားပါတယ်။ ကျောင်းတော်ရာငါးကြီးတွေ အစာကျွေးရတဲ့ အောက်ဘက်နားမှာပါ။ အဲဒီအထိ သစ်မျှောမယ်ဆိုရင် ဆုံးရှုံးမှုများပါမယ်။ သစ်ပြန်ရဖို့ ခက်ခဲပါမယ်။ ဒါကြောင့် ချက်ချင်းပဲ တိုင်းမန်နေဂျာ ဦးလွင်စိန် (ဒုအထွေထွေမန်နေဂျာ)နဲ့အတူ ပွင့်ဖြူကနေ မဲဇလီအထိ ပြေးခဲ့ရပါတယ်။ ပဲ့ထောင်နဲ့ မုန်းချောင်းတစ်လျှောက် စစ်ဆေးခဲ့ကြပါတယ်။ မဲဇလီအောက် သစ်မလွန်သေးကြောင်း ခန့်မှန်းတွေ့ရှိ ရပါတယ်။ ဒါပေမဲ့ သစ်ကတော့ စေတုတ္တရာအောက် မဲဇလီအထိ မုန်းချောင်းတစ်လျှောက် ဟိုတစ်လုံး ဒီတစ်လုံး ရေမျောကမ်းတင် ဖြစ်နေပါပြီ။ မျောသမျှ သစ်လုံး ၂၀၀၀-၃၀၀၀ အားပါးတရ သစ်ပုံအနေနဲ့ မတွေ့ခဲ့ရပါ။ တွေ့သမျှကို ပြန်စုပြန်ပုံရပါမယ်။ ဒါကြောင့် ဆင်ကောင်းဦးစီးကောင်း ရွေးထုတ်ပြီး သစ်ထုတ်ရေး တောဝန်ထမ်းတွေနဲ့ စေတုတ္တရာကစကာ မုန်းချောင်းတစ်လျှောက် ရေမျောကမ်းတင် သစ်တွေဆွဲချ ရေမျောရေလိုက်ရပါတယ်။

ယင်းအချိန်က ပခုက္ကူ သစ်ထုတ်လုပ်ရေး ဒေသတာဝန်ခံ ဒု-အထွေထွေမန်နေဂျာ ဦးသိန်းဖေရဲ့ စီစဉ်မှုနဲ့ စလင်းတပ်နယ်က အကြပ်တပ်သားတစ်စုကလည်း ကူညီပေးတဲ့အတွက် ဒီရေမျောသစ်အားလုံးကို မဲဇလီဆည်အထက်က ပြန်လည်စုစည်းပြီး ပုသိမ်မုံရွာလမ်းကနေ မင်းဘူးမြစ်ဆိပ်သို့ ကားတိုက်ဖောင်ဖွဲ့ကာ ရန်ကုန်သို့ ပို့နိုင်ခဲ့ပါတယ်။

မျှောသမျှ သစ်အားလုံး ပြန်ရတဲ့အပြင် ဆုံးရှုံးသစ် မရှိရုံသာမက မုန်းချောင်းတစ်လျှောက် တွေ့ရတဲ့ ကျွန်းမှန်သမျှအားလုံး ရေချပြီး မုန်းချောင်းတွင်း ဆင်တွေနဲ့ မျှောယူခဲ့တာပါ။ မဲဇလီဆည်အထက် သစ်ဆိပ်ဖွင့်စာရင်းသွင်းပြီး ပုသိမ်မုံရွာလမ်းက နေမင်းဘူးမှာ ဧရာဝတီမြစ်ထဲ သစ်ချပြီး ရန်ကုန်ကို ဖောင်ဖွဲ့ပို့ဆောင်နိုင်ခဲ့ပါတယ်။

အဲဒီချိန်က လိုက်ပါကူညီခဲ့တဲ့ စလင်းတပ်နယ် အရာရှိနဲ့တကွ အကြပ်တပ်သား အားလုံးကိုလည်း အထူးကျေးဇူးတင်ရမှာပါ။ တပ်ရင်း ၂၅၃၊ ၂၅၄ တို့ဖြစ်မယ် ထင်ပါတယ်။ စလင်းတပ်နယ်က တပ်မတော်သားတွေ မပါရင် မုန်းချောင်းတစ်လျှောက် သစ်ထုတ်ဝန်ထမ်းတွေ လုံခြုံရေးအပြင် သိုဝှက်ဖွက်ထားကြတဲ့ ကျွန်းသစ်တွေ၊ သောင်ခုံတွေတူး၊ သဲဖုံးထားကြတဲ့သစ်တွေ သိုသောင်ခုံကိုင်းတွေထဲ ဖွက်ဖုံးထားကြတဲ့ကျွန်းတွေ ပြန်ရဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒီလိုပြန်ရဖို့ ရွာစဉ်စည်းရုံးဟောပြော ဥပဒေပုဒ်မ (၆/၁)ရဲ့ အပြစ်ဒဏ်ကအစ ရှင်းလင်းဆွေးနွေးပြီး လိုအပ်သလိုသစ်များ အပ်နှံစေကာ လက်ခံယူခဲ့ကြပါတယ်။ အဲဒီအချိန်အခါက ပွင့်ဖြူ က စေတုတ္တရာအထိ မုန်းချောင်းတစ်လျှောက် အပြန်ပြန်အလှန်လှန် မိုင် (၅၀/၁၀၀) လမ်းလျှောက်ခဲ့ရပေမယ့် ယခုလို အငြိမ်းစားဘ၀မှာ လွမ်းဆွတ်သာမောဖွယ်ရာ ဆောင်ရွက်အောင်မြင်မှုအဖြစ် ဂုဏ်ယူတင်ပြအပ်ပါတယ်။

(၁၉၈၉-၁၉၉၀ ခုနှစ် မုန်းချောင်းတွင် ရေမျောသစ်များကို ရေလိုက်ခြင်း (ဆင်ဖြင့်ချောင်းတွင်းမျှောခြင်း) လုပ်ငန်းခွင်ကို တွေ့ရစဉ်)

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top