Published on: April 5, 2014
Written by: ဥာဏ်ဝင်းရှိန်၊ သက်မင်း
ဧပြီ ၄ ရက် ညနေပိုင်းက လှည်းကူးမြို့မဈေးတွင်ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားရာတွင် ပါဝင်ခဲ့သူ အမျိုးသားသုံးဦးအား လှည်းကူးမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲဆိုတင်ပို့ရန် ချုပ်ရက် ရမန်ရယူထားကြောင်း လှည်းကူးမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကို အကြောင်းပြု၍ လှည်းကူးမြို့တွင် ဧပြီ ၄ ရက် ညနေပိုင်းမှစ၍ တစ်ရာဝန်းကျင်ရှိသည့် လူအုပ်စုက တုတ်၊ ခဲများဖြင့် ဆူပူနေသဖြင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်ထိန်းသိမ်းခဲ့ရပြီး ဆူပူမှုတွင် ပါဝင်ခဲ့သည့် လူနှစ်ဦးအားလက်ရှိတွင် ဖမ်းဆီးထားပြီး ကျန်လူများကို ဆက်လက်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်။
လှည်းကူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးက “မနေ့က ရန်ပွဲစဖြစ်ရာမှာ ပါဝင်ခဲ့တဲ့သူ သုံးဦးကို ဖမ်းဆီးထားပြီး ရမန်ယူထားပါပြီ။ ပြစ်မှုပုဒ်မ-၃၂၄၊ ၃၂၆ နဲ့ သုံးဦးစလုံးကို အမှုဖွင့်အရေးထားပါတယ်။ အုပ်စုဖွဲ့ ဆူပူမှုမှာပါဝင်ခဲ့တဲ့သူ နှစ်ဦးကိုလည်း ပြစ်မှုပုဒ်မ-၄၄၀နဲ့ အရေးယူထားပါတယ်။ နောက်ထပ်ပါဝင်ခဲ့တဲ့သူတွေကိုလည်း ဆက်ဖမ်းဆီးဖို့ ဆောင်ရွက်နေပါတယ်” ဟု ဧပြီ ၅ ရက် နံနက်ပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
အဆိုပါဖြစ်စဉ်မှာ ဧပြီ ၄ ရက်ညနေ ၄ နာရီခန့်က လှည်းကူးမြို့မဈေး အရှေ့ဘက်တန်းတွင် အမိုးအကာချုပ်လုပ်သည့် ဆိုင်ခန်းဖွင့်လှစ်ထားသည့် ရန်နိုင်ပါသုံးဦး နှင့် တစ်ဖက်ဆိုင်ရှိ သက်ပိုင်ဦးနှင့် စကားများ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရန်နိုင်ပါသုံးဦးက တုတ်ဖြင့်ရိုက်ကာ ကတ်ကြေးဖြင့် ထိုးခဲ့သောကြောင့် သက်ပိုင်ဦး၏ ခေါင်းနှင့်မျက်လုံးတို့တွင် ဒဏ်ရာရရှိခဲ့သည်။
ယင်းသို့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဈေးအနီးတွင် လူစုလူဝေးဖြစ်ပေါ်လာပြီး လူအုပ်စုတစ်စုမှ တုတ်၊ ခဲများ ကိုင်ဆောင်ကာ ယင်းနေ့ ည ၉ နာရီခွဲခန့်တွင် နေအိမ်များ၊ ဈေးဆိုင်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် လူအုပ်စုကို ရဲတပ်ဖွဲ့မှ လူစုခွဲထိန်းသိမ်းခဲ့ကာ ဒေသန္တရအမိန့် ပုဒ်မ-၁၈၈ ကို ထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်မှ ဒဏ်ရာရရှိသူ သက်ပိုင်ဦးအား လှည်းကူးမြို့နယ်ဆေးရုံမှတစ်ဆင့် တာမွေမြို့နယ်ရှိ မျက်စိရောဂါအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းပို့အပ်ကုသခဲ့ရာ ၎င်း၏ ဒဏ်ရာအခြေအနေမှာ ဆေးမှတ်တမ်းများအရ “ယာဘက်မျက်လုံးအောက် မျက်ခမ်း ၁.၄ စင်တီမီတာ _၀.၃ စင်တီမီတာ အဆီပြင်ထိနက်ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ၀ဲဘက် ပါးရိုး ၂_၁.၅ စင်တီမီတာရှိ ဖူးရောင်ဒဏ်ရာတစ်ချက်၊ မျက်စိအတွင်း မျက်ဖြူသားပွန်းပဲ့၊ မျက်ကြည်လွှာ ပွန်းဒဏ်ရာ၊ အောက်မျက်ခမ်းရောင် ဒဏ်ရာများရရှိခဲ့ပြီး၊ ယခုစစ်ဆေးချက်များအရ မျက်စိအမြင် အားလုံးကောင်းမွန်နေပြီး မျက်စိအမြင် ဆိုးဆိုးရွားရွားထိခိုက်မှု မရှိနိုင်ပါဟူ၍ ဖော်ပြပြီးကို သက်ပိုင်ဦးမှာ လက်ရှိအချိန်တွင် ဆေးရုံခွင့်ပြုချက်အရ ပြန်လည်ဆင်းသွားပြီဖြစ်ကြောင်းနှင့် တစ်ခုခုဖြစ်ပါက မျက်စိဆေးရုံ အမှောင်ခန်းသို့ ပြန်ပြရန်နှင့် ချုပ်ရိုးဖြေရန်အတွက် ဗုဒ္ဓဟူး(သို့) ကြာသပတေးနေ့တွင် မျက်စိဆေးရုံသို့ ပြသရန်ဟူ၍ ရန်ကုန်ရဲတပ်ဖွဲ့၏ တရားဝင်ဖေ့ဘွတ်စာမျက်တွင် မျက်စိဆေးရုံ၏ ဆေးမှတ်တမ်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
-
လူအုပ်စုမှ ခဲဖြင့်ပစ်ပေါက်မှုကြောင့် ခေါင်းတွင်ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အခင်းဖြစ်ရာ ညကတွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment