Published on: April 26, 2014
Written by: သက်ဆွေ(ပုသိမ်)
ပုသိမ်မြို့နယ် အနောက်ဘက် အနောက်ရိုးမနှင့် ဆက်စပ်နေသည့် ကျေးရွာအချို့နှင့် ငပုတောမြို့နယ်အတွင်း ကျေးရွာအချို့တွင် သောက်သုံးရေပြတ်လပ်မှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ရေရရှိရေးအတွက် နှစ်နာရီ ခန့်ဝေးသည့်နေရာမှ ရေသွားရောက် သယ်ယူနေရကာ၊ အသုံးပြုသူများသဖြင့် ရေလုံလောက်မှု မရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“သောက်ရေမလုံလောက်တာ တစ်လ ၀န်းကျင်လောက်ရှိပြီ၊ ရှိတဲ့ရေတွေက အ၀ါရောင်ရေတွေ ဖြစ်နေတော့ ကျန်းမာရေးဌာနက သောက်ဖို့မသင့်တော့ဘူးပြောတော့ မသောက်ကြဘူး။ ရေရှိတဲ့ရွာကို စက်လှေတွေနဲ့ ရေလမ်းကနေ သွားသယ်ရတယ်။ တစ်ခါရေသွားခပ်ရင် အချိန်တစ်နာရီခွဲ၊ နှစ် နာရီလောက်ကြာတယ်။ပိုဆိုးတာက သောက်သုံးရေ ပေးနေတဲ့ရွာက အ၀ီစိတွင်းစက်တွေက အသုံးများတော့ မကြာခဏပျက်တယ်။ စက်မကောင်းတော့ ရေရဖို့ ပိုကြန့်ကြာတယ်။ နေရာတိုင်းမှာ ထပ်တူးဖို့ဆိုတာကလည်း မလွယ်ဘူး”ဟု ငပုတောမြို့နယ် ကမ္မလာကျေးရွာမှ ဆရာစောပန်းမြိုင်က ပြောကြားသည်။
ငပုတောမြို့နယ်တွင် သောက်သုံးရေ အခက်ခဲဆုံးဖြစ်နေသည့် ကျေးရွာမှာ ကျွန်းကလေးကျေးရွာဖြစ်ပြီး၊ ရွာ ခုနစ်ရွာခန့်မှာ သောက်ရေလုံလောက်မှု မရှိဟု သိရသည်။ အဆိုပါ ကျေးရွာများသည် ပင်လယ်ဝရှိ တောင်ခြေကျေးရွားများဖြစ်ပြီး ပင်လယ်ရေ၀န်းရံကာ မြေအောက်ကျောက်ဖျာများ ရှိနေသဖြင့် အ၀ီစိရေတူးရန်အတွက် အခက်အခဲရှိကြောင်း သိရသည်။ ယင်းကျေးရွာများသို့ ငပုတောမြို့မှ ရေလမ်းခရီး တစ်ခုတည်းသာ သွားလာ၍ရပြီး၊ ရေမိုင်အားဖြင့် မိုင် ၄၀ ကျော် ခန့်ဝေးကြောင်း သိရသည်။
“ဦးဇင်းတို့က ဒီနေ့တော့ ကားသုံးစီးနဲ့ ရေသန့်ဘူးကြီး ၄၀၀ကျော် သွားလှူဖြစ်တယ်။ ခုဆို သွားလှူပေးတာ လေးငါးကြိမ်ရှိပြီ၊ ဦးဇင်းတို့ကတော့ ငွေဆောင်ကားလမ်းပေါ်က ရွာတွေ၊ မော်တင်ကားလမ်းပေါ်ဆို မဏ္ဍပ်ရွာအထိ ရောက်တယ်။ နောက်ငွေဆောင်နဲ့ ချောင်းသာကြား ကားလမ်းက ရွာတွေကို လှူပေးဖြစ်တယ်။ ဒီရွာတွေက တောင်ပေါ်ရွာတွေ သောက်သုံးရေတော်တော်လေး ခက်ခဲနေတယ်။ နောက်ရက်တွေလည်း သွားလှူဖို့ စီစဉ်ထားတယ်”ဟု ပုသိမ်မြို့တိုက်ကြီးကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် ဦးသောဘာဂက မိန့်ကြားသည်။
ငပုတောနယ်အတွင်းရှိ ကျေးရွာများမှာ မူလက သောက်သုံးရေပြတ်လပ်မှု အနည်းငယ် ရှိသော်လည်း စူနာမီငလျင်လှုပ်ခတ်ပြီး နောက်ပိုင်းတွင် နွေအခါသောက်သုံးရေ ပြတ်လပ်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာသကဲ့သို့ ပုသိမ်မြို့နယ်အတွင်းရှိ တောင်ပေါ် ကျေးရွာများမှာ သစ်တောများပြုန်းတီးလာခြင်းကြောင့် မြေအောက်ရေရရှိမှု နည်းပါးလာခြင်းပေါ် အခြေခံကာ ယင်းကဲ့သို့ အခြေအနေများဖြင့် ရင်ဆိုင်လာရခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်က ငပုတောမြို့နယ် ဆင်ကူးကြီးကျေးရွာသို့ လာရောက်ရေလှူဒါန်းနေသည်ကို တွေ့ရစဉ်
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment