Published on: April 27, 2014
Written by: မင်းသီဟဇော်
အခွန်ဥပဒေများနှင့်အညီ အပြည့်အ၀ လိုက်နာထမ်းဆောင်ခြင်းမရှိသည့် အခွန်ထမ်းများနှင့် ပတ်သက်ပြီး ပြည်သူများက အသိပေးတိုင်ကြားနိုင်ပြီး သက်ဆိုင်ရာက လိုအပ်သလို စိစစ်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
အခွန်အပြည့်အ၀ လိုက်နာထမ်းဆောင်ခြင်းမရှိသည့် အခွန်ထမ်းများနှင့် ပတ်သက်၍ တိကျသည့် သတင်းအချက်အလက်များကို ပြည်သူများက အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသို့ ပေးပို့တင်ပြနိုင်ကြောင်း ယင်းသို့တင်ပြလာသည့် အချက်အလက်များကို ပြည်တွင်းအခွန်များဦးစီးဌာနက လုံခြုံမှုအဆင့်အတန်းရှိသောကိစ္စအဖြစ် ထိန်းသိမ်းထားရှိသုံးသပ်ပြီး လိုအပ်သလို စိစစ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ အသိပေးတိုင်ကြား တင်ပြလိုပါက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသို့လည်းကောင်း၊ အီးမေးလ်လိပ်စာ ltomyanmar2014@gamil.com သို့ လည်းကောင်းပေးပို့နိုင်ကြောင်း သိရသည်။
အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၆ နှင့် ၄၇ ဖြင့်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၂၁ နှင့် ၂၂ အရ လည်းကောင်း အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့်ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန် ဥပဒေ ပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားသည်။
အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သောအခွန်ရရှိခြင်း ရှိ မရှိစိစစ်ရန်၊ နိုင်ငံတော်အတွင်း ဆောင်ရွက်နေသည့် ၀န်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်းများမှ အခွန်ကောက်ခံရရှိမှုကို စိစစ်ရန်၊ ရသင့်ရထိုက်သော အခွန်ရရှိရေး၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိ အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှုများကို ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ် မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အခွန်ရှောင်တိမ်းမှုများ လျော့ကျသွားစေရန်အတွက် ဆိုပါက နှစ်စဉ်ထိပ်ဆုံးအခွန်ထမ်းစာရင်းများကို အမှတ်စဉ်ထုတ်ပြန်နေရုံ နှင့်မပြီးဘဲ ကုမ္ပဏီကြီးများအလိုက် အခွန်ပေးဆောင်ထားသည့် ပမာဏ၊ ၎င်းတို့အမြတ်ပြထားသည့် ပမာဏ၊ ၎င်းတို့ပိုင်ဆိုင်သည့် ကုမ္ပဏီများစွာထဲမှ မည်သည့်ကုမ္ပဏီအတွက် ဆောင်သည်ဆိုသော အခွန်ထမ်း ကုမ္ပဏီအမည်၊ အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာစာရင်းများကိုပါ ထုတ်ပြန်ကြေညာသင့်သည်။ ထိုသို့ ထုတ်ပြန်မှသာ တစ်ဦးနှင့် တစ်ဦး နှိုင်းယှဉ်စရာ ရှိလာမည်ဖြစ်ကြောင်းနှင့် မည်သူက မည်မျှ အခွန်ရှောင်နိုင်သည်ကို မှန်းဆနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ ဆောင်သင့်ဆောင်ထိုက်သည့် ပမာဏကို မည်သူကပေး၍ မည်သူက မပေးဆိုသည်ကို ထင်ထင်ရှားရှားသိနိုင်ပြီး အခွန်ပိုမိုရရှိလာမည်ဖြစ်ကြောင်းကိုလည်း အခွန်ထမ်းဆောင်နေသူများက သုံးသပ်ပြောကြားသည်။
“အခုက ထိပ်ဆုံးအခွန်ထမ်းစာရင်းကို ကုမ္ပဏီအမည်ပဲ ထုတ်တယ်။ ပမာဏမပါ ဘူး။ တကယ်ထုတ်ပြန်သင့်တာက ကုမ္ပဏီအမည်၊ ဒါရိုက်တာအမည်၊ အမြတ် ဘယ်လောက်ပြတယ်၊ ဘယ်လောက် အခွန်ဆောင်တယ်ဆိုတာ ထုတ်ပြန်ပေးရမှာ။ နောက်တစ်ချက်က ဘယ်ကုမ္ပဏီအမည်အတွက် ဆောင်တယ်ဆိုတာပါ ထုတ်ပြန်ရမယ်။ အခုက တစ်ယောက်တည်းနဲ့ ကုမ္ပဏီအများကြီး ပိုင်ဆိုင်လုပ်ကိုင်တယ်။ အခွန်ကို ကုမ္ပဏီ တစ်ခု၊ နှစ်ခုပဲ ဆောင်တယ်။ ဒါမျိုးတွေရှိလို့ ဘယ်ကုမ္ပဏီအတွက်ဆိုတာပါ ထုတ်ပြန်ရမှာ။ ဒါမှ တစ်ဦးနဲ့ တစ်ဦးနှိုင်းယှဉ်စရာရမယ်။ ကုမ္ပဏီအမည်ပဲ ထုတ်ပြန်တဲ့အတွက် ဘယ်သူ ဘယ်လောက် ဆောင်တယ်ဆိုတာ တစ်ဦးနဲ့ နှိုင်းယှဉ်ဖို့ခက်တယ်။ ဥပမာ-ကျွန်တော်တို့Eleven Media Group က ဘယ်လောက်ဆောင်တယ်။ 7 Days က ဘယ်လောက်ဆောင်တယ်။ ရွှေသံလွင် Sky Net က ဘယ်လောက်ဆောင်တယ်၊ Forever က ဘယ်လောက်ဆောင်တယ်။ ဒီလိုထုတ်ပြန်မှ နှိုင်းယှဉ်လို့ရမယ်။ ရုပ်သံမီဒီယာနဲ့ ပုံနှိပ်မီဒီယာ အဆပေါင်းများစွာ ၀င်ငွေကွာတဲ့နေရာမှာ ပုံနှိပ်မီဒီယာတွေက ဘယ်လောက်ဆောင်ပြီး ရုပ်သံမီဒီယာတွေက ဘယ်လောက်ပဲ ဆောင်တယ်ဆိုတာ နှိုင်းယှဉ်လို့ ရတာပေါ့။ ဒီလိုပဲ အာရှတော်ဝင်က ဘယ်လောက်ဆောင်ပြီး SSC က ဘယ်လောက်ဆောင်တယ် ဆိုတာမျိုးတွေကအစ ထုတ်ပြန်မှ တစ်ဦးနဲ့တစ်ဦးနှိုင်းယှဉ်လို့ရမယ်။ ဆောင်သင့်ဆောင်ထိုက်တဲ့ ပမာဏ ဆောင် မဆောင်သိရမယ်။ ဒီလိုထုတ်ပြန်မှ အခွန်ရှောင်တဲ့သူ နည်းပါးသွားမှာပါ။
အခွန်ရှောင်နိုင်တဲ့ ကုမ္ပဏီတွေရဲ့ အခွန်ပေးဆောင်မှုကိုလည်း မီဒီယာတွေ သိချင်ရင်ကြည့်ရှုခွင့် ပေးရမယ်။ ဒီလိုဖော်ပြမှ အခွန်တကယ်ရမှာပါ” ဟု Eleven Media Group ၏ MD ဒေါက်တာ သိန်းမြင့်က သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံတွင် အခွန်ရှောင်သည့် စီးပွားရေးလုပ်ငန်း အများအပြားရှိနေဆဲဖြစ်ပြီး အခွန်ဝန်ထမ်း အသိုင်းအ၀ိုင်းအတွင်း လာဘ်ပေးလာဘ်ယူပြုလုပ်သောကြောင့် အရေးယူမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ပန်းဆိုးတန်းလမ်းရှိ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment