၂၀၁၄ ဧပြီလ ၁၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည့် မြန်မာတို့၏ အတာသင်္ကြန်ပွဲတော်ကတော့ ပြီးဆုံးသွားလေပြီ။ မြန်မာသက္ကရာဇ် ၁၃၇၅ နှစ်ဟောင်းကုန်ဆုံး၍ ၁၃၇၆ နှစ်သစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ နေ့သစ်တစ်ခု၏ နံနက်ခင်းသည် မင်္ဂလာအရှိဆုံးအချိန်၊ စိတ်ချမ်းသာစရာ အကောင်းဆုံး၊ ရွှင်လန်းတက်ကြွစရာ အကောင်းဆုံးအချိန် ဖြစ်သလို နှစ်သစ်တစ်ခု၏ အစသည်လည်း စိတ်သစ်လူသစ်၊ ရည်မှန်းချက်အသစ်၊ မျှော်လင့်ချက် အသစ်အသစ်များဖြင့် ရွှင်လန်းတက်ကြွစရာ အကောင်းဆုံး မင်္ဂလာအချိန်ပင်ဖြစ်သည်။
သို့သော် မြန်မာတို့၏ နှစ်ဟောင်းမှ နှစ်သစ်အကူး အချိန်အခါသည် မင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံခဲ့သည့် နှစ်သစ်အချိန် အခါသမယ မဖြစ်လာနိုင် ခဲ့သည်မှာ ၀မ်းနည်းစရာပင် ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဇွန်မှ စတင်ဖြစ်ပွားခဲ့သော အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော်အကြား ပဋိပက္ခသည် နှစ်ဟောင်းမှ နှစ်သစ်အကူး သင်္ကြန်ပွဲတော်အချိန် အခါတွင် တင်းမာမှုများ အရှိန်မြင့်တက်ခဲ့ပြီး တိုက်ပွဲများ ဆက်တိုက်ဆိုသလို ပြန်လည် ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးအပြီး နှစ်ရက်အကြာတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းမှာ အံ့သြစရာပင်ဖြစ်သည်။ ရှေ့မှာ လက်ဆွဲနှုတ်ဆက်နေကြရင်း နောက်ကျောမှ တစ်ယောက်ကိုတစ်ယောက် ဓားနှင့်ထိုးရန် ကြိုးစားသကဲ့သို့ ၀ိရောဓိ ဖြစ်လွန်းလှသည်။ တစ်နိုင်ငံလုံးအနှံ့ ပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် ရေသဘင်ပွဲတော် အချိန်အခါအတွင်း ရေပက်ကစားနေကြရမည့်အစား အသက်ဘေးမှလွတ်အောင် ပြေးလွှားပုန်းရှောင် နေကြရသည့် စစ်ဘေးရှောင် ပြည်သူများ၏ ဘ၀မှာ ကိုယ်ချင်းစာကြည့်ရန်ပင် မလွယ်သော အရာဖြစ်သည်။
"အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ တုံ့ပြန်တာဟာ ကိုယ့်ရဲ့စိတ်ပိုင်း၊ အသိဥာဏ် ပိုင်းကင်းမဲ့မှုကို ၀န်ခံရာ ရောက်တဲ့အပြင် မဆုံးနိုင်တော့တဲ့ ဒုစရိုက်စက်ဝိုင်းကြီးကို စလိုက်သလိုသာ ဖြစ်စေနိုင်တယ်" ဟု အကြမ်းမဖက်ရေးဝါဒဖြင့် သူတော်စင်တစ်ဦးအဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့သည့် မဟတ္တမဂန္ဒီ ပြောခဲ့ဖူးသည်။ အမြင်မတူမှုများအပေါ် စားပွဲပေါ်တွင် ညှိနှိုင်းအဖြေမရှာကြဘဲ အကြမ်းဖက်မှုဖြင့် အဖြေရှာရန်ကြိုးပမ်း နေခြင်းသည် ငြိမ်းချမ်းရေးဆိုသည့် ပန်းတိုင်နှင့် ဝေးသထက်ဝေးသွားရဖို့သာ ရှိပေတော့မည်။ တစ်ဖက်နှင့် တစ်ဖက် နားလည်မှုနှင့်မဟုတ်ဘဲ အကြောက်တရားဖြင့် တည်ဆောက်ထားသော ငြိမ်းချမ်းရေး ဆိုသည်မှာလည်း အချိန်ကြာမြင့်စွာ တည်မြဲရိုး ထုံးစံမရှိခဲ့ပေ။
ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်နစ်နာ ခဲ့ရသည်မှာ တစ်ချိန်က အရှေ့တောင်အာရှ၏ အလားအလာ အကောင်းဆုံး နိုင်ငံအဖြစ်မှ အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ်သို့ သက်ဆင်းသွားရခြင်းမှာ သက်သေပင်ဖြစ်သည်။ အိမ်နီးချင်း နိုင်ငံများနှင့်ပင် မယှဉ်နိုင်လောက်အောင် ချွတ်ခြုံကျသွားခဲ့ရသည်။ တိုင်းပြည်စီးပွားရေး အကြီးအကျယ် ကျဆင်းပြီး မတည်ငြိမ်သော ဒေသများတွင် ဖွံ့ဖြိုးရေးနောက်ကျ၊ သယံဇာတများ အကြီးအကျယ်ပြုန်းတီးနှင့် ဆုံးရှုံးမှုများမှာ ပြောမကုန်အောင်ပင် ရှိလှသည်။ အခွင့်အရေးကောင်းတွေ ရှိလာသော ယခုအချိန်တွင်မှာမှ စစ်မှန်သော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် စိတ်ထားမှန်ကန်စွာဖြင့် အားသွန်ခွန်စိုက် မကြိုးပမ်းဘူးဆိုလျှင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဆိုသည်မှာ လက်လှမ်းမမီနိုင် လောက်အောင်ကို ဝေးသွားတော့မည်ဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် ပါဝင်သော အဖွဲ့အစည်းများ အားလုံးအနေဖြင့် အမြင်မတူမှုများ၊ အမုန်းတရားများ၊ သံသယများကို နှစ်ဟောင်းတွင် ချန်ရစ်ထားခဲ့ပြီး မြန်မာတို့၏ မင်္ဂလာရှိသော နှစ်သစ်အခါသမယတွင် ငြိမ်းချမ်းရေးချိုးငှက် ပျံသန်းနိုင်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းပေးကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Subscribe to:
Post Comments (Atom)
Post a Comment