Published on: April 26, 2014
Written by: ထွန်းလင်းအောင် (မြစ်ကြီးနား)
ကချင်ပြည်နယ် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော် စသည်မြို့များတွင် လူဦးရေ၃၀၀ အထက်မှာရှိသည့် ဒုက္ခသည်အများစုမှာ သောက်ရေနှင့် သုံးရေ လိုအပ်ချက်မြင့်တက်နေကြောင်း စုံစမ်းသိရသည်။
ယင်းရေလိုအပ်ချက်မှာ ဧပြီလဆန်းမှ စတင်လာခြင်းဖြစ်ပြီး ခက်ခဲသော အခြေအနေသို့ ရောက်နေလာကြောင်း သိရသည်။ရွှေ့ပြောင်းဒုက္ခသည် ၈၀၀ ကျော်ခိုလှုံနေသည့် ဗန်းမော်၊ ဖန်းခါးကုန်း ဒုက္ခသည်စခန်း တာဝန်ခံ ဦးဇော်ဘောက်က “သောက်ရေ ခပ်ရတာကတော့ အခုပိုဒုက္ခရောက်လာတယ်။သုံးမိုင်လောက်ဝေးတဲ့ ရောဘတ်ဘုရားကျောင်းမှာ သုံးဘီးနှင့် သွားခပ်နေတာ။ အဲဒီမှာလည်း ရေခန်းကုန်တယ်။ ဒီအခက်အခဲက နှစ်တိုင်း ကြုံနေရတယ်။ အခြားလူများတဲ့ စခန်းတွေမှာလည်း လိုနေတာရှိတယ်။ အထက်ကိုတော့ တင်တာကြာပြီ ဘာမျှမလုပ်ပေးသေးဘူး”ဟု The Daily Eleven သို့ ပြောကြားသည်။
မြစ်ကြီးနား၊ ၀ိုင်းမော်မြို့များတွင်ရှိသော ရွှေ့ပြောင်းဒုက္ခသည် တစ်ထောင်ဝန်းကျင် နေထိုင်သည့် ဒုက္ခသည်စခန်းများမှာ သောက်ရေသာမက သုံးရေပါ ခက်ခဲဝေးလံစွာ သယ်ယူနေရပြီး နံနက်စောစောတွင် ဦးရာလူစနစ်ဖြင့် လုယက်ခပ်ယူနေခြင်း၊ လူမှုရေး အငြင်းပွားမှုများပင် ဖြစ်ပေါ်နေခြင်း၊သုံးရေများအတွက် တစ်မိုင်ကျော်ဝေးသည့် ဧရာဝတီမြစ်ရေကို အသုံးပြုနေရခြင်းများ ရှိနေကြောင်း သိရသည်။ လူဦးရေနှစ်ထောင်ခန့် ခိုလှုံနေသော ၀ိုင်းမော်၊ မိုင်းနား KBC နှစ်ခြင်းစခန်းမှ တာဝန်ခံ ဦးခေါင်ဒေါင်က “သောက်ရေက ရေတွင်းပဲ အားကိုးရတာ။မနက်ပိုင်းမှာ လုခပ်နေရလို့ အလှည့်ကျစနစ် ကျင့်သုံးရတယ်။ ညနေပိုင်းက သောက်ရေမရတဲ့ အဆင့်ပါပဲ။ လူနှစ်ထောင်မှာ ရေတွင်း ခုနစ်တွင်းရှိတယ်။ ရေတွင်းအသစ် နှစ်တွင်း ပြန်တူပေမယ့် ခပ်လွန်းလို့ မကြည်နိုင်တော့ဘူး။ ကူညီမယ်လို့လည်း ဘာသတင်းမှ မကြားရသေးဘူး”ဟု ဆိုသည်။
ကချင်ပြည်နယ် ဒုက္ခသည်စခန်းများ ရေလိုအပ်ချက်များကို ကူညီရန် ကချင်ပြည်နယ် ကြက်ခြေနီအသင်းနှင့် အော့စ်ဖန်း၊ ယူအင်န် ဒီပီ စသည့် လူမှုအဖွဲ့အစည်းများနှင့် ယနေ့ဆွေးနွေးခဲ့ပြီး လူသုံးရာအထက် နေထိုင်သောစခန်းများကို ရေလိုအပ်ချက်ရှိ၊ မရှိ ချက်ချင်း ကွင်းဆင်းလေ့လာသွားပြီး ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ် ကြက်ခြေနီအသင်း၏ ပထမတန်းဦးစီးအရာရှိ ဦးဂဲနစ်က “စခန်းတွေမှာ ရေလိုနေတာကို ဒီနေ့ပဲ အောစ်ဖန်းရုံးမှာ လူမှုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးကြတယ်။ မြစ်ကြီးနား၊ ၀ိုင်းမော်မှာ ရှစ်ခုနှင့် ၁၀ မှာရှိမယ်လို့ မှန်းရတယ်။ ဗန်းမော်ကတော့ ကျွန်တော်တို့အပိုင်းမှာ မပါဘူး။ ပြည်နယ်ကြက်ခြေနီက လူအင်အား၊ ပစ္စည်းအင်အားရှိပေမယ့် (Running Cost ) ကုန်ကျစရိတ် မတတ်နိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်က ဒိန်းမတ်ကြက်ခြေနီက ရေပုံးအပါအ၀င် သိန်းသုံးရာကုန်တယ်။ ဒီနှစ်တော့ ရေပုံးဖိုးတွေ မပါရင် သိန်းတစ်ရာကျော် နှစ်ရာ အောက်ဆိုရင် လောက်ငမယ်လို့ အကြမ်းဖျင်းတွက်ထားပါတယ်။ ဒီနှစ်တော့ အလှူရှင်တွေက ကမ်းလှမ်းတာတွေ မရှိသေးဘူး။ဆက်သွယ်တုန်းပဲ ရှိသေးတယ်”ဟုပြောကြားသည်။
ကချင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် နွေရာသီရောက်တိုင်း သောက်ရေရှားပါးမှု၊ မလုံလောက်မှု၊ သုံးရေရှားပါးမှုကို နှစ်စဉ်ကြုံ တွေ့နေရပြီး ကေအိုင်အို၊ ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းရှိ စခန်းများတွင်လည်း
အလားတူ လိုအပ်ချက်များရှိနေကြောင်း သိရသည်။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့ မိုင်းနား RC ဒုက္ခသည်စခန်းတွင် သောက်ရေခပ်နေသူများကို ဧပြီလဆန်းက တွေ့ရစဉ်
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment