0


Published on: April 26, 2014
Written by: ဝေလင်း(ပြည်)

သတင်းမီဒီယာလွတ်လပ်ခွင့် ရရှိရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်မြို့ခံ သတင်းထောက်များထဲမှ မဇ္ဈိမသတင်းဌာနမှ ကိုရေခဲအား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုလိုက်ကြောင်း ပြည်မြို့ မြို့မရဲစခန်းမှ သိရသည်။
“ကျွန်တော်တစ်ဦးတည်းကို တရားစွဲလိုက်တာ ကျွန်တော်တို့ နိုင်လိုက်တာပါ။ ပုဒ်မ ၁၈ ကြောင့် မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ကျွန်တော်တစ်ဦးတည်းကို တရားစွဲတာဖြစ်ပါတယ်။ ဒီလိုတရားစွဲလိုက်တာက ပုဒ်မ ၁၈ ကို အနိုင်ရလိုက်သလို ကိုဇော်ဖေ လွတ်မြောက်ရေးအတွက် အာဏာပိုင်တွေဘက်က ထောက်ခံပေးလိုက်သလို ဖြစ်နေတယ်။ အခုလို ဆန္ဒဖော်ထုတ်လိုက်ရတဲ့အတွက် ကျေနပ်တယ်။ နောင်ကိုလည်း သတင်းထောက်တွေက မတရားတာဆို ခေါင်းငုံ့မခံဘူးဆိုတာ သူတို့သိသွားတာပေါ့”ဟု ကိုရေခဲက ဆိုသည်။

ဧပြီ ၂၅ ရက်က ပြုလုပ်ခဲ့သည့် ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ပြည်မြို့ခံသတင်းထောက် ၁၅ ဦးခန့်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများထဲမှ ကိုရေခဲကို တရားစွဲလိုက်ခြင်းဖြစ်ပြီး (ပ)နံပါတ် ၂၂၁။ ၂၀၁၄ ဖြင့် မြို့မစခန်းမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ်၍ ဧပြီ ၂၆ ရက်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဥပဒေကြောင်းအရကတော့ အမြဲချိုးဖောက်ခံနရတာပါပဲ။ လွှတ်တော်ထဲမှာက ပြင်ထားတယ်ပြောတယ်။ ပုဒ်မ ၁၈ မရှိတော့ လို့ပြောတယ်။ ခွင့်ပြုမိန့်မလိုဘူး ငါးရက် ကြိုအကြောင်းကြားရုံပါပဲ လို့ပြောတယ်။ ဒါပေမဲ့ အခုချိန်ထိ ပြင်ထားတဲ့ဥပဒေကို တရားဝင် မကြေညာသေးတော့ အကုန်အဆွဲခံနေရတယ်။ ခွင့်ပြုမိန့်ချပေးချင်တော့လည်း ပေးချင်တဲ့ဟာကို ပေးတယ်။ မပေးချင်တာကို မပေးဘူး။ ပုဒ်မ ၁၈ ကလည်း ဆွဲချင်သူကို ဆွဲတယ်။ မဆွဲချင်သူကို မဆွဲဘူး ဘာနဲ့တူနေလဲဆိုတော့ ပေါက္ခရ၀ဿမိုးလိုဖြစ်နေတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောကြားသည်။

ယင်းသို့ ပုဒ်မ ၁၈ ဖြင့် သတင်းထောက်တစ်ဦးအား တရားစွဲဆိုခြင်းမှာ ပြည်မြို့တွင် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး တရားစွဲဆိုခံရသူ ကိုရေခဲမှာ စခန်းသို့ ကိုယ်တိုင်သွားရောက်၍ ခံဝန်ထိုးထားကြောင်း သိရသည်။

မဇ္ဈိမသတင်းဌာနမှ ကိုရေခဲ (ဗီနိုင်းကိုင်ထားသူ)အား ဧပြီ ၂၅ ရက် ဆန္ဒပြမှုတွင် တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top