ရန်ကုန်၊ မတ် ၂၆
နိုင်ငံရေးပါတီ တည်ထောင်ထားသော်လည်း ရွေးကောက်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု ပြောဆိုထားသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ယခုနှစ် ပွင့်လင်းရာသီတွင် ကျင်းပပေးမည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် ပါတီညီလာခံက ဆုံးဖြတ်လိုက်ကြောင်း SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က The Voice သို့ ပြောကြားသည်။
မတ်လ ၂၄ ရက်မှ ၂၆ နေ့ထိ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် သုံးရက်တိုင် ပြုလုပ်ခဲ့သော SNLD ပါတီ ညီလာခံတွင် အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပါတီသို့ တက်ရောက်လာသော ပါတီဝင်များ ဆွေးနွေးချက်များအရ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် လာမည့် ရွေးကောက်ပွဲများကို မူသဘောအရ ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့က မူအရ ဝင်ရောက် ယှဉ်ပြိုင်ဖို့ကို လက်ခံတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲတွေ ဘယ်လောက်အထိ တရားမျှတမှု ရှိမရှိ အပေါ်မှာ အဓိက မူတည်ပါတယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင် ရွေးကောက်ပွဲ တရားမျှတရေးသည် အခြေခံ ဥပဒေ ပြင်ဆင်သည့် အတိုင်းအတာ အပေါ်တွင် မူတည်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
SNLD ပါတီကို ၁၉၈၈ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ် ၂၃ နေရာတွင် အနိုင်ရရှိခဲ့သော်လည်း၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများတွင် ပြန်လည် မှတ်ပုံတင်ခြင်း မရှိဘဲ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်းလည်း မရှိခဲ့ပေ။
ထို့နောက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD ပါတီ) သည် ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် ပြန်လည် မှတ်ပုံတင်ခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရေးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို စောင့်ကြည့်ရန် လိုအပ်ကြောင်း အဆိုပါ ပါတီမှ ထုတ်ပြန်ထားသည်။
ယင်းသို့ သုံးရက်တိုင် ပြုလုပ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်စုံ ပါတီညီလာခံတွင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေးသာမက ရှမ်းနှစ်ပါတီ ပူးပေါင်းရေး လုပ်ငန်းစဉ်များ ကိုလည်း ဆွေးနွေးခဲ့ကြောင်း SNLD ပါတီမှ သိရသည်။
အလားတူ တိုင်းရင်းသားပါတီ ၁၅ ခုမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်မရှိ လစ်လပ် မဲဆန္ဒနယ်များကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
Aye Chan Mon# Credit To :The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.