ကိယက်ဗ်၊ မတ် ၂၆
ကရိုင်းမီးယား အရေးအခင်းအတွက် ရုရှားနှင့် စစ်ရေးတင်းမာမှု ဖြစ်ပေါ်လျက်ရှိသော ယူကရိန်းနိုင်ငံ၏ သမ္မတအိုလက်ခ်ဆန်ဒါ တာချီနော့ဗ်က ယူကရိန်းနှင့် NATO တို့ ပူးတွဲစစ်ရေး လေ့ကျင့်ရန်အတွက် ပါလီမန် ခွင့်ပြုချက် ရရှိရန် အဆိုတင်သွင်းထားကြောင်း IB Times သတင်းတစ်ရပ်က ဖော်ပြထားသည်။
ယူကရိန်း သမ္မတသည် မကြာသေးခင်ကပင် စစ်တပ် အကြီးအကဲကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် နောက်ထပ်တစ်ဦးကို အသစ်ခန့်အပ် ခဲ့သေးသည်။
သမ္မတ၏ တောင်းဆိုချက်ကို ယူကရိန်း ပါလီမန်က ခွင့်ပြုလိုက်လျှင် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတပ်များ ကရိုင်းမီးယားဒေသကို သိမ်းပိုက်ထားသော ရုရှားစစ်တပ်နှင့် အနီးဆုံးနေရာကို ရောက်ရှိ လာမည် ဖြစ်သည်။
“ကျွန်တော်တို့ လိုအပ်တာကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံမှုပါ။ ယူကရိန်း တပ်မတော်ကို ပြင်ဆင် ခေတ်မီအောင် ပြုလုပ်ဖို့အတွက် နည်းပညာနဲ့ စစ်ရေးအရ ထောက်ပံ့မှုတွေ လိုပါတယ်။ တိုက်ခိုက်ဖို့အတွက် သက်သက်သာ မဟုတ်ပါဘူး။ အောင်ပွဲရယူဖို့ပါ ဖြစ်ပါတယ်” ဟု ယူကရိန်း ဝန်ကြီးချုပ် အာဆင်နီယက် ဆန်ယက်က်က CNN ကို ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာတီမာပူတင်၏ အဓိက ရည်ရွယ်ချက်မှာ ယူကရိန်းအစိုးရကို တရားဝင် အသိအမှတ်ပြု မခံရအောင် လုပ်ဆောင်လိုခြင်း ဖြစ်ပေရာ ယူကရိန်းအနေနှင့် ယခုအချိန်တွင် အကူအညီ အထူးလိုအပ်နေသည်ဟု ယူကရိန်း အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီမှ အတွင်းရေးမှူး အန်ဒရီပါရူဘီက ပြောကြားသည်။
ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီး အိုက်ဟော်တန်ယက်က်ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး အသစ်ထပ်မံ ခန့်အပ်လိုက်သည်။
ခန့်အပ်လိုက်သူမှာ ယခင် ကရိုင်းမီးယားဒေသတွင် နယ်ခြားစောင့်တပ် အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးသည့် မီခါလီယိုကိုယယ် ဖြစ်သည်။
“အပြောင်းအလဲ တစ်ခုခုပြုလုပ်မှ ရတော့မှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အချင်းချင်း ဝေဖန်ချိုးဖဲ့နေရမယ့် အချိန်မဟုတ်ပါဘူး။ လူတိုင်း ညီညွတ်ကြရမှာ ဖြစ်ပါတယ်” ဟု ယူကရိန်း လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ယူရီဒီယက်ဗ်ယန်ကိုက ပြောကြားသည်။
ယူကရိန်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုဖြစ်သော ကရိုင်းမီးယားဒေသတွင် ရုရှားက ထောက်ခံသော လူထုဆန္ဒ ခံယူပွဲပြုလုပ်ခဲ့ကာ ယင်းလူထု ဆန္ဒခံယူပွဲရလဒ်က ကရိုင်းမီးယားကို ယူကရိန်းမှ ခွဲထွက်ကာ ရုရှားဘက် ပေါင်းသွားစေမည် ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ယင်းရလဒ်ကို လက်မခံခဲ့ကြပေ။
ကရိုင်းမီးယားဒေသမှ ယူကရိန်း ရေတပ်စခန်းကိုလည်း ရုရှားတပ်များနှင့် ကရိုင်းမီးယား ပြည်သူ့စစ်များက ဝင်ပြီး သိမ်းလိုက်ကြကာ ယူကရိန်း ရေတပ်အကြီးအကဲကိုလည်း ထိန်းသိမ်းထားခဲ့သည်။
Aye Chan Mon# Credit To : The Voice Weekly> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia
Post a Comment