Published on: March 27, 2014
ယူနတီဂျာနယ် သတင်းထောက်များကို တရားစွဲဆိုရန် သမ္မတရုံးက ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း တရားလို ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၏ တရားရုံးထွက်ဆိုချက်များအရ သိရသည်။
ပြီးခဲ့သည့် မတ် ၁၇ ရက်က မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်တရားရုံးတွင် စစ်ဆေးခဲ့သော ယူနတီဂျာနယ်အမှု ငါးကြိမ်မြောက် ရုံးချိန်းတွင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးချုပ် ဦးလှထွန်း လက်မှတ်ရေးထိုးလျက် ယူနတီဂျာနယ်အား တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုရန်၊ ၎င်းအား တရားလိုအဖြစ် အမှုဖွင့် ဆောင်ရွက်သွားရန် တာဝန်ပေးအပ်သည့်စာကို လက်ခံရရှိခဲ့ပြီး ပေါက်မြို့မရဲစခန်း၌ စာဖြင့်ရေးသားပြီး အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
The Daily Eleven က စုံစမ်းပြီး ထပ်မံသိရှိခဲ့သော အချက်အလက်များအရ ယူနတီဂျာနယ် သတင်းထောက်များကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေဖြင့် အရေးယူနိုင်ရန်နှင့် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးအား တရားလိုအဖြစ် အမှုဖွင့်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လမ်းညွှန်ခဲ့ခြင်းဖြစ်ပြီး ထိုလမ်းညွှန်ချက်အား နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက လက်မှတ်ရေးထိုး ပေးပို့ခဲ့ခြင်းဟု သိရသည်။
ဇန်န၀ါရီ ၂၃ ရက်ထုတ် ယူနတီသတင်းဂျာနယ်၌ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက်ဓာတုလက်နက်စက်ရုံ” သတင်းဆောင်းပါး ဖော်ပြခဲ့ပြီး ထိုသတင်းဆောင်းပါး နှင့် ပတ်သက်၍ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းနှင့် သတင်းထောက် လေးဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ဖမ်းဆီးခဲ့သူများကို ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော အစိုးရလျှို့ဝှက်ချက် ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အမှုအတွက် ပထမဆုံး ရုံးချိန်းကို ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ခဲ့ပြီး တရားလိုပြသက်သေ ၄၀ ဦးကို ဦးစွာစစ်ဆေးလျက်ရှိကာ မတ် ၁၇ ရက်တွင် ငါးကြိမ်မြောက်အဖြစ် ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ယူနတီဂျာနယ် သတင်းထောက်များအား ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းကို နိုင်ငံတကာ ဂျာနယ်လစ်အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
ထို့အတူ သမ္မတရုံးနှင့် နီးစပ်မှုရှိသည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အား ယူနတီဂျာနယ် သတင်းထောက်များကိစ္စရပ်ကို ကြားဝင်ဖြေရှင်း ဆောင်ရွက်ပေးရန် Eleven Media Group က စာပေးပို့ ခဲ့သော်လည်း အကြောင်းပြန်ကြားခဲ့ခြင်း မရှိပေ။
နိုင်ငံတကာဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က မတ် ၁၇ ရက်တွင် သမ္မတဦးသိန်းစိန်ထံသို့ စာပို့ခဲ့ကာ မြန်မာနိုင်ငံ၌ စာနယ်ဇင်းလွတ်လပ်ခွင့် တဖြည်းဖြည်း ဆုံးရှုံးလာပြီး ယူနတီဂျာနယ် သတင်းထောက်များအား တရားစွဲဆိုမှု၊ နိုင်ငံခြားသတင်းထောက်များကို ပြည်ဝင်ခွင့်သက်တမ်း လျှော့ချခြင်းနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ခြင်းများသည် ယခင်အစိုးရလက်ထက် စာနယ်ဇင်းများအပေါ် ဖိနှိပ်မှုနှင့် ဆင်တူလာသည်ကို ပြသနေကြောင်း ပြောကြားခဲ့သည်။
Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/
Post a Comment